တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ညွန့်ပေါင်းသတင်းလွှာ။ ယမုန်နာဆေးခန်း။ ၁၉၉၀ ရွေးကောက်ပွဲ။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ပုလဲသွယ်၊ နိုင်ငံရေး-စာမျက်နှာ။

Monday, March 2, 2009

ချင်းအမျိုးသားများ၏နိုင်ငံရေးလူပ်ရှားမှုသမိုင်း၊ ကျင့်ရှင်းထန်။

CRPP ၏ (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများစာအုပ် ကောက်နုတ်စာ။

ချင်းအမျိုးသားများ၏နိုင်ငံရေးလူပ်ရှားမှုသမိုင်း၊ ကျင့်ရှင်းထန်။

နိဒါန်း

ချင်းလူမျိုးတို့သည် ရှေးပဝေသဏီခေတ်မှစ၍ ယခုအများစုနေထိုင်လျက်ရှိသော ချင်းတောင်တန်းပေါ်တွင် မှီတင်းနေထိုင်ကြသည်။ အချို့သော ချင်းအမျိုးသားများသည် မြေပြန့်တွင်လည်းနေထိုင်ကြသည်။ ချင်းအမျိုးသားတို့သည် တိဗက်-မွန်ဂို(Tibecto-Mongolian) မျိုးနွယ်စုဖြစ်သည်ဟု အဆိုရှိသည်။ ၄င်းတို့သည် မိမိတို့ကိုယ်မိမိ “ဇိုမီး”ဟု ခေါ်ကြသော်လည်း အများက ချင်းအမျိုးသားဟု သိရှိ နားလည်ကြသည်။ ချင်းအမျိုးသားများသည် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ်အခြာအာဏာပိုင်နှင့် ကိုယ့်နည်းကိုယ့်ဟန်၊ ကိုယ့်စနစ်ဖြင့် နေထိုင်လာခဲ့သည်မှာ ရှေးပဝေသဏီကပင်ဖြစ်သည်။

အင်္ဂလိပ်တို့သည် အိန္ဒိယနိုင်ငံ အာသံ Assam ပြည်နယ်ထိ သိမ်းပိုက်ပြီး၊ နှစ်ပေါင်းအတော်ကြာမှ (၁၈၈၅)ခုနှစ်တွင် မြန်မာနိုင်ငံကို အပြီး သိမ်းပိုက်ခဲ့သည်။ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကို သိမ်းပိုက်ပြီးသောအခါ နယ်ချဲ့အင်္ဂလိပ်တို့သည် ၄င်းနှစ်နိုင်ငံအကြားမှာရှိသော ချင်းဒေသသို့လည်း သိမ်းပိုက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း (၁၈၉၂)ခုနှစ်ကျမှ ထိုးဖောက်နိုင်ခဲ့ပါသည်။ သို့သော် ချင်းစော်ဘွား ပူထွမ်ထောင်း၊ ပူကိုင်တွ၊ ပူခိုင်ကမ်းတို့ခေါင်းဆောင်သောအဖွဲ့မှ တွန်းလှန် တိုက်ခိုက်သဖြင့် အင်္ဂလိပ်တို့ အုပ်ချုပ်နိုင်ခြင်းမရှိခဲ့ပါ။ နောက်တခါ အင်္ဂလိပ် အစိုးရမှပြန်လည်တိုက် ခိုက်လာသောအခါ အင်အားခြင်းမမျှသဖြင့် (၁၈၉၆) ခုနှစ်ကျမှ အင်္ဂလိပ် လက်အောက်သို့ ကျရောက်လာခြင်းဖြစ်သည်။ (၁၈၉၆) ခုနှစ်တွင် အင်္ဂလိပ်အစိုးရမှ ချင်းတောင်တန်းစည်းမျဉ်းဥပဒေ (Chin Hills Regulation Act) ပြဌာန်းပြီး ယင်းဥပဒေနှင့် ယခုလက်ရှိချင်းပြည်နယ် အပါအဝင် အိန္ဒိယ မဏိပူရ (Manipur, Cachar, Naga Hills) နှင့် Lushai Hills ယခု Mizoram တို့ကို အုပ်ချုပ်ခဲ့သည်။

သို့သော် ချင်းတော်လှန်ရေးအဖွဲ့မှ မရပ်မနား တိုက်ခိုက်ခဲ့ကြရာ (၁၈၉၈)ခုနှစ်တွင် ပူထွမ်ထောင်း၊ ပူကိုက်တွနှင့် ပူခိုင်ကမ်း ခေါင်းဆောင်သော တော်လှန်ရေးအဖွဲ့မှ အင်္ဂလိပ်အစိုးရ၏ဝန်ထမ်း မြို့အုပ် ဦးထွန်းဝင်း တို့အဖွဲ့အား ထွမ်းဝင်း (Kennedy Peak) ၌ တွန်းလှန် တိုက်ခိုက်ခြင်းအထိ ဖြစ်ခဲ့ပါသည်။ ပူထွမ်ထောင်းနှင့် သားထန်ပေါင်ဒါလ်၊ ကင်းဒတ်(မော်လိုက် အနီး)အချုပ်၌သေဆုံးပြီး၊ ပူကိုင်တွနှင့် ပူခိုင်ကမ်း တို့သည် မြင်းခြံထောင်နှင့် ကပ္ပလီကျွန်းအသီးသီးတွင် နှစ်ရှည် ထောင်ဒဏ်များကျခံနေကြပါသည်။ အင်္ဂလိပ်အစိုးရသည် အန္ဒိယနှင့် မြန်မာနိုင်ငံတို့ကို သိမ်းပိုက်အုပ်ချုပ်စဉ် ကာလအတွင်း (၁၉၃၅)ခုနှစ်တွင် အိန္ဒိယနှင့် မြန်မာနိုင်ငံ ခွဲခြားပြီး၊ Mac Mahon Line ခေါ်သည့် နယ်နိမိတ်တလျောက် မှတ်တိုင်များ ၄င်းသဘောအရ စိုက်ထူသောအခါ ချင်းအမျိုးသားများ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ် ပိုမို ပြင်းပြလာပြီး၊ နယ်နိမိတ်မှတ်တိုင်များ၊ မကြာခဏ ဖျက်ဆီး နုတ်ပစ်လေ့ရှိကြသည်။ ၄င်း နောက်ပိုင်းတွင် (၁၉၄ဝ) ခုနှစ်ခန့်ကစပြီး ချင်းပြည်နယ် တောင်ပိုင်းတွင် ပူဝမ်းသူးမောင်ခေါင်းဆောင်သော အဖွဲ့မှတမျိုး၊ ချင်း ပြည်နယ် မြောက်ပိုင်းတွင် ကပ္ပတိန်မန်းတုန်းနုန်း ခေါင်းဆောင်သောအဖွဲ့မှ တဖုံ၊ အမျိုးမျိုးအဖုံဖုံ နယ်ချဲ့ဆန့်ကျင်ရေး၊ လူမျိုး လွတ်လပ်ရေး ရရှိရန်အတွက် လူပ်ရှားခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သောအဖွဲ့မှ ဗမာ့လွတ်လပ်ရေး ရရန် ကြိုးပမ်းလာသောအခါ ချင်းအမျိုးသားတို့ကလည်း သီးသန့် လွတ်လပ်ရေးတိုက်ပွဲလုပ်မည့်အစား တိုင်းရင်းသားအားလုံး ပူးပေါင်း တိုက်ပွဲဝင်လျှင် ပိုမိုမြန်ဆန်မည်ဟု ယုံကြည်သည့်အတွက် ပင်လုံမြို့၌ (၁၂၊ ၂၊ ၄၇)ရက် နေ့ တွင် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသည်။ ယင်းစာချုပ်သည် အမှန်တကယ် သဘောတူခြင်း ဟုတ်/မဟုတ် ဒီ-အာရ်ရီး(စ်)ဝီလျံခေါင်းဆောင်သော အဖွဲ့ က တောင်တန်းသားများအား (၁၉၄၇) မတ်လဆန်းခန့်တွင် မေမြို့သို့ လာရောက် စစ်ဆေးမေးမြန်းသေးသည်။ ယင်းစစ်ဆေးရေးကော်မရှင်သည် မေမြို့ အင်ကွာရီ Maymyo Enquiry ဟုအများကသိရှိသည်။ မေမြို့အင်ကွာရီတွင် ချင်းအမျိုးသားများ ကိုယ်စားပြုသောခေါင်းဆောင်များက ပင်လုံစာချုပ် အမှန်သဘောတူချုပ်ဆိုခြင်းဖြစ်ခြင်း၊ ဗမာပြည်လွတ်လပ်ရေးရရင် ဗမာ နှင့် ပေါင်းပြီး၊ ဖယ်ဒရဲလ် Federal မူအရ တည်ထောင်သော ပြန်ထောင်စု တည်ထောင်မှာဖြစ်ကြောင်း၊ ထင်ထင်ရှားရှား အစစ်ခံဖြေဆိုခဲ့ကြပါသည်။

တိုက်သူကြီးများ ခန့်အပ်ခြင်း
(၁၈၉၆) ခုနှစ်တွင် အင်္ဂလိပ်အစိုးရက ချင်းတောင်တန်းအုပ်ချုပ်ရန် ချင်းတောင်တန်းများ စည်းမျဉ်းဥပဒေ (Chin Hills Regulation Act) ဗြိတိသျှပါလီမန်၌ပြဌာန်းခဲ့သည်။ ယင်းဥပဒေသည်လူရှေတောင်တန်း၊ ယခု Mizoram ၊ နာဂတောင်တန်း ၊ ဆွမ်ရာတောင်တန်း Somra Hill Tract ယခု စစ်ကိုင်းတွင်ပါဝင်) ရခိုင်တောင်တန်း (ယခုချင်း ပြည်နယ် တွင်ပါဝင်)များတွင် အကျုံးဝင်သည်။ ချင်းတောင်တန်းများ စည်းမျဉ်း ဥပေဒ သည်အင်္ဂလိပ်အစိုးရက၄င်းတို့အုပ်ချုပ်ရေးလွယ်ကူရန်အတွက် ပဒေသရာဇ် စနစ် Feudalism အခြေခံ၍ ရေးဆွဲထားသော ဥပဒေဖြစ်သည့်အားလျော်စွာ ချင်းတောင်တန်းတွင် ယင်းဥပဒေအရ တီးတိန်နယ်တွင် ပူယောက်ကျင့်ခုတ် Pu Hau Cin Khup ၊ လုမ်ဘန်းရွာတွင် ပူလွှလ်မုန် Pu Hlu Mung ဖလမ်းနယ်တွင် ပူထန်တင့်လျန် Pu Thang Tin Lian ဟားခါးနယ်တွင် ပူကီးအိုမန် Pu Kio Mang နှင့် တိုင်ချွန်ရွာတွင် ပူကြွန့်ဘိခ် Pu Con Bik / Sun Pek တို့အသီးသီးခန့်အပ်ခဲ့ပါသည်။ ပူကြွမ်ဘိခ်အား ကျန်စော်ဘွားများက နှစ်စဉ်ရှိခိုးလက်ဆောင်(သို့မဟုတ်) သစ္စာခံလက်ဆောင် Homage/Tribute ပေးနေကျဖြစ်သည့်အတွက် ပူကြွန့်ဘိခ်အား အကြီးဆုံးအဖြစ် သဘောထားကာ ၄င်း၏ ရွာတိုင်ချွန်အနီးတွင် ဖလမ်း Balai မြို့ကို တည်ထောင်ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ချင်းတောင်တန်း၏ မြို့တော်အဖြစ် ဖလမ်းမြို့ကို သတ်မှတ်ပြီး ဖလမ်းမြို့တွင် မပြီးပြတ်နိုင်သော အမှုကိစ္စများကို မကွေးမြို့သို့ အရေးဆိုရန် သတ်မှတ်ခဲ့သည်။

နယ်ချဲ့တော်လှန်ခြင်း
အင်္ဂလိပ်အစိုးရသည် ချင်းတောင်တန်းစည်းမျဉ်းဥပဒေနှင့် အုပ်ချုပ်လာသောအခါ မခံမရပ်နိုင်၍ (၁၈၉၈)ခုနှစ်တွင် ပူထွမ်ထောင်း Pu Thuam Thawng ၊ ပူကိုင်ကွ Pu Kai Tuah နှင့် ပူခိုင်ကမ်း Pu Khai Kam တို့ ခေါင်းဆောင်သောအဖွဲ့က အင်္ဂလိပ်အစိုးရအားတော်လှန်၍ အင်္ဂလိပ်အစိုးရ ၏ဝန်ထမ်း မြို့အုပ်ဦးထွန်းဝင်းအဖွဲ့အား ထွမ်းဝမ်း Thuam Vum နယ်ချဲ့ အခေါ် ကနီဒီတောင်ထိပ် Kennedy Peak ၌ ðခံခိုတိုက်ခိုက်သဖြင့် ပူထွမ်း ထောင်း၊ ၄င်း၏သား တန်ပေါင်ဒါလ် Tg Pau Dul ပူကိုင်တွနှင့် ပူခိုင်ကမ်း တို့အား ချင်းတောင်တန်းများ စည်းမျဉ်း ဥပဒေပုဒ်မ၁၄(၁)(ဃ)နှင့် ရာဇသတ် ကြီး Indian Penal Code ပုဒ်မ(၃ဝ၂)တို့အရဖမ်းဆီးခဲ့သည်။ ပူထွမ်းထောင်း တို့ သားအဖ ကင်းဒတ်(မော်လိုက်မြို့အနီး) အချုပ်တွင် သေဆုံးကြသည်။ ပူကိုင်တွနှင့် ပူခိုင်ကမ်းတို့အား နှစ်ရှည်ထောင်ဒဏ်များ ကျခံစေပြီး ပူကိုင်ကွ မြင်းခြံထောင်၌၄င်း၊ ပူခိုင်ကမ်း ကပ္ပလီကျွန်း Andaman Island ၌၄င်း အသီးသီးထားခဲ့သည်။

(၁၉၁၇)ခုနှစ် ပထမကမ္ဘာစစ်ကြီးပြီးဆုံးကာနီးတွင် အင်္ဂလိပ်အစိုးရ က ချင်းတောင်တန်းတွင် စစ်သားအတင်းအကြပ် စုဆောင်းလာသည်။ ချင်း အမျိုးသားများက မဝင်လိုကြပါ။ သို့သော် မဝင်လို့မရပါ။ တအိမ်ထောင် လျှင် ယောက်ျားအသက်(၂ဝ)မှအထက် တယောက်ကျစီ ဝင်ရမည်ဟု အမိန့် ထုတ်သည်။ ယင်းအမိန့်ကို ချင်းအမျိုးသားများက မနာခံပဲ ဆန့်ကျင်ကြသည်။ ၄င်းအမိန့်ကို ဆန့်ကျင် တော်လှန်သူများထဲတွင် ခေါင်းဆောင်ပြုလုပ်သူမှာ ပူငိုလ်ဘိုလ် Pu Ngul Bul ဖြစ်သည်။ ပူငိုလ်ဘိုလ်ကို အင်္ဂလိပ်အစိုးရက ဖမ်းဆီးရုံမကပဲ သတ်ဖြတ်ပြီး အလောင်းကို အစိတ်စိတ် အမွာမွာ လှီးဖြတ်ကာ တီးတိန်နယ်ရှိ ရွာတိုင်းတွင် အိမ်ခြေအလိုက် ဝေငှခဲ့သည်။ အင်္ဂလိပ်အစိုးရကို ပုန်ကန်တော်လှန်လျှင် ဤကဲ့သို့လုပ်ဆောင်ခြင်း ခံရလိမ့်မည်ဟု ခြိမ်းခြောက်ခြင်းဖြစ်သည်ဆို၏။ ဟားခါး၊ ဖလမ်း တို့ကတော့ ဆက်လက်မဖီဆန်ကြပါ။ နောက်ဆုံးတီးတိန်မြို့နယ်တို့တွင် ဖိအားပေးမှုကို မလွန် ဆန်နိုင်တော့သဖြင့် ပူဆောင်ထဲအိုး Pu Song Theu ၊ ပူကမ်ဇာမန် Pu Kam Za Mang ၊ ပူခွါလ်ခင်းထန် Pu Khuak Thang စသော ပုဂ္ဂိုလ်များ ပါဝင်သည့် ချင်းအမျိုးသားအချို့ အင်္ဂလိပ်ထဲဝင်ခဲ့သည်။ ၄င်းတို့ကို အင်္ဂလိပ် အစိုးရကချင်းလုပ်သားတပ် Chin Labour Corps ဟု နာမည်ပေးထားပြီး ဥရောပ၊ ပြင်သစ် France သို့ ပို့ဆောင်ကာ ပထမကမ္ဘာစစ်ပွဲ၌ ပျက်စီးခဲ့သော ပစ္စည်းများပြန်လည်သိမ်းဆည်းခိုင်းသည်။ ၄င်း ချင်းလုပ်သားတပ်မှ ညီညွတ်စွာ ဆန္ဒပြငြင်းဆန်ကြသဖြင့် (၁၉၁၈)ခုနှစ်တွင် ပြင်သစ်မှ ချင်းတောင်တန်းသို့ ပြန်လည်ပို့ ဆောင်ခဲ့သည်။

၎င်းချင်းလုပ်သားတပ်များပြန်လာသောအခါ ပြင်သစ်တွင် အများကြီး သေဆုံးခဲ့သဖြင့် လူမစုံတော့ပါ။ ထိုအခါ ချင်းအမျိုးသားများပိုမို စိတ် ထိခိုက်ကြသည်။ နယ်ချဲ့ဆန့်ကျင်ရေးလူပ်ရှားလိုစိတ်များ ပိုမိုမြင့်တက်လာသည်။ သို့သော် ချင်းတောင်တန်းများ စည်းမျဉ်းဥပဒေက စော်ဘွားများ၊ တိုက်သူကြီးများအား ယင်းလူပ်ရှားမှုများတားမြစ်ရန် အာဏာပေးထားသဖြင့် ပြည်သူလူထုက တိုက်သူကြီးများအား ပေးအပ်ထားသော အာဏာများလွန်းသဖြင့် မကျေနပ်၍ ပြင်ဆင်ပေးပါရန် ဖလမ်းအရေးပိုင် မစ္စတာ နီလာထံသို့ (၁၉၃၂) ခုနှစ်တွင် ပူဆွောင်ခိုကမ်း Pu Suang Khaw Kam နှင့် ပူလျန်မန် Pu Lian Maung တို့ ခေါင်းဆောင်သောအဖွဲ့ သွားရောက် အရေးဆို ခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ၄င်းနောက် မကွေးမင်းကြီးမစ္စတာ မက္ကရီကင်ထံအထိ အကြိမ်ကြိမ် တက်ရောက် အရေးဆိုခဲ့သော်လည်း အောင်မြင်ခြင်းမရှိသည့်အပြင်၊ (၁၉၃၈)ခုနှစ်တွင်ခေါင်းဆောင်ပူဆွောင်ခိုကမ်းသည် မကွေးမြို့၌ ရုတ်တရက်သေဆုံးသွားရှာသည်။ ယင်းသို့ သေဆုံးခြင်းသည် အချို့က မြွေကိုက်၍ဖြစ်သည်ဟု ပြောသော်လည်း အမှန်မှာ လုပ်ကြံခံရခြင်းဖြစ်ပြီး၊ အနီးအနားတဝိုက်တွင် ရှိသော ချင်းအမျိုးသားများ စိတ်နာကြည်းကြပါသည်။ အလောင်းကိုချင်းတောင်တန်းသို့ သယ်ယူရေးအတွက်လည်း အကြီးအကျယ် ပြဿနာရိုက်ခတ်သဖြင့် အင်္ဂလိပ်တပ်ထွက် ပူဝမ်းသူးမောင် အဖွဲ့ကလည်း နယ်ချဲ့ဆန့်ကျင်ရေးကိုပိုမိုကျယ်ပြန့်အောင်လူပ်ရှားလာခဲ့ပါ သည်။ ထို့ကြောင့် (၁၉၄ဝ)ခုနှစ်တွင် ပူဝမ်းသူးမောင် တို့အဖွဲ့အား ချင်းတောင်တန်းများ စည်းမျဉ်းဥပဒေပုဒ်မ၁၄(၁)(ဃ)အရ ဖမ်းဆီး အကျဉ်းချထား ပြန်ပါသည်။ ၄င်းအချိန်တွင် ချင်းတောင်တန်းတွင် ပုဒ်မ ၁၄(၁)(ဃ) သည် ယခု ပုဒ်မ(၅) နှင့်အတူ အလွန်အမင်း ခေတ်စားသည့် ပုဒ်မဖြစ်လေသည်။

ဒုတိယကမ္ဘာစစ်(၁၉၃၇-၄၅)အတွင်း နယ်ချဲ့ဆန့်ကျင်ရေးဆောင်ရွက်ခြင်း
အင်္ဂလိပ်အစိုးရက ချင်းတောင်တန်းများ စည်းမျဉ်းဥပဒေအရ ချင်းတောင်တန်းကို အုပ်ချုပ်သောအခါ ချင်းအမျိုးသားများ၏ ရိုးသားဖြောင့်မတ်မှု၊ အကျင့်စာရိတ္တမြင့်မားကောင်းမွန်မှု၊ ရဲစွမ်းသတ္တိပိုင်ဆိုင်မှုနှင့် သစ္စာတရား စောင့်ထိန်းမှုများကို ကောင်းစွာ တွေ့ရှိလာခဲ့ပါသည်။ ထို့ကြောင့် အင်္ဂလိပ် စစ်တပ်ထဲသို့ ချင်းအမျိုးသားများ ခပ်များများဝင်ရောက်စေရန်နည်းမျိုးစုံနှင့် ဆွယ်သွင်းခဲ့ပါသည်။ သို့ဖြစ်၍ ဒုတိယကမ္ဘာစစ်(၁၉၃၇-၁၉၄၅)နှစ်များအတွင်း မြန်မာနိုင်ငံအင်္ဂလိပ် စစ်တပ်ထဲတွင် အရည်းအချင်းနှင့် ပြည့်စုံသောချင်း အမျိုးသားစစ်သားမြောက်များစွာပါရှိလာရာ ချင်းတပ်ရင်းအနေနှင့်တပ်ရင်း (၄)ခုအထိ ရှိလာသည်။

ယင်းသို့သောအခြေအနေတွင် ဂျပန်က (၁၉၄၁) ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့ ရန်ကုန်မြို့ကို ဗုံးကြဲခဲ့သည်။ ဒုတိယကမ္ဘာစစ် မြန်မာနိုင်ငံသို့ ရောက်လာသောအချိန်တွင် အထက်ဗမာပြည်တာဝန်ကျသည့်ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးအောင်နှင့် ဗိုလ်ရန်အောင် တို့သည် အမျိုးသားများနှင့် ဆက်သွယ်မှုရရှိရန် ဆောင်ရွက်ကြသည်။ ပူပုမ်းဇမန် Pu Pum Za Mang က ပူဇဘျက် Pu Za Baik မှတဆင့် ဂျပန်နှင့် ဗမာခေါင်းဆောင်များနှင့် အဆက်အသွယ်ယူကာ အင်္ဂလိပ်တို့ ထွက်ပြေးပြီး၊ ဂျပန်ဝင်လာလျှင် ချင်းတောင်တန်းအား လွတ်လပ်ရေးပေးရန် မျှော်မှန်းခဲ့သည်။ ယင်းသို့ အဆက်အသွယ်ရပြီးမကြာမီ အင်္ဂလိပ်တို့သည် အိန္ဒိယသို့ ထွက်ပြေးကြသည်။ ထိုအခါ အင်္ဂလိပ်က ပူပုမ်းဇမန်အား မိမိတို့နှင့် လိုက်ရန်ခေါ်ဆောင်သော်လည်း ပူပုမ်းဇမန်က မလိုက်ဘဲနေခဲ့သည်။ အကြောင်းမူကား ဂျပန်နှင့် ပြောထားသောကတိကြောင့်ဖြစ်ပေသည်။ မကြာမီ ချင်းတောင်တန်းသို့ ဂျပန်တို့ ရောက်ရှိလာကြသည်။ ၄င်းတို့ကို ပူဇဘျက်မှ ဦးဆောင်လာသည်။ သို့သော် ဂျပန်အနေဖြင့် လွတ်လပ်ရေး ကြေညာခြင်းမရှိခဲ့သည့်အပြင် အင်္ဂလိပ်အစိုးရထက် ပိုမိုဆိုးရွားတော့သည်။ ချင်းအမျိုးသားအများအပြားကို အကြောင်းမဲ့သတ်ဖြတ်လာသည်။ ထိုအခါ အင်္ဂလိပ်နယ်ချဲ့၊ ဂျပန်နယ်ချဲ့များ တွန်းလှန်တိုက်ခိုက်ရန် ပူထောင်းကျင့်ထန် Pu Thawng Cin Thang ၊ ပူဟောက်ဇာလျန် Pu Hua Za Lian ၊ ပူလျန်ကျင့်ထန်၊ Pu Hua Za Lian တို့ ဦးဆောင်သောအဖွဲ့က ဆုတ်တဲ လွတ်လပ်ရေးတပ်ဖွဲ့ (Sukte Independence Army- SIA) ဖွဲ့စည်း တည်ထောင်ပြီး ဂျပန်တို့ကို ပြန်လည်တိုက်ခိုက်ခဲ့သည်။

ချင်းတောင်တန်းတွင် ယင်းသို့ ဂျပန်တို့ကို ပြန်လည်တိုက်ခိုက်နေစဉ် အင်ဖါလ် Imphal တိုက်ပွဲ၌ ဂျပန်ကရှုံးနိမ့်သဖြင့် အင်္ဂလိပ်က ဂျပန်ကို ချင်းတောင်တန်းဘက်သို့ ပြန်လည်မောင်းထုတ်ပြီး (၁၉၄၅)ခုနှစ် တွင် ချင်း တောင်တန်း တခုလုံး အင်္ဂလိပ်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအခါ အင်္ဂလိပ်က ချင်းလူမျိုးများစွာကို ဖမ်းဆီးရာ ၄င်းတို့အနက် ပူလျန်ကျင့်ထန် လည်းပါဝင်ခဲ့သည်။ ပူလျန်ကျင့်ထန်ကို မေမြို့အထိခေါ်ဆောင်ပြီး မေမြို့တွင် “ဆုတ်တဲလွတ်လပ်ရေးတပ်”ကို အင်္ဂလိပ်အစိုးရ ခွင့်ပြုချက်မပါဘဲ ဖွဲ့စည်း တည်ထောင်ခြင်းသည် ချင်းတောင်တန်းများ စည်းမျဉ်းဥပဒေ ပုဒ်မ ၁၄(၁)ဃ ကျူးလွန်သည်ဟူ၍လည်းကောင်း၊ အင်္ဂလိပ်လူမျိုးတယောက်ကို ဆေတွါလ် Seitual ကျေးရွာ၌ှS.I.A ကဖမ်ဆီးသတ်ဖြတ်သည်ဟူ၍လည်းကောင်း၊ ဂျပန်နှင့် ပူးပေါင်းပြီး ညီအကိုနှစ်ယောက် (ပူပုမ်းဇမန် ဆိုလိုခြင်းဖြစ်သည်) အင်္ဂလိပ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်သည် ဟူ၍လည်းကောင်း၊ အမျိုးမျိုး စွပ်စွဲကာ စစ်ခုံရုံးနှင့်စစ်ဆေးချုပ်နှောင်ခဲ့သည်မှာ လွတ်လပ်ရေးရသည်အထိပင်ဖြစ်ပေသည်။

နိုင်ငံရေးပါတီများတည်ထောင်ခြင်း
ဒုတိယကမ္ဘာစစ်ပြီးဆုံးသောအခါ ချင်းတောင်တန်းတွင် အရည်အချင်းနှင့်ပြည့်စုံသော စစ်ထွက်ပုဂ္ဂိုလ်မြောက်များစွာ ရှိလာလေသည်။ ၄င်းတို့ အချို့သည် စစ်တွင်းမြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံစသည်ဖြင့် ပြည်ပနိုင်ငံများသို့လည်း ရောက်ရှိခဲ့ကြသည်။ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ တို့တွင် နယ်ချဲ့ဆန့် ကျင်ရေးတိုက်ပွဲ ဝင်ကြပုံတို့ကိုလည်း နေ့စဉ်နှင့်အမျှ ကြားမြင်နေခဲ့ကြ၏။ ချင်းတောင်တန်းများတွင် ပဒေသရာဇ်စနစ် အရင်းခံ၍ ပြဌာန်းထားသော ချင်းတောင်တန်းများ စည်းမျဉ်းဥပေဒေကို ပယ်ဖျက်ခြင်း မရှိသေးကြောင်းကိုလည်း စစ်ထွက် ချင်းလူကြီးများကသိကြ၏။ ချင်းတောင်တန်းများတွင် အာဏာရှင်စနစ်ကျဆင်းရန် ပထမဆုံး ယင်း ဥပဒေပယ်ဖျက်ရန် လိုကြောင်း ကိုလည်း သိရှိကြသည်။ ချင်းတောင်တန်များတွင် အာဏာရှင်စနစ်ကျဆင်းရန်၊ ပထမဆုံး ယင်းဥပဒေ ပယ်ဖျက်ရန်လိုကြောင်းကိုလည်း သိရှိကြသည်။

ယင်းဥပဒေ ပယ်ဖျက်နိုင်ဘို့ရန်အတွက် လူထုအင်အား၊ လူထု ထောက်ခံမှု လိုအပ်သဖြင့် နိုင်ငံရေးပညာကို လူထုအား ဟောပြောရန် လိုအပ်ကြောင်းကိုလည်း သဘောပေါက်လာကြ၏။ ယင်းသို့ နိုင်ငံရေးပညာပေးနိုင်ရန် နိုင်ငံရေးပါတီတည်ထောင်ဖွဲ့စည်းရန် လိုအပ်ကြောင်း တွေ့ရှိလာသဖြင့် (၁၉၄၆) ခုနှစ် အလယ်ပိုင်းတွင် တီးတိန်မြို့ ပူလန့်ခိုးထန် Pu Lang Khaw Thang နေအိမ်၌ ပူထန်ခိုကိုင်း Pu Thang Khan Kai ၊ ပူဆောင်ထဲအိုး Pu Song Theu ၊ ပူထန်ဇာကိုင်း Pu Thang Za Kai နှင့် ပူလန့်ခို့ထန်တို့ပါဝင် ခေါင်းဆောင်သော အဖွဲ့က ချင်းတောင်တန်းလွတ်မြောက်ရေးပါတီ (Kham Tung Suah Tak Vaihawn Pawlpi- K.S.V.P) တည်ထောင်ဖွဲ့စည်းလိုက်သည်။ ထိုအချိန်နှင့်မရှေး မနှောင်းမှာပင် ပူဝုန်း ဇခမ်း Pu Vungh Za Kham ၊ ပူဟောက်ဇာလျန် Pu Hua Za Lian နှင့် ပူတွလန့် Pu Thuan Langh တို့ ဦးဆောင်သောအဖွဲ့က သစ္စာသမာဓိပါတီ (Thuhoih Vaihawm Pawlpi- T.H.V.P) တည်ထောင် ဖွဲ့စည်းခဲ့ပြန်သည်။ တောင်ပိုင်းချင်းတောင်တန်းတွင်လည်း မူလရှိပြီးအဖွဲ့ကို ပူဝမ်းသူးမောင် ဦးဆောင်သော အဖွဲ့က ချင်းတောင်ညီညွတ်ရေးပါတီဟူ၍ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြန်သည်။ မြောက်ပိုင်းချင်းတောင်တန်းတွင် (K.S.V.P) လူထုထောက်ခံမှု အများဆုံး ရရှိထားပြီး၊ တောင်ပိုင်းတွင်မူကား ပူဝမ်းသူး မောင်ခေါင်းဆောင်သော ချင်းတောင်ညီညွတ်ရေးပါတီက လူထု ထောက်ခံမှု အများဆုံးရရှိသည်။ ၄င်းနောက် အောက်တိုဘာလတွင် ရှမ်း ပြည်တောင်ပိုင်း ညောင်ရွှေမြို့ရှိ စဝ်ရွှေသိုက်နေအိမ်တွင် ချင်းခေါင်းဆောင်များအပါအဝင် ရှမ်း၊ ကချင် ခေါင်းဆောင်များနှင့် တောင်ပေါ်သားများ ညီညွတ်ရေး မဟာကောင်စီ (The Supreme Conuncil of the United Hill People SCOUHP) ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ ဤကဲ့သို့ စကုတ် (SCOUHP) ဖွဲ့စည်းခြင်းသည် တန်းတူရည်တူ စံစားခံစားရေးအတွက် ရည်ရွယ်၍ ဖွဲ့စည်းခြင်း ဖြစ်သည်။ မြန်မာပြည်တွင် ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ၊ ဗိုလ်ချုပ် အောင်ဆန်းခေါင်းဆောင်သည့် ဖဆပလပါတီ တို့ရှိသည်။ ထိုကဲ့သို့ ကိုယ့် ယုံကြည်ချက်နှင့် ကိုယ့်လွတ်လပ်ရေးအတွက် ကိုယ့်နည်း ကိုယ်ဟန်နှင့်တိုက်ပွဲ ဝင်ကြသည်။

စစ်မဖြစ်ကာလကစ၍ ဘုရင်ခံဖြစ်ခဲ့သော ဆာဒေါ်မန်စမစ်အား ဗြိတိသျှအစိုးရက ရာထူးမှရုပ်သိမ်းပြီးနောက် ယာယီဘုရင်ခံအဖြစ် ဟင်နရီ နိုက် ကိုခန့်အပ်ခဲ့ပါသည်။ စက်တင်ဘာ (၁၉၄၆) ခုနှစ်တွင် ဆာဟူးဘတ်ရန့် ဘုရင်ခံအဖြစ်ရောက်လာသည်။ ၄င်း၏ ဦးစားပေး အဓိကတာဝန်မှာ မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေး အရှုတ်အထွေးများ ဖြေရှင်းရေးဖြစ်သည်။ ထိုသို့ ဖြေရှင်းရာတွင် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသောပါတီများ၏ ကြားဖြတ်အစိုးရကို ဘုရင်ခံကောင်စီအဖြစ်ဖွဲ့ရန်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလ ပါတီက ဤကမ်းလှမ်းချက်ကိုလက်ခံသည်။ အာဏာ ခွဲဝေ၍ဌာနချပေးသောအခါ တောင်တန်းသားများအတွက် ဘာမျှ မပါရှိခဲ့ပါ။ တနည်းအားဖြင့်ပြောသော် ယင်းဖွဲ့စည်းသော ကောင်စီတွင် တောင်တန်းသားတဦးမျှ မပါပါ။ စောဘဦးကြီး ပါသော်လည်း ၄င်းသည် ဘုရင်ခံကခန့်သူ ဖြစ်သည်။ ဗမာခေါင်းဆောင်များ ခွဲဝေချပေးခြင်း မဟုတ်ပါ။

ကောင်စီတွင် ဘုရင်ခံဆာဟူးဘတ်ရန့် ကိုယ်တိုင် ဥက္ကဋ္ဌဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဒုတိယ ဥက္ကဋ္ဌဖြစ်သည်။ လွတ်လပ်ရေး အရေးဆိုရန် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ ဘိလပ်သို့သွားသောအခါ တောင်တန်းသားများ ညီညွတ်ရေးမဟာကောင်စီ (စကုတ်) (SCOUHP)က အခုလာသောအဖွဲ့မှာ မိမိတို့ကိုယ်စားပြုသောအဖွဲ့ မဟုတ်ကြောင်း၊ ထိုချိန် ဗြိတိသျှဝန်ကြီးချုပ် ကလီမင်အက်တလီထံသို့ ကြေးနန်း ပေးပို့ခဲ့ပါသည်။ ဗြိတိသျှ ဝန်ကြီးချုပ် ကလီမင့်အက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့က အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုခဲ့ကြသည်။ ယင်း အောင်ဆန်း-အက်တလီ စာချုပ်အရ တောင်တန်းသားများ မိမိတို့၏ ကံကြမ္မာကို မိမိတို့ဆုံးဖြတ်ပိုင်ခွင့် အသိ အမှတ်ပြုထားသည့်အလျောက် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ရန်ဖြစ်စေခဲ့သည် ဟုပြောနိုင်ပါသည်။ ထို့ကြောင့် လွတ်လပ်ရေး ရရှိရေးအတွက် ပင်လုံ စာချုပ် အရေးကြီးသကဲ့သို့ ပင်လုံစာချုပ်ပေါ်ပေါက်ရေးအတွက် အောင်ဆန်း-အက်တလီစာချုပ် အရေးကြီးသည်။ အောင်ဆန်း-အက်တလီစာချုပ် ပေါ်ပေါက်ရေးအတွက် စကုတ်ကြေးနန်း အရေးကြီးသကဲ့သို့ စကုတ်ကြေးနန်း ပေါ်ပေါက်ရေးအတွက် တန်းတူရည်တူ ဆက်ဆံလုပ်ကိုင်ကြဘို့လည်း အရေးကြီးသည်ဟု ချင်းအမျိုးသားများက သဘောပေါက်ကြသည်။ ထို့ကြောင့် လွတ်လပ်ရေး ရရှိရန် အဓိကလိုအပ်ချက်မှာ တန်းတူရည်တူဆက်ဆံ ဆောင်ရွက်ချက်ဖြစ်သကဲ့သို့ လွတ်လပ်ရေး အဓွန့်ရှည်ခိုင်မြဲ ရန်မှာလည်း ယင်း တန်းတူရည်တူ ဆက်ဆံပြုမှုဆောင်ရွက်ခြင်းပင်ဖြစ်သည်ဟု ချင်းအမျိုးသား ပါတီများက သဘောပေါက်ကြသည်။ လွတ်လပ်ရေး ရပြီးနောက် (၁၉၅၆) ခုနှစ်တွင် ဖလမ်းနယ်မှ ဦးဇရဲလျန်ခေါင်းဆောင်သောအဖွဲ့က ချင်းအမျိုးသား ကွန်ဂရက် (CHIN NATIONAL CONGRESS) ပါတီ ဖွဲ့စည်း တည်ထောင်ခဲ့ရာ ဖလမ်းပြည်သူလူထု၏ ထောက်ခံမှုရခဲ့သည်။

ပင်လုံစာချုပ် လက်မှတ်ရေးထိုးကြခြင်း
ဗိုလ်ချုပ် အောင်ဆန်းတို့  ဘိလပ်မှ ပြန်လည်ရောက်ရှိသောအခါ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့၌ ဗမာခေါင်းဆောင်များနှင့် တောင်တန်းဒေသ ခေါင်းဆောင်များ၊ အထူးသဖြင့် (SCOUHP) ခေါင်းဆောင်များအစည်းအဝေး ကျင်းပကြပါသည်။ လွတ်လပ်ရေး လိုချင်ကြသည်။ ကိုယ့်နည်း ကိုယ့်ဟန်နှင့် တကွဲတပြားစီ လွတ်လပ်ရေးတိုက်ပွဲဝင်မည့်အစား မြေပြန့်ဗမာခေါင်းဆောင်တွေနှင့် တောင်ပေါ်ဒေသခေါင်းဆောင်များ ပူးပေါင်းပြီး၊ တိုက်ပွဲဝင်ကြလျှင် ပိုမိုမြန်ဆန်မည်၊ လွတ်လပ်ရေးမြန်မြန်ရနိုင်မည်ဟု ခေါင်းဆောင် အားလုံးက ရက်အတန်ကြာ ဆွေးနွေးညှိနှိုင်းကြပြီးနောက် သဘောပေါက်လာကြသည်။ ထို့ကြောင့် တောင်ပေါ်မြေပြန့် ပူးပေါင်းပြီး၊ လွတ်လပ်ရေးတောင်းဆိုမည် ဆိုလျှင် ပိုမိုမြန်ဆန်စွာ လွတ်လပ်ရေးရလိမ့်မည်ဟု ယုံကြည်သည့်အတွက်ဟု အစချီပြီး အချက်(၇)ချက် ပါသော ပင်လုံစာချုပ်ကြီးကို(၁၉၄၇)ခုနှစ် ဖေဖေါ် ဝါရီလ(၁၂)ရက်တွင် လတ်မှတ်ရေးထိုးနိုင်ခဲ့သည်။ ချင်းအမျိုးသားများ ကိုယ်စားပြု လက်မှတ်ရေးထိုးသူတို့မှာ -
(၁) ပူထောင်းဇခုပ် PU THAWNG KHUP
(၂) ပူလွှရ်မှုံ PU HLUR HMUNG
(၃) ပူကီးအိုးမန် PU KIO MANG တို့ဖြစ်ကြသည်။
ပူထောင်းဇခုပ်သည် အင်္ဂလိပ်အစိုးရစတင်ဝင်ရောက်စဉ် ခုခံတိုက် ခိုက်ရာတွင်ဦးဆောင်သူ ကင်းဒတ် အချုပ်တွင် သားဖြစ်သူနှင့် တာန်ပေါင်ဒါလ်း နှင့်အတူ သေဆုံးသူ ပူထွမ်ထောင်း၏ မြေးဖြစ်သည်။

ယင်းသို့ ပင်လုံစာချုပ် သဘောတူလက်မှတ်ရေးထိုးပြီးနောက် ၄င်း စာချုပ်အရ ဗြိတိသျှဘုရင်ခံဆာဟူးဘတ်ရန့်၏ကောင်စီတွင် ပါဝင် ဆောင်ရွက်ရန် ရှမ်းအမျိုးသားထဲမှ တယောက်၊ ကချင်အမျိုးသားထဲမှ တယောက်၊ ချင်းအမျိုးသားထဲမှ တယောက်ကျစီ သတ်မှတ်ခဲ့သည်။ ရှမ်းအမျိုသားများ ကိုယ်စားပြုရန် စပ်စံထွန်း၊ ကချင်အမျိုးသားများကိုယ်စားပြုရန် ဆမားဒူးဝါး ဆင်ဝါးနောင်၊ ချင်းအမျိုးသားများကိုယ်စားပြုရန် ပူဝမ်းကိုဟော Pu Vum Ko Hau တို့အသီးသီးသတ်မှတ်ခဲ့ကြသည်။ ပင်လုံသဘောတူ စာချုပ်နှင့် ဘုရင်ခံကောင်စီဝင် စာရင်းတင်သွင်းသောအခါ အမှန်တကယ်သဘောတူညီချက် ဟုတ်/မဟုတ် တောင်ပေါ်မြေပြန့် ပူးပေါင်းပြီး လွတ်လပ်ရေးယူမည်ဆိုလျှင် ဘယ်ပုံဘယ်နည်း ပူးပေါင်းကြမည်ကို အမှန်တကယ်သိရှိနိုင်ရေးအတွက်ဆက်လက်ပြီး တောင်တန်းဒေသ စုံစမ်းရေးကော်မရှင် (FRONTIER AREAS COMMITTEE OF ENQUIRY) ဖွဲ့စည်းပြီး (၁၉၄၇)ခု မတ်လ အလယ်တွင် မေမြို့၌ ညီလာခံကျင်းပပြီး စစ်ဆေးခဲ့သည်။ ယင်းကော်မရှင်ကို ဒီဘာရ်ဝီလျံရီးစ်က ဦးဆောင်ခြင်းဖြစ်သည်။ ဗမာဘက်မှ ဤအခါတွင် ဗိုလ်ချုပ်မပါတော့ဘဲ ဦးနု၊ ဦးတင်ထွဋ်၊ ဗိုလ်ခင်မောင်ကလေး၊ ဦးမြင့်သိန်း၊ ရှမ်းဘက်မှ စပ်စံထွန်း၊ ကရင်ဘက်မှ စောစံကေး၊ ကချင်ဘက်မှ ဆမားဒူးဝါး ဆင်ဝါးနောင်၊ ချင်းဘက်မှ ပူးဝမ်းကိုဟောတို့သည် ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည်။ ဤကော်မရှင် ရှေ့မှောက်တွင် ချင်းအမျိုးသားကိုယ်စားလှယ် အားလုံးက ပြည်ထောင်စုမူ FEDERAL ဖယ်ဒရယ်လ်မူအရ ပူးပေါင်းမည်ဟု တင်ပြ ကြပါသည်။ ထို့နောက်ပိုင်း လွတ်လပ်ရေးကြိုးပမ်းမှုများနှင့်ပတ်သက်၍ ချင်းခေါင်းဆောင်များ ကန့်ကွက်ခဲ့ကြခြင်း မရှိပါ။ ဗိုလ်ချုပ်တို့ ကျဆုံး ပြီးနောက် နု-အက်တလီစာချုပ် လန်ဒန်တွင် ချုပ်ဆိုချိန်တွင် SCOUHP က ကြေးနန်းရိုက်ရန်လည်း မလိုခဲ့တော့ပါ။ အချို့သူများက “နယ်ချဲ့အင်္ဂလိပ် တို့၏ သွေးခွဲမှုကို လွဲမှားစွာလက်ခံခဲ့သော စော်ဘွားအချို့က ဗိုလ်ချုပ်တို့ ဘိလပ်၌ လွတ်လပ်ရေး အရေးဆိုနေစဉ် ကြေးနန်းရိုက်သည်”ဆိုပြီး မကြာခဏ ပြောလေ့ရှိသည်။ ပင်လုံစိတ်ဓာတ်မြှင့်တင်လို၍ အမှန်တကယ် ပြည်ထောင်စုကို ချစ်လျှင် ထိုစကားမျိုး ယခုလိုအချိန်အခါမျိုးမှာ မကြာခဏ မပြောဘဲ ရပ်တမ်းကရပ်သင့်ပြီ။ ထိုကြေးနန်းသည် တန်းတူရည်တူဆက်ဆံ ကျင့်ကြံဘို့ တောင်းဆိုသောကြေးနန်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကိုယ်တိုင်သိရှိပြီးအက်တလီ နှင့်စာချုပ်ချုပ်ဆိုကာ ပင်လုံမှာ ကိုယ်တိုင် ဖြေရှင်းပြီးဖြစ်ကြောင်းကို မှတ်ထား ကြရန် လိုအပ်ပါသည်။

တိုင်းပြုပြည်ပြုကို ကိုယ်စားလှယ်ရွေးကောက်တင်မြှောက်ခြင်း
ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိလပ်ကပြန်လာပြီးနောက်တနှစ်အတွင်း လွတ်လပ်ရေးရမည်ဟူ၍ ကြွေးကြော်သည့်အတိုင်း မြန်မာနိုင်ငံဖွဲ့ စည်းပုံ အခြေခံဥပဒေရေးဆွဲရန်လိုကြောင်း၊ ယင်းဥပဒေပြီးဆုံးမှသာ ဗြိတိသျှအစိုးရ က လွတ်လပ်ရေးကြေညာပေးမည်ဖြစ်ကြောင်း သိရှိရသည်။ (၁၉၄၇) ခုနှစ်အတွင်း တိုင်းပြုပြည်ပြုလွှတ်တော် (CONSTITUENT ASSEMBLY) ကိုယ်စားလှယ်များ ရွေးကောက်ရန် စီစဉ်သည်။ ဗမာခေါင်းဆောင်များနှင့် ပူးပေါင်းပြီး၊ ၄င်းတို့ပါတီဝင်ရန်မှာလည်း မိမိတို့အကြား အစိတ်စိတ်အမြွှာမြွှာ ကွဲပြဲနေကြသည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ဖဆပလအဖွဲ့ချုပ်၌ပင်လျှင် အတွင်းပြဿနာပေါ်ပေါက်နေသည်။ စက်တင်ဘာအရေးတော်ပုံ (အထွေထွေသပိတ်ကြီး)ကို ၄င်းတို့ပါတီ အာဏာရရှိရေးအတွက် အသုံးချသည်ဆိုပြီး၊ ကွန်မြူနစ်က ဖဆပလအား ရှုံ့ချခဲ့သည်။ တဖန် ကွန်မြူနစ်များ အနက်လည်း သခင်သန်းထွန်းနှင့် သခင်စိုးတို့ကွဲကြသည်။ ကရင်အမျိုးသားများကလည်း ခွဲခြားခွဲခြားဖြစ်နေသည်။ ဘုရင်ခံကောင်စီတွင် ကွန်မြူနစ်များ၏ ခွဲတမ်းအရပါဝင်သူ ဦးသိန်းဖေမြင့်လည်း နှုတ်ထွက်သွားသည်။

ယင်းသို့ ရှုတ်ထွေးနေသောအချိန်တွင် ချင်းအမျိုးသားများကိုယ်စားလှယ်အဖြစ် K.S.V.P.ပါတီကိုယ်စားလှယ်များ ခတညပါတီ၊ ပူဝမ်းသူးမောင် ပါတီမှ ကိုယ်စားလှယ်များနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်များ ယှဉ်ပြိုင်ကြသည်။ K.S.V.P. ပါတီကို ကပ္ပတိန် မန်းတုန်းနုန်း Capt. Mang Tung Nung က ဦးဆောင်သည်။ ချင်းအမျိုးသားများနိုင်ငံရေးလောကကို ပူးဝမ်းသူးမောင် နှင့် ကပ္ပတိန် မန်းတုန်းနုန်းတို့နှစ်ဦးက လွှမ်းမိုးထားသည်။ ပူဝမ်းသူးမောင် ချင်းရေးရာကောင်စီကို ဤပုဂ္ဂိုလ်နှစ်ဦးကဦးဆောင်သည်။ ထိုသို့ တာဝန်ယူ နေချိန်အတွင်း တိုင်းပြုပြည်ပြုလွှတ်တော်ကကိုယ်စားလှယ် တရာတဆယ့်တဦး(၁၁၁)ပါဝင်၍ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အမှူးပြုသော အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ (Constitutional Drafting Committee)တရပ်ဖွဲ့စည်းခဲ့ သည်။ ထိုကော်မတီတွင် ချင်းအမျိုးသား ကိုယ်စား ကပ္ပတိန် မန်းတုန်းနုန်း နှင့် ပူဆဝတ် Pu Savut တို့ နှစ်ယောက် ပါဝင်သည်။ ယင်း အခြေခံဥပဒေ ရေးဆွဲသောအခါ ပင်လုံစာချုပ်ပါ အချက်အလက်များအား အခြေခံ ရေးဆွဲရမည်ဖြစ်သည့်အတွက် ပြည်ထောင်စု Federal ပုံစံ ဖြစ်နိုင်ရေးအတွက် ဗိုလ်ချုပ်က လမ်းညွန်းချက်(၇)ချက်ချမှတ်ထားပြီး အကြံပေးအရာရှိ Constitutional Advisor ဦးချန်ထွန်း အား ၄င်း လမ်းညွန်ချက် (၇) ချက်ကို ပေးအပ်သည်။ ဦးချန်ထွန်းက ”ဖြစ်နိုင်ပါ့မလား” ဟု ဗိုလ်ချုပ်အားပြန် ပြောလိုက်သဖြင့် အကြီးအကျယ် စကားများကြသည်ဟု ကပ္ပတိန်မန်းတုန်းနုန်းက ချင်းအမျိုးသားများအား နောင်တွင်ပြောပြသည်။ နောက်ဆုံး ဗိုလ်ချုပ်က “ဦးချန်ထွန်း- ခင်ဗျား ဥပဒေကောင်းကောင်း နားလည်တယ်၊ ဒါပေမယ့် ဥပဒေကို လူကလုပ်တာဆိုတာကို နားမလည် ခဲ့ဘူး။” ဆိုပြီး၊ ယင်း လမ်းညွန်ချက် (၇)ချက်ကို မပြင်တော့ဘဲ ဒီအတိုင်းဘဲ ဦးချန်ထွန်းအား ပေးအပ်ခဲ့ကြောင်း ကပ္ပတိန်ကြီးကပြောသည်။

ထိုကဲ့သို့ အခြေခံဥပဒေ အတွက် လုံးထွေးနေချိန်မှာ မမျှော်လင့်ပဲ ရုတ်တရက် ဇူလိုင်လ(၁၉)ရက် နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသား ခေါင်းဆောင်ကြီးများ နိုင်ငံတော် သစ္စာဖောက် မသမာသူတို့၏ လက်ချက်ကြောင့် ကျဆုံးခဲ့ကြသည်။ ဗိုလ်ချုပ် နေရာတွင် ဦးနုအားခေါ်ယူတင်သွင်းပြီး အောင်ဆန်း-အက်တလီစာချုပ်၊ ပင်လုံစာချုပ်နှင့် မေမြို့စုံစမ်းရေးကော်မရှင် တို့အခြေခံ၍ ရေးဆွဲလျက်ရှိသော အခြေခံဥပဒေပြီးဆုံးရေး၊ လွတ်လပ်ရေး အမြန်ဆုံး ကြေညာနိုင်ရေးအတွက် လွန်စွာအရေးကြီးလာသဖြင့် အခြေခံ ဥပဒေကို ဆက်လက်ရေးဆွဲကြပါသည်။ သို့သော် အစားထိုးလို့မရသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသည့်အတွက် ယူကြုံးမရ ဖြစ်ကြရသည်။ အကြောင်းမှာ ဗိုလ်ချုပ်၏မူအတိုင်း ဘယ်သူမျှ အခြေခံ ဥပဒေရေးဆွဲဖို့ စိတ်မဝင်စားကြတော့ပါ။ ဦးချန်ထွန်းအား ပုံအောပြီး သူပြီးလျှင်ပြီးသည့် အနေမျိုးထားသည်။ ဦးချန်ထွန်းကလည်း အိန္ဒိယနိုင်ငံသို့ မကြာခဏသွားရောက်ပြီး၊ အိန္ဒိယအခြေခံဥပဒေရေးဆွဲရာတွင် အကြံပေး အရာရှိဖြစ်သူ ဒေါက်တာအမ်ဘက္ကာ Dr. Ambedkar နှင့် တိုင်ပင် ဆွေးနွေးကာ ရေးဆွဲရေးကော်မတီအား အတည်ပြုခိုင်းသည်။ ထို့နောက် တိုင်းပြု ပြည်ပြုလွှတ်တော်တွင်တင်ပြပြီး အတည်ပြုချက်ယူခဲ့သည်။ လွတ်လပ်ရေး ကြေညာပြီးနောက် ရေးဆွဲသည့် အခြေခံဥပဒေကို ပြဌာန်းခဲ့ပါသည်။

ချင်းအမျိုးသားနေ့ပေါ်ပေါက်လာခြင်း
(၁၉၄၈)ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် လွတ်လပ်ရေးကြေညာ ပြီး၊ အခြေခံဥပဒေလည်း ပြဌာန်းခဲ့သဖြင့် ယင်းအခြေခံဥပဒေအရ ယခင်ချင်း တောင်တန်းများဟု နာမည်ပေးထားသော ချင်းတို့နယ်မြေများသည် ချင်း ဝိသေသတိုင်းဖြစ်လာသည်။ ထိုနည်းတူစွာ ချင်းရေးရာဝန်ကြီးဌာနလည်းပေါ် ပေါက်လာပါသည်။ သို့သော် ယခင်ချင်းအမျိုးသားများအား ကျေးကျွန်သဖွယ် ဖိနှိပ် အုပ်ချုပ်ထားခဲ့သော ချင်းတောင်တန်းများစည်းမျဉ်းဥပဒေ CHIN HILLS REGULATION ACT ကိုမူ မဖျက်သေးပဲရှိပါသည်။ ထို့ကြောင့် ချင်း ရေးရာဝန်ကြီးဌာနတွင်ရှိသည့် ချင်းတိုင်းပြုပြည်ပြုလွှတ်တော် ကိုယ်စားလှယ် (၁၄)ဦးတို့က ယင်းဥပဒေကို ပယ်ဖျက်နိုင်ရန် အဓိက တာဝန်တရပ်အနေဖြင့် ဆောင်ရွက်ကြသည်။ ၄င်းအချိန်တွင် ချင်းရေးရာ ဝန်ကြီးမှာမန်းတုန်းနုန်းဖြစ်သည်။ ကပ္ပတိန်မန်းတုန်းနုန်းသည် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏ အတွင်းရေး အတွင်းဝန် P.A.လည်းဖြစ်သည်။ ၄င်းပြင် မြန်မာနိုင်ငံ ကောက်ပဲသီးနှံရောင်းဝယ်ရေး SAMB ဥက္ကဋ္ဌလည်း ဖြစ်သည်။

ချင်းဝိသေသတိုင်းအခြေအနေ စုံစမ်းစစ်ဆေးရန် ကော်မတီတရပ်ဖွဲ့ စည်းရန် (၁၉၄၈)ခုနှစ်ဇန်နဝါရီလ(၂၂)ရက်နေ့တွင် ကပ္ပတိန် မန်းတုန်းနုန်းက ချင်းရေးရာ ဥက္ကဋ္ဌအနေနှင့် ဆွေးနွေးတင်ပြရာ အားလုံးက သဘောတူကြသည်။ ကော်မတီတွင် ရာထူးအရ ချင်းရေးရာဝန်ကြီး ပူဝမ်းသူးမောင်ပါဝင်ပြီး၊ ဝန်ထမ်းများအနက်မှ ချင်းဝိသေသတိုင်း၊ တိုင်းမင်းကြီးဦးသိမ်းမောင်နှင့် ပညာရေးဌာနမှ ဦးစိုးဝင်းတို့ပါဝင်သည်။ အမှန်မှာတော့ ဝန်ကြီးဦးဝမ်းသူမောင် က ရာထူးအရသာပါဝင်ခြင်း Ex-officiomember ဖြစ်ပြီး၊ ချင်းတောင်တန်း ပြည်သူလူထုအပေါ် အဆိုပါချင်းတောင်တန်းများ စည်းမျဉ်းဥပဒေ မည်ကဲ့သို့ ဖိနှိပ်ခဲ့သည်ဆိုသည်ကို သိရှိပြီးဖြစ်သည်။ အမှန်တကယ် စုံစမ်းစစ်ဆေးသူမှာ ချင်းအမျိုးသားမဟုတ်သည့် အဆိုပါ ဦးသိမ်းမောင်နှင့် ဦးစိုးဝင်း တို့ဖြစ်နေပါသည်။

ဤကဲ့သို့ ချင်းရေးရာ ကောင်စီသဘောတူဆုံးဖြတ်ထားခြင်းကို နိုင်ငံတော်အစိုးရ ဝန်ကြီးအဖွဲ့သို့ တင်ပြရန်ဖြစ်သဖြင့် ကပ္ပတိန် မန်းတုန်းနုန်းက ဝန်ကြီးအဖွဲ့သို့မတင်ပြမီ နိုင်ငံတော်ဝန်ကြီးချုပ်ထံ အကြောင်းစုံ တင်ပြခဲ့သည်။ ၄င်းနောက်(၁၉၄၈)ခုနှစ် ဖေဖေါ်ဝါရီလ (၅)ရက်နေ့တွင် ဝန်ကြီးအဖွဲ့၌ စုံစမ်းရေးကော်မရှင်စေလွှတ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့သော် ချင်းလွှတ်တော် ကိုယ်စားလှယ်များက စုံးစမ်းရေးကော်မရှင်၏တွေ့ရှိချက် စောင့်မည်ဆိုလျှင် ကြာမည်။ ၄င်းကော်မရှင်၏ တွေ့ရှိချက်သည် ဥပဒေပြဌာန်းသည့်အခါ ထည့်သွင်း စဉ်စားရန်ထားမည်။ ချင်းပြည်နယ် လူထုဆန္ဒ ယခုချက်ချင်း အစည်းအဝေးကြီး ကျင်းပပြီး၊ ယူထားမည်ဟု သဘောတူကြသဖြင့် (၁၉၄၈) ခုနှစ် ဖေဖေါ်ဝါရီလ(၁၈-၂၃)အတွင်း ချင်းဝိသေသတိုင်း၏ မြို့တော်ဖြစ်သော ဖလမ်းမြို့တွင် လူထုအစည်းအဝေးပွဲကျင်းပရန် သဘောတူကြသည်။ ၄င်းစည်းဝေးပွဲကြီးသို့ တက်ရောက်ရန် နိုင်ငံတော်သမတကြီး စပ်ရွှေသိုက်နှင့် ဝန်ကြီးချုပ် ဦးနုတို့ကို ဖိတ်ကြားထားသော်လည်း သမတကြီးသာတက်ဖြစ်ခဲ့သည်။ စည်းဝေးပွဲကြီးသို့ လူထု(၅ဝဝဝ)ကျော် တက်ရောက်ခဲ့သည်။ စုံးစမ်းစစ်ဆေးရေး ကော်မတီဝင်များလည်း စုံလင်စွာတက်ရောက်ကြသည်။ အစည်းအဝေးကြီးကို (၁၈-၂ဝ)ထိသာ ပါဝင်တက်ခဲ့ကြသည်။

(၁၉၄၈)ခု ဖေဖေါ်ဝါရီလ (၂ဝ)ရက်နေ့တွင် တီးတိန်နယ်မှ ဆူဗီဒါရ် ပူထန်ဇကိုင် Sub. Pu Thang Zakai မှ နယ်ချဲ့အင်္ဂလိပ်ခေတ် ပဒေသရာဇ် ဥပဒေအရ ချင်းပြည်သူလူထုအား ကျေးကျွန်သဖွယ် ဖိနှိပ် အုပ်ချုပ်သော စံနစ်၊ အခွန်တော်အမျိုးမျိုး၊ ဆက်ကြေး အမျိုးမျိုးတို့ကို ကောက်ယူခြင်းစနစ်၊ ပြည်သူလူထုထံမှ မတရား လုပ်အားမျိုးစုံ တောင်းယူခြင်းစနစ် မျိုးစုံတို့ကို ဖျက်သိမ်းရန်၊ ပဒေသရာဇ်ဥပဒေအရ ခန့်အပ်ထားသော တိုက်သူကြီး၊ ရွာသူကြီးရာထူးများ ဖျက်သိမ်းပစ်ရန်နှင့် ၄င်းတို့နေရာတွင်ပြည်သူလူထု ရွေးကောက်တင်မြှောက်သော ကျေးရွာကောင်စီဥက္ကဋ္ဌ၊ တိုက်နယ်ကောင်စီဥက္ကဋ္ဌစသဖြင့် ထားရှိရန် အဆိုတင်သွင်းခဲ့သည်။ အစည်းအဝေး သဘာပတိ အဖြစ် နိုင်ငံတော်သမတကြီးစဝ်ရွှေသိုက်က ဆောင်ရွက်ပြီး၊ အခမ်းအနားမှူးအဖြစ် ကပ္ပတိန် မန်းတုန်းနုန်းက ဆောင်ရွက်သည်။ သဘာပတိက “ကန့် ကွက်သူရှိပါသလား”ဟုမေးသောအခါ ကန့်ကွက်သူရှိ၍ ထောက်ခံသူလည်းရှိသဖြင့် မဲနှင့်ဆုံးဖြတ်ခဲ့ရသည်။ အဆိုကို ထောက်ခံမဲ (၄၉၉၃)မဲရှိပြီး၊ ကန့် ကွက်မဲ (၇)မဲရရှိသည်။ ထိုအခါ သဘာပတိက အဆိုကို အတည်ပြုကြောင်း ကြေညာလိုက်သည်။

ထို့ကြောင့် (၂ဝ၊ ၂၊ ၄၈)နေ့သည် ချင်းပြည်သူ လူထုတရပ်လုံးက အသဲနှစ်လုံးကြားက ဆန္ဒဖော်ထုတ်သောနေ့ဖြစ်သည်။ ချင်းပြည်သူလူထုအရေး အောင်မြင်သောနေ့ဖြစ်သည်။ ချင်းအမျိုးသားများရဲ့  ရာဇဝင်တမျိုး ပြောင်းလဲသော နေ့ထူးနေ့မြတ်ဖြစ်သည်။ တမျိုးပြောရလျှင် နယ်ချဲ့သမားများရဲ့ ပဒေသရာဇ်ဥပဒေဖြစ်သော ချင်းတောင်တန်းများစည်းမျဉ်းဥပဒေ Chin Hills Regulation Act ကျဆုံးသောနေ့ဖြစ်သည်။ ချင်းတောင်တန်းတွင် ဒီမိုကရေစီအောင်ပွဲနေ့ဖြစ်သည်။ ထို့ကြောင့် (၁၉၄၈)ခုနှစ် ဖေဖေါ်ဝါရီလ (၂ဝ)ရက်နေ့သည် ချင်းအမျိုးသားနေ့ဟု သတ်မှတ်ခေါ်ဆိုကြသည်။

သဘာပတိအဖြစ်ဆောင်ရွက်သူ နိုင်ငံတော်သမတကြီးစဝ်ရွှေသိုက်သည် စော်ဘွားတဦးဖြစ်သည့်အတွက် ပဒေသရာဇ်ကျဆုံး၍ ပဒေသရာဇ် ဥပဒေအရ ခန့်အပ်ထားသော ရွာသူကြီးများ၊ တိုက်သူကြီးများ၊ စော်ဘွားများ၏ အာဏာချက်ချင်းကြီး ကျဆုံးသောအခါ သနားစာနာမိသဖြင့် ၄င်း အစည်းအဝေးမှာပင် ၄င်းရွာသူကြီးများ၊ တိုက်သူကြီးများနှင့် စော်ဘွားကြီးများအား လျော်ကြေး သိန်းနှင့်ချီပြီးပေးကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ ယင်းလျော်ကြေးငွေများကို စုံစမ်းရေးကော်မတီပြီးဆုံးသော (၁၉၄၈) ခုနှစ် စက်တင်္ဘာလ (၉)ရက်နေ့ နောက်ပိုင်းတွင် အဆင့်လိုက်ခွဲတမ်းချဝေငှခဲ့ပါသည်။

၎င်းနောက် ချင်းတောင်တန်းများစည်းမျဉ်းဥပဒေကို တရားဝင် ဖျက်သိမ်းကာ (၁၉၄၈)ခုနှစ် ချင်းဝိသေသတိုင်း အက်ဥပဒေ CHIN SPECIAL DIVISION ACY (1948) နှင့် ချင်းဝိသေသတိုင်း (ဥပဒေများသက်ဆိုင်ခြင်း) CHIN SPECIAL DIVISION – EXTENSION OF LAWS ACT တို့နှင့် အစားထိုး ပြဌာန်းခဲ့ပါသည်။

သို့သော် ၄င်းအချိန်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတွင်အလွန်စိတ် အနှောက်အယှက်ဖြစ်ဘွယ်ရာ အချက်ကြီးတခု ပေါ်လာသည်။ ချင်းရေးရာ ဝန်ကြီးဌာနအပါအဝင် ပြည်ထောင်စုအစိုးရသည် ”ရန်ကုန်အစိုးရ”ဟု အခေါ် ခံနေရသောအချိန်ဖြစ်သည်။ ကရင်သူပုန်ထသည်။ ကွန်မြူနစ်တွေကလည်း တောခိုကြသည်။ ချင်းရေးရာကောင်စီဥက္ကဋ္ဌဖြစ်သူ ကပ္ပတိန်မန်းတုန်းနုန်းကလည်း နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏ အတွင်းရေးအတွင်းဝန်ဖြစ်သည့်အပြင် မြန်မာနိုင်ငံကောက်ပဲသီးနှံရောင်းဝယ်ရေးဘုတ်အဖွဲ့ SAMB ဥက္ကဋ္ဌလည်းဖြစ်သည့်အတွက် အလွန်အလုပ်များသည်။ ဤအတောအတွင်း အစိုးရတွင် လက်နက်မရှိတော့ပါ။ ထိုအခါ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဆောင်ရွက်သူ ဦးကျော်ငြိမ်းက အင်္ဂလန်သို့ သွားရောက်ပြီး၊ လက်နက်ရောင်းချရန်ပြောသော်လည်း အင်္ဂလိပ်သူလျှိုဟုထင်ရသည့် ကင်းဘဲလ် CAMPBELL အား မြန်မာအစိုးရက ဖမ်းဆီးထားသည့်အတွက် ဗြိတိသျှအစိုးရက လက်နက် မရောင်းသည့်အပြင် လျှောက်ထားသူနိုင်ငံခြားရေး ဝန်ကြီးဦးကျော်ငြိမ်းအား ကြိမ်းမောင်းလွှတ်လိုက်သည်။ တခါ ဦးကျော်ငြိမ်း အမေရိကန်သို့ သွားရောက်၍လက်နက်ဝယ်ရန်ကမ်းလှမ်းသောအခါ အမေရိကန်သံရုံးက မြန်မာနိုင်ငံသည် အင်္ဂလိပ်နှင့် လက်ျာ-ဖရီးမင်း စာချုပ် ချုပ်ဆိုထားသည် ဖြစ်၍ လက်နက်ရောင်းရန် မဖြစ်ကြောင်း ပြောလိုက်ပြန်ပါသည်။

ထိုအခါ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက ၄င်း၏အတွင်းရေးအတွင်းဝန် ကပ္ပတိန်မန်းတုန်းနုန်းအား အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဂျဝါဟာလာလ် ပန်ဒစ် နေရူး ထံသို့စေလွှတ်၍လက်နက်ရောင်းချရန်တောင်းဆိုခိုင်းသည်။ ချင်းအမျိုးသား ခေါင်းဆောင်ကြီး ကပ္ပတိန်မန်းတုန်းနုန်းသည် ဥပဓိရုပ် အလွန်ကောင်းမွန်သူ ဖြစ်သည်။ နှုတ်ခမ်းမွှေးလေးနှင့်အလွန်ခန့်ညားသည်။ ကပ္ပတိန်မန်းတုန်းနုန်းသည် အမြဲတမ်း အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်သူဖြစ်သည်။ ဟိန္ဒူစတာနီစကား အလွန်ကျွမ်းကျင်သူဖြစ်သဖြင့်အန္ဒိယ အစိုးရထံ အကူအညီ တောင်းရန် အင်မတန်မှ သင့်တော်သူဖြစ်သည်။ ထိုနှင့်ကပ္ပတိန်ကြီးက လက်နက်ခဲယမ်းအပြည့်အစုံ တပ်ရင်း (၉)ရင်းစာခန့်ရလာ၏။ သင်္ဘော ဗိုက်ခန်း၌ဖွက်ထားပြီး သင်္ဘောပေါ်တွင် ဘင်္ဂလားနွားအကောင်နှစ်ဆယ်ပါ မြန်မာ နိုင်ငံသို့ သယ်ဆောင်လာခဲ့၏။ ကျန်ငွေ ရှစ်ရာတို့ကို နိုင်ငံတော် ဝန်ကြီးချုပ်ထံသို့ ပြန်လည်ပေးအပ်ခဲ့၏။ မသိသောသူများက ကပ္ပတိန် မန်းတုန်းနုန်းအား “နွားကျောင်းသား” ဟူ၍ နာမည်ပေးကြ၏။

အထက်ပါအကြောင်းများကြောင့် ချင်းရေးရာကိစ္စများ လစ်လျူရှု ထားခဲ့ရာ (၁၉၅ဝ)ခုနှစ်အောက်တိုဘာလ (၉)ရက်နေ့ ချင်းရေးရာကောင်စီ စည်းဝေးပွဲတွင်မှ (၁၉၄၈)ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂ဝ)ရက်နေ့ကို ချင်းအမျိုး သားအောင်ပွဲနေ့အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ၄င်းအချိန်သည် ချင်းရေးရာကိစ္စနှင့်စပ်လျဉ်း၍ ကပ္ပတိန်မန်းတုန်းနုန်းနှင့် ပူဝမ်းသူးမောင်တို့ ပြီးလျှင် ပြီးသည့် ခေတ်ဖြစ်ပါသည်။ သို့သော် ၄င်းတို့က နိုင်ငံတော်ရုံးပိတ်ရက် Gazette Holiday အဖြစ် ဆက်လက်ထားရှိရန်ကား သတိမမူခဲ့ကြပေ။

(၁၉၅၆)ခုနှစ်တွင် ပူးဇရဲလျန်အစိုးရတက်သောအခါ ထိုချင်းအမျိုး သားအောင်ပွဲနေ့ကို ဒီဇင်ဘာလ(၄)ရက်နေ့ဖြင့် အစားထိုး ပြောင်းရွှေ့ရန် ချင်းရေးရာကောင်စီအစည်းအဝေးဆုံးဖြတ်ချက်ချခဲ့သည်။ သို့သော်ပြည်သူ လူထုက မထောက်ခံပေ။ နောက်တဖန် တော်လှန်ရေး ကောင်စီခေတ်တွင် မဆလပါတီမှ မင်းတပ်ပါတီယူနစ်စည်းရုံးရေးမှူး ဦးမြင့်သိန်း(ဗိုလ်မှူး-ငြိမ်း)က (၁၉၆၆)ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်နေ့ကို ချင်းအမျိုးသားနေ့အစား ချင်းဝိသေသတိုင်းနေ့အဖြစ်သို့ ပြောင်းလဲခေါ်ဆိုရမည်ဟု ပြောကြားပြန်ပါသည်။ ထိုအချက်ကို ချင်းပြည်သူလူထုက လက်မခံနိုင်သဖြင့် ချင်းဝိသေသတိုင်းရှိ မြို့နယ်များမှ ချင်းရေးရာဦးစီးအဖွဲ့ရုံး ဟားခါးမြို့သို့ မကျေနပ်ချက် အကျိုးအကြောင်းစုံလင်စွာနှင့် တင်ပြကြသည်။ ချင်းရေးရာဦးစီးအဖွဲ့ဝင်၊ ဒု-ဗိုလ် မှူးကြီးဟောင်း ဦးပွတ်ပါး က တော်လှန်ရေးကောင်စီဥက္ကဋ္ဌရုံးသို့တက်ရောက်ပြီး အကျိုးအကြောင်းတင်ပြသောအခါ ဥက္ကဋ္ဌရုံးမှစာနှင့် တင်ပြရန် ညွန်ကြားခဲ့ပါသည်။ ချင်းရေးရာဦးစီးအဖွဲ့ရုံးက (၁၁၊ ၇၊ ၆၆)ရက်စွဲပါစာအမှတ် သက-၂၉/ဝ၄/(၁)ဖြင့် တော်လှန်ရေးကောင်စီဥက္ကဋ္ဌရုံးသို့ အကျိုးအကြောင်း ပြည့်စုံစွာ တင်ပြခဲ့သည့်အတွက် ချင်းအမျိုးသားအောင်ပွဲနေ့ကို ချင်းအမျိုးသားနေ့ အဖြစ်ဆက်လက်ထားရှိရန် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌရုံးက (၂၅၊ ၁၁၊ ၆၆)ရက်စွဲပါ စာအမှတ်(၃ဆ/၁၅-ဗ/၆၆)ဖြင့် အကြောင်း ပြန်ကြားခဲ့ပါသည်။ ချင်းရေးရာဦးစီးရုံးကလည်း ချင်းဝိသေသတိုင်းရှိ ဌာနအားလုံးထံသို့ ထိုအချက်ကို (၁၉၆၇ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်စွဲပါ စာအမှတ်ယက/ဝ၄(၂) ဖြင့် ပြန်လည် အကြောင်းကြားခဲ့ပါသည်။ နောက်တဖန်ချင်းပြည်နယ်ကောင်စီ ရုံးက ချင်းအမျိုးသားနေ့ကို ချင်းပြည် နယ်နေ့အဖြစ် ပြောင်းလဲခေါ်ဆိုရန် အမိန့်ထုတ်ပြန်ခဲ့သေးသည်။ သို့သော် မအောင်မြင်ခဲ့ပါ။

(၁၉၄၈)ခုနှစ်မှ စပြီး ယနေ့ထက်တိုင် ချင်းအမျိုးသားများသည် ရောက်သည့်နေရာတိုင်းတွင် ချင်းအမျိုးသားနေ့ကို ဖေဖေါ်ဝါရီလ(၂ဝ) ရက် နေ့တွင် ကျင်းပမြဲဖြစ်သည်။ အကြောင်းမှာ ချင်းအမျိုးသားနေ့သည် ချင်း အမျိုးသားထုတရပ်လုံးက အသဲနှလုံးကြားမှဆန္ဒအမှန်ကို ဖေါ်ထုတ်သောနေ့၊ ချင်းအမျိုးသားထုကနယ်ချဲ့ကို အောင်နိုင်သောနေ့ တနည်းပြောလျှင် ဒီမိုကရေစီစနစ်က အာဏာရှင်စနစ်အပေါ် အောင်ပွဲခံသောနေ့ပင်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီလိုလားသူတိုင်းက ချင်းအမျိုးသားနေ့ကို မြတ်နိုးကြသည်။ အားပေးကြသည်။ (၁၉၉၈) ခုနှစ် ဖေဖေါ်ဝါရီလ (၂ဝ) ရက်နေ့တွင် ပူကျင့်ရှင်းထန် Pu Chin Sian Thang ၊ ပူဒိုးပေါင် Pu Do Puh ၊ ပူဝုန်ဇပေါင် Pu Vung Za Paau ၊ ပူဂင့်ကမ်းလျန် Pu Gin Kam Lian ၊ ပူဝုန်ဇပေါင် Pu Vung Za Pau ၊ ပူဂင့်ကမ်းလျန် Pu Gin Kaam Lian ၊ ပူဒါလ်ဒိုးလျန် Pu Dal Do Lian နှင့် ပူကဲနက် Pu Ganesh ၊ ပူတောင်ဒိုးကျင့် Pu Tawng Do Cin တို့ဦးဆောင်ကာ အဖျက်သိမ်းခံ ဇိုးမီး အမျိုးသား ကွန်ကရက်က “ချင်းအမျိုးသားနေ့ အောင်ပွဲ” ရွှေရတုသဘင်ပွဲ ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဖူလိုက်စား သောက်ဆိုင် FU-LAI RESTA-URANT ၌ကျင်းပခဲ့ပါသည်။

ဤ ဒီမိုကရေစီနေ့ကိုလာရောက်အားပေးကြသူများထဲတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဥက္ကဋ္ဌ ဦး အောင်ရွှေ၊ ဒု-ဥက္ကဌဦးတင်ဦးနှင့် အခြားအဖွဲ့ဝင်များ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှဥက္ကဋ္ဌကြီး ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် နှင့် အခြားအဖွဲ့ဝင်များ အဖျက်သိမ်းခံ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌကြီး ဒေါက်တာဦးစောမြအောင်၊ ဦးသာဘန်း၊ ဦးအေးသာနှင့် အခြားအဖွဲ့ဝင်များ၊ အဖျက်သိမ်းခံ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဥက္ကဋ္ဌကြီးနိုင်ထွန်းသိန်း၊ အတွင်းရေးမှူး နိုင်ငွေသိန်းနှင့် အခြားအဖွဲ့ဝင်များနှင့် ဦးအောင်မြင့်ဦးနှင့် ဦးခင်မောင်ကြည်တို့ ပါဝင်ကြသည်။ ၄င်းချင်းအမျိုးသားနေ့တွင် အောက်ပါ သဝဏ်လွှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပေးပို့ခဲ့ကြသည်။

ရွှေရတု ချင်းအမျိုးသားနေ့ သဝဏ်လွှာ
မင်္ဂလာရှိသောရွှေရတုချင်းအမျိုးသားနေ့ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အထူးဂုဏ်ယူစွာဖြင့် ကြိုဆိုလိုက်ပါသည်။ လွတ်လပ်ရေးကြိုးပမ်းမှုတွင် သစ္စာတရား၊ သူရသတ္တိတို့နှင့် ပြည့်စုံစွာပါဝင်ခဲ့သော ချင်းအမျိုးသား များသည် အနာဂတ်ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် များစွာပံ့ပိုးနိုင်မည်ကို ယုံမှားသံသယမရှိပါ။ အမျိုးသားနိုင်ငံရေးဖြစ်သည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကိုလည်း ပိုမိုခိုင်ခံ့စေရန်အားထုတ်သွားကြမည်ဟု ယုံကြည်ပါသည်။

ယနေ့မှစ၍ ချင်းအမျိုးသားအားလုံး စိတ်နှလုံးရွှင်လန်း ချမ်းမြေ့ စွာဖြင့် ကျွန်ုပ်တို့ မျှော်မှန်းသော လူ့အခွင့်အရေးအပြည့် အဝအာမခံသည့် စစ်မှန်သည့် ပြည်ထောင်စုသို့ ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲချီတက်ရန် အဓိဋ္ဌာန်ပြုကြပါစို့။ ။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(၁၃၅၉)ခုနှစ်၊ တပို့တွဲလဆုတ်(၉)ရက်
(၁၉၉၈)ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂ဝ)ရက်

၎င်းနောက် အဆိုပါ ဖူလိုင်းစားသောက်ဆိုင် FU-LAI အား ချိတ် ပိတ်ခံရကြောင်း ကြားသိရပါသည်။ ဤလုပ်ရပ်သည် အလွန်အရုပ်ဆိုးသော အာဏာပိုင်တို့၏ လုပ်ဖြစ်သည်။

အခြေခံဥပဒေအပေါ် မကြေနပ်မှုများ ပေါ်ပေါက်လာခြင်း
လွတ်လပ်ရေးရပြီး၊ အခြေခံဥပဒေလည်း ပြန်ဌာန်းပြီးပြီ၊ တိုင်းပြည် ပိုမိုအေးဆေးရမည့်အစား ပိုမိုဆိုးရွားလာသည်။ ကွန်မြူနစ်တွေ ကလည်း တောခိုကြသည်။ တောခိုသည့်အကြား အလံနီ၊အလံဖြူ၊ အလံဝါထိအောင် ကွဲပြားလာသည်။ ကရင်ကလည်း သူပုန်ထနေတော့ အခြေခံဥပဒေအရ အထွေထွေရွေးကောက်ပွဲကြီးမကျင်းပနိုင်သေးဘဲ တိုင်းပြုပြည်ပြု ၏ CONSTITUENT ASSEMBLY လွှတ်တော် ကိုယ်စားလှယ်များက ဆက်လက် တာဝန်ထမ်းဆောင်ရသည်။ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၊ ပြည်ထဲရေး ဝန်ကြီး ဦးကျော်ငြိမ်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးတင်ထွဋ်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ် လက်ျာ၊ စစ်ဦးစီးချုပ်စမစ်ဒွန်းစသည်ဖြင့် အသီးသီး တာဝန်ယူထားကြသည်။

လွတ်လပ်ရေးမရမီမှာ လွတ်လပ်ရေးရလျှင် ဦးနုနှုတ်ထွက်ပြီး ဖဆပလဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဟု လူသိရှင်ကြား ကြေညာထားပြီးဖြစ်၍ ဝန်ကြီးချုပ်ဦးနုထွက်လျှင် ဝန်ကြီးချုပ်နေရာကို ဒုတိယဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်လက်ျာ လုပ်မည်ဟု သေချာတွက်ထားပြီး၊ ကျန်ရာထူးများအတွက်လုနေကြသည်။ ဗိုလ်ဇေယျသည် ကာကွယ်ရေးဝန်ကြီးဖြစ်လိုသဖြင့် တနေ့ဦးနုထံ လာရောက်၍ ဗိုလ်နေဝင်းအားကာကွယ်ရေးဝန်ကြီးခန့်ရန်၊ တပ်မတော်ဦးစီး ချုပ်စမစ်ဒွန်း နှင့် ဒု-ဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေး ဝန်ကြီးလည်းဖြစ်သူ ဗိုလ်လင်္ကျာတို့က မလိုလားကြောင်း၊ ၄င်းနေရာကိုမိမိအားပေးရန်တောင်း ဆိုလာသည်။ ၄င်းပြင် ဒု-ဝန်ကြီးချုပ် ဗိုလ်လက်ျာ၊ စမစ်ဒွန်း၊ ရဲဗိုလ်ချုပ် ဦးထွန်းလှအောင်နှင့် ပြည်ထဲရေးအတွင်းဝန်ဦးကာစီ စသောပုဂ္ဂိုလ်များပါဝင်သည့် အိမ်စောင့်အစိုးရသို့မဟုတ် နိုင်ငံတော်လုံခြုံရေးကောင်စီ ဖွဲ့စည်းပေးရန် ဝန်ကြီးချုပ်ဦးနုထံ ဤပုဂ္ဂိုလ်များ လာရောက် တောင်းဆိုပါလိမ့်မည်ဟု ဗိုလ်ဇေယျက ဦးနုအား ပြောသည်။

ဤစကားကို ဦးနု၏ အတွင်းရေးဝန် ကပ္ပတိန်မန်းတုန်းနုန်း က ကြားမိ၍ ပူးဝမ်းသူးမောင်နှင့် တိုင်းပြည်အခြေအနေ ဒီလိုပဲဆိုပြီး ဆွေးနွေးသည်။ များမကြာမီ မိတ္ထီလာမြို့၌ကျင်းပသော တပ်မှူးညီလာခံတွင် ဤကိစ္စများ၏ အရိပ်အမြွက်ကို ချင်းတပ်မှ တပ်မှူးများ ဖြစ်ကြသော ဗိုလ်မှူးကြီး ဒါလ်ဇကမ်း Col. Dal Za Kam ၊ ဗိုလ်မှူးကြီး စွန့်ခိုပေါင် Col. Son Ko Pau တို့က လည်း ကြားသိကြသည်။ အင်းစိန်တိုက်ပွဲလည်း ပြင်းထန်လှသဖြင့် ချင်းတပ်သားများစွာကျဆုံးကုန်၏။ ထိုအခါ ဗိုလ်မှူးကြီးစွန်ခိုးပေါင်အဖွဲ့သည် ချင်းရေးရာ ဝန်ကြီးရုံးသို့ သွားရောက်ပြီး ”နိုင်ငံရေးသမားများ ဘာမှနားမလည် ဘဲနှင့် ခင်ဗျားတို့ အိမ်ပြန်ကြပါ”ဟု ကြိမ်းမောင်းမိသည်။ အင်းစိန် တိုက်ပွဲ၌ ချင်းအမျိုးသားများ အများပြားကျဆုံးခဲ့သဖြင့် နိုင်ငံရေးသမားများ ညှိနှိုင်း လျှင်ပြီးသည့်ကိစ္စဖြစ်ကြောင်း ၄င်းတို့က ဆိုလိုခြင်းဖြစ်သည်။ ဤသတင်း ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းထံရောက်သွားသောအခါ ဦးကျော်ငြိမ်းနှင့် အပေါင်းအပါ အချို့က ယင်းအိမ်စောင့်အစိုးရသို့မဟုတ် နိုင်ငံတော် လုံðခံရေး ကောင်စီတောင်းဆိုသော အဖွဲ့သည် တိုင်းပြုပြည်ပြု လွှတ်တော်ကို ဖယ်ရှားပြီး အာဏာသိမ်းရန် ကြံစည်ခြင်းဖြစ်၍ ၄င်းအဖွဲ့ကိုတုန့်ပြန်ရန် လက်ဝဲညီညွတ် ရေးကောင်စီ ဖွဲ့စည်းပြီး ဗိုလ်နေဝင်းကဥက္ကဋ္ဌ၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ တို့က အဖွဲ့ဝင်၊ ဦးသိန်းဖေမြင့်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ကြသည်။ ဗိုလ်မှူးကြီးစွန်ခိုးပေါင်တို့အဖွဲ့နှင့် စစ်ဦးစီး စမစ်ဒွန်းတို့ကွယ်ရာတွင် ဆက်သွယ်လို့ဒီစကားမျိုး ချင်းရေးရာဝန်ကြီးရုံးများ လာပြောနိုင်သည်ဟု ဦးကျော်ငြိမ်းက တွက်ဆသည်။

ထို့ကြောင့် ချင်းစစ်ဗိုလ်တော်တော် များများရာထူးမှðဖတ်ချခြင်းခံခဲ့ ကြရသည်။ ဤသို့ ဖြုတ်ချခြင်းခံရခြင်းမှာ ပူဝမ်းသူးမောင်နှင့် ကပ္ပတိန်မန်းတုန်းနုန်းတို့ကြောင့်ဟု ယူဆကာ ချင်းပြည်သူလူထုက (၁၉၅၆)ရွေးကောက်ပွဲတွင် ပူဝမ်းသူးမောင်နှင့် ကပ္ပတိန် မန်းတုန်းနုန်းတို့အား မဲမပေးတော့ပေ။ (၁၉၅၆) ခုနှစ်ရွေးကောက်ပွဲတွင်ချင်းအမျိုးသားကွန်ဂရက် Chin National Congress ပါတီမှ ပူဇရဲလျန်အား ချင်းဝိသေသတိုင်း အက်ဥပဒေပုဒ်မ(၁၉၈)အရချင်းရေးရာဝန်ကြီးအဖြစ် ရွေးကောက် တင်မြှောက်ခဲ့သော်လည်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက လက်မခံဘဲ ဖဆပလအဖွဲ့ဝင် ပူရှိန်ထန် အားချင်းရေးရာဝန်ကြီး အဖြစ် တိုက်ရိုက် ခန့်အပ်သည်။ ထိုအခါ ချင်းပြည်သူလူထုက အံ့အားသင့်ကြပါသည်။ တီးတိန်မြို့သို့ရောက်ရှိလာသောဝန်ကြီးချုပ် ဦးနုအား ပူအက်တီ ဟောက်ဂိုး S. THAU GO က မည်သည့်အတွက်ကြောင့် မဲနှင့်အနိုင်ရသူကို ချင်းဝန်ကြီးမခန့်ဘဲ မဲမရသူတယောက်ချင်းဝန်ကြီး အဖြစ်ခန့်သနည်းဟု မေးခွန်း ထုတ်မိသည်။ ၄င်းအချိန်တွင် ပူအက်တီဟောက်ဂိုး သည် ခရစ်ယာန် သာသနာ့ဝန်ထမ်းတပါးဖြစ်သည့်အတွက် တီးတိန်မြို့ရှိ အမေရိကန် နှစ်ခြင်း သာသနာပြုဆရာတော် နလ်ဆန်းထံ “ခင်ဗျားလူ ထိမ်းပါ”ဟု အထက်မှ အမိန့်လာသောအခါ ဆရာတော်က အမေရိကန်နိုင်ငံတွင်လည်း သာသနာပြု ဆရာတော်များက နိုင်ငံရေးပြောပိုင်ခွင့်ရှိပါသည်ဟု ပြန်ပြောသည့်အတွက် ၄င်းအား မြန်မာနိုင်ငံမှထွက်ခွာပြီး ပြန်မလာရန် အမိန့် ထုတ်ထားခြင်း ခံခဲ့ရပါသည်။ ပူရှိန်ထန်၊ ပူရာလ်မှုန်း၊ ပူထပ်လိုင်၊ ပူမန်ကျင့်ခုတ် တို့သည် ဆွေ-ငြိမ်း ဘက်သို့၊ ပူဇရဲလျန်၊ ပူနိုဇမ်၊ ပူရိုထန်တို့ သည် နု-တင် ဘက်သို့ အသီးသီးပါဝင်သွားကြသည်။

ထို့ကြောင့် (၁၉၆ဝ) ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပသော အခါ ပူဇရဲလျန်က ၄င်း၏ပါတီဖြစ်သည့် ချင်းအမျိုးသားကွန်ဂရက် Chin National Congress နှင့်မဟုတ်တော့ဘဲ နု-တင် တို့ပါတီ ကိုယ်စားလှယ် အဖြစ်ရွေးကောက်ပွဲဝင်သည်။ ဦးရှိန်ထန်၊ ဦးထပ်လိုင် တို့ကလည်း ဆွေ-ငြိမ်း ပါတီ (တည်မြဲ)ဖဆပလ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ကြသည်။ ကပ္ပတိန်မန်းတုန်းနုန်း က ၄င်းတို့ ပါတီကို KSVP ချင်းအမျိုးသား စည်းရုံးရေး Chin National Congress အဖြစ်ပြောင်းလဲပြီး CNO နာမည်နှင့် ရွေးကောက်ပွဲဝင်ခဲ့ကြသည်။ ပေါ်လစီမှာ သိသည့်အတိုင်း ဖဆပလကလည်း ဆိုရှယ်လစ်ဝါဒ ကျင့်သုံးသည်ပြောပြီး၊ ပြည်ထောင်စုကလည်း ဆိုရှယ်လစ်ဝါဒ ကျင့်သုံးသည် ပြောကြသည်။ သို့သော် တည်မြဲ ဖဆပလ က တပ်နှင့် နားလည်မှုရှိသည်ဆိုပြီး၊ လူထုကမကြိုက်ကြပါ။ ပြည်ထောင်စု ပါတီကတော့ အနိုင်ရလျှင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေညာမည်ဟု ဟောပြောကြသည်။ စီအင်အိုဝါဒမှာကား ပြည်ထောင်စုသား အားလုံး တန်းတူရည်တူ ပင်လုံစာချုပ်အတိုင်း ပေါင်းသင်းဆက်ဆံရေးပင်ဖြစ်သည်။

သို့သော် ချင်းဝိသေသတိုင်းတွင် မည်သည့် ပါတီကမှ ပြတ်ပြတ် သားသားမနိုင်ခဲ့ပါ။ ထို့ကြောင့် အခြေခံဥပဒေပုဒ်မ (၁၉၈) အရ ချင်းရေးရာ ဝန်ကြီးရွေးသည့်အခါ စီအင်အိုနှင့် ဖဆပလ ပေါင်းပြီးညွန့်ပေါင်းအစိုးရဖွဲ့ရန် လုပ်သည့်အခါ ဝန်ကြီးချုပ်ဦးနုက လက်မခံဘဲ ၄င်း၏ပါတီဝင် ပူဇရဲလျန်အား ချင်းရေးရာဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်။ ထိုအခါ နိုင်ငံတော်ဝန်ကြီးချုပ်က အခြေခံဥပဒေ ချိုးဖောက်သည်ဆိုပြီး၊ တရားရုံးချုပ်သို့ တရားစွဲဆိုခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပါ။ ရှမ်းပြည်နယ်မှာလည်း စွဝ်ခွန်ချိုနှင့် ဦးထွန်း မြင့်ကိစ္စ၊ ကချင်ပြည်နယ်မှာလည်း ဆမားဒူးဝါးဆင်ဝါးနောင်နှင့် ဦးစံတားဆင် ကိစ္စ၊ ကရင်ပြည်နယ်မှာလည်း ဒေါက်တာ စောလှထွန်း ကိစ္စများတွင် ဝန်ကြီးချုပ်က အလားတူလုပ်ခဲ့သည်။ ထိုတွင် ကျနော်တို့ အခြေခံဥပဒေသည် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း လမ်းညွန်ချက်(၇)ချက်မှ သွေဖီပြီး ရေးဆွဲခြင်းကြောင့် နာမည်ပြည်ထောင်စုခေါ်သော်လည်း အမှန်မှာ တမင်းနိုင်ငံ စနစ်ဖြစ်ကြောင်း သိလာကြ၏။ ၄င်းပြင် အခြေခံဥပဒေရေးဆွဲရာတွင် အကြံပေးအရာရှိ CONSTITUTIONAL ADVISOR ဦးချန်ထွန်း ကိုယ်တိုင်ကလည်း ဟူးတင်ကား HUGH TINKER ထံသို့ “ကျနော်တို့ အခြေခံဥပဒေသည် သီအိုရီအရ ပြည်ထောင်စုဖြစ်ပေမယ့် လက်တွေ့မှာတော့ တမင်းတနိုင်ငံ Our constitution though in theory federal, is in practice unitary ဖြစ်သည်ဟု နောက်မှ ဝန်ခံခဲ့ပါသည်။ ဤကဲ့သို့သော အကြောင်းများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်စဉ်း စားသုံးသပ် ပြင်ဆင်ရန် စဉ်းစားရခြင်းဖြစ်ပါသည်။

တောင်ကြီးညီလာခံကျင်းပခြင်း
ဦးနုက ရွေးကောက်ပွဲတွင် ပေးခဲ့သောကတိဖြစ်သည့် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် လုပ်ပေးရန်ဆိုသောအချက်ကို အခြေခံဥပဒေတွင် ထည့်သွင်းလိုလာသည်။ ရှိရင်းစွဲအခြေခံဥပဒေတွင် ဘာသာအားလုံးတန်းတူ ရည်တူထားရှိပြီးဖြစ်ပါ၍ အခြေခံဥပဒေ မပြင်ဆင်ဘဲနှင့် ယင်း နိုင်ငံတော် ဘာသာကိစ္စ မဖြစ်နိုင်ပါချေ။ သို့ပါ၍ အခြေခံဥပဒေပြင်ဆင်ရန် လမ်းဖွင့်သောအခါ တိုင်းရင်းသား(တောင်တန်းသား)များက (၁၉၆၁)ခုနှစ်၊ ဇွန်လတွင် အခြေခံဥပဒေတန်းတူရည်တူရရှိရေး ပင်လုံစာချုပ်၊ မေမြို့စုံစမ်းရေးတို့အရ ပြည်ထောင်စုစစ်စစ်မူအရ ပြင်ဆင်ရန်ဟူ၍ စည်းဝေးကျင်းပခဲ့ပါသည်။ ၄င်း အစည်းအဝေးသို့ ချင်းအမျိုးသားကိုယ်စားလှယ်အဖြစ် ချင်းဝန်ကြီး ပူဇာ ရဲလျန်၊ နိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီး ပူလွန်းပုန်း၊ စီအင်အိုဥက္ကဋ္ဌ ကပ္ပတိန် မန်းတုန်းနုန်း၊ မတူပီ လွှတ်တော် ကိုယ်စားလှယ် ပူမန်တလိန်းနှင့် ပူကျင့်ရှင်းထန် (ရန်ကုန်တက္ကသိုလ် ချင်းကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ) တို့ တက်ရောက်ကြသည်။ အခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ်မူအရ ပြင်ဆင်ရန် ရှမ်းအဆိုကို ပူကျင့်ရှင်းထန်နှင့် ကပ္ပတိန်မန်းတုန်းနုန်းက ထောက်ခံသည်။ ဝန်ကြီး ပူဇရဲလျန်က ပြတ်ပြတ်သားသား မထောက်ခံရဲသဖြင့် ဝေ့လည်ကြောင်ပတ် ထောက်ခံသည်။

ယင်းတောင်ကြီးညီလာခံ၏ ရလဒ်ကို (၁၉၆၂)ခုနှစ် မတ်လ (၂) ရက်နေ့ ပြည်သူ့လွှတ်တော်သို့ တင်သွင်းရန် စီစဉ်ထားသဖြင့် (၁၉၆၂)ခုနှစ် မတ်လ(၁)ရက်နေ့တွင် ပြည်လမ်းရှိအသံလွှင့်ရုံ၌ ၄င်းအချိန် နိုင်ငံရေးပါတီ အားလုံးဖိတ်ခေါ်ပြီး၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက ပွဲကြိုစည်းဝေးတခု ကျင်းပခဲ့သည်။ ထိုစည်းဝေးပွဲ၌ ကပ္ပတိန်မန်းတုန်းနုန်းက ချင်းအမျိုးသားကိုယ်စား ပြည်ထောင်စုစစ်စစ်မူ FEDERAL ထောက်ခံကြောင်းပြောဆိုတင်ပြခဲ့သည်။ ထို အစည်အဝေးတွင် ကပ္ပတိန်မန်းတုန်းနုန်း၊ ပူဇရဲလျန်၊ ပူခမ်ဇကမ်း၊ ပူ အက်စ်ဘီခွါလ်ဇခမ်း၊ ပူခုပ်ဇဂိုးနှင့် ပူကျင့်ရှင်းထန်တို့လည်း တက်ရောက်ကြသည်။ သို့သော် ယင်းပြည်ထောင်စုမူအရ ပြင်ဆင်ရန် အဆိုကို ပြည်သူ့ လွှတ်တော် မရောက်မီ (၁၉၆၂)ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်သော မြန်မာ့တပ်မတော်မှ အာဏာသိမ်းခဲ့သည်။ ဝန်ကြီးအဖွဲ့ အားလုံးဖမ်းဆီးခဲ့သည်။ သမတဟောင်း စဝ်ရွှေသိုက်၏သား ဂွတ်တလစ်၌ရှိသော စဝ်ရွှေသိုက်နေအိမ်၌ အာဏာသိမ်း တပ်များလက်ချက်ဖြင့် ကျဆုံးခဲ့သည်။ ချင်းရေးရာဝန်ကြီး ဦးဇရဲလျန်အား နောက်တနေ့မှာ ပြန်လွှတ် သည်။ အာဏာသိမ်းရာတွင် ဖယ်ဒရယ်မူကို ခွဲထွက်ရေးမူဟု မဟုတ်မမှန် ကြေညာကာ အာဏာသိမ်းခြင်းဖြစ်သည်။ အမှန်မှာ ဖယ်ဒရယ်မူသည် ခွဲထွက်ရေးမူ မဟုတ်ဘဲ ပူးပေါင်းရေးမူဖြစ်ကြောင်းကို အကျယ်တဝင့်ရှင်းပြရန် မလိုတော့ဟု ယူဆသည်။ ယင်းမူသည် တန်းတူရည်တူရေး အတွက်သာဖြစ်၍ ခွဲထွက်ရေးလုံးဝ မပါရှိပါ။

ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းသောအခါမြန်မာ့ဆိုရှယ်လစ်ပါတီ တခုတည်း မြန်မာနိုင်ငံတွင် ရှိရမည်ဟူသော တပါတီအာဏာရှင်စနစ် ကျင့်သုံးသည့်အတွက် နိုင်ငံရေးအမှန်လူပ်ရှား၍မရပါ။ အမိန့်အရ ဆောင်ရွက်ရန် ချင်းဦးစီးအဖွဲ့ ဟားခါးမြို့၌ထားပါသည်။ ချင်းဦးစီးဥက္ကဌသည် ပူဆွန်ခိုလျန်း Pu Son Ko Lian ဗိုလ်မှူး-ငြိမ်း ပူပွတ်ပါး Pu Putpa ဒု-ဗိုလ်မှူးကြီးဟောင်း၊ ပူတင့်ဇမ် Pu Tin Zam ဗိုလ်ကြီးဟောင်းနှင့်ပူဝမ်းသူးဟာရှင်တို့ဖြစ် ကြသည်။ ၄င်းအချိန်တွင်ချင်းဘာသာနှင့်ထုတ်ဝေသောသတင်းစာ တန်ကို TAANGKO နှင့် ဟွာတူထာရ် HRUAI TU THAR တို့ ရှိသော်လည်း လွတ်လပ်မှုမရှိ၍ ပြန်ရပ်ထားရသည်။

နေဝင်းအခြေခံဥပဒေ ပြဌာန်းခြင်း
ဗိုလ်ချုပ်နေဝင်းသည်တော်လှန်ရေးကောင်စီအနေနှင့်အခြေခံဥပဒေ မရှိဘဲ (၁၉၆၂)ခုနှစ်မှ (၁၉၇၂)ခုနှစ်အထိ အာဏာရှင်စနစ်နှင့် အုပ်ချုပ်လာသည်ကို အာဏာသက်တမ်းရှည်စေလို၍ အခြေခံဥပဒေရေးဆွဲရန် စတင်ခဲ့ပါသည်။ ချင်းပြည်သူများကလည်း အကြံဉာဏ် ပေးကြသည်။ တဦးချင်း သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း အကြံဉာဏ် တောင်းခံခြင်းကြောင့် ပေးကြခြင်းဖြစ်သည်။ ထိုသို့အကြံပေးရာတွင်တန်းတူ ရည်တူမူ ဖြစ်သောဖယ်ဒရယ် FEDERAL မူကို အားလုံးကအကြံပြုသည်။ ၄င်းအကြံ ပြုမှုကြောင့် အာဏာရှင်စံနစ်နှင့် တမင်းတနိုင်ငံထူထောင်ချင်သော မဆလ (မြန်မာ့ဆိုရှယ်လစ်)ပါတီခေါင်းဆောင်သော မြန်မာအစိုးရက ပူကျင့်ရှင့်ထန် Pu Chin Sian Thang ၊ ပူလျန်အုပ် Pu Lian Uk ၊ ပူဆွန်ကျင့်လန် Pu Son Cin Lian ၊ ပူဆွောင်ဇခုပ် Pu Saung Za Khup ပူဟေအဲရ် Pu Heier ၊ ပူစွမ်းမန် Pu Sum Mang ၊ ပူလျန်ခန့်မန် Pu Lian Khan Mang ၊ ပူလွထောင်း Pu Luah Thaung အစရှိသော ချင်းခေါင်းဆောင်(၅၇)ယောက် တို့ကို (၁၉၇၂)ခုနှစ် အောက်တိုဘာ (၃ဝ)ရက်နေ့တွင် ဖမ်းဆီးပြီး ပူကျင့် ရှင်းထန်၊ ပူလျန်အုပ်၊ ပူဟေအဲရ်၊ ပူဆွန်ကျင်လျန်၊ ပူဆွောင်ဇခုပ်နှင့် ပီဗန်နွဲထလွဲ Pi Van Hnuai Thluai တို့ကို ရန်ကုန်မြို့အနီးအလွန် နာမည်ဆိုးလှသည့် ရေကြည်အိုင်၌ ထားရှိပြီး၊ ကျန်သူများမှာ ရွှေဘို၊ မုံရွာ၊ မန္တလေး၊ မြင်းခြံနှင့် အင်းစိန် ထောင်များတွင်ချုပ်နှောင်ခံခဲ့ရသည်။ ၄င်းတို့ကို (၁၉၇၄)ခုနှစ်တွင်ပြည်လည် လွှတ်ပေးခဲ့ပါသည်။ ပူလွထောင်းမှာမူ မန္တလေး ထောင်ထဲတွင် သေဆုံးခဲ့ပါသည်။

(၁၉၇၄)ခုနှစ် နေဝင်းအခြေခံဥပဒေအရ ချင်းဝိသေသတိုင်းကို ချင်း ပြည်နယ်ဟု ခေါ်ဝေါ်သတ်မှတ်ခဲ့သော်လည်း အတုအယောင် အာဏာမဲ့ ပြည်နယ်သာဖြစ်သည်။ ၄င်းအဏာမဲ့ ချင်းပြည်နယ်တွင် ပူဇာခင်မုံ Pu Khen Za Mung (ဗိုလ်မှူးကြီး-ငြိမ်း)ဥက္ကဋ္ဌဖြစ်ပြီး အတွင်းရေးမှူးမှာ ပူထျန်ခိုင် Pu Thian Ko Khai (ဒု-ဗိုလ်မှူးကြီး-ငြိမ်း)ဖြစ်သော်လည်း ၄င်းလည်း အဖမ်းခံသည့်အထဲတွင် ပါသွားကြသည်။ လမ်းစဉ်ပါတီ ဦးဆောင်မှုဆိုပြီး ဒေသပါတီဥက္ကဋ္ဌအဖြစ် ပူကင်ငင်း Pu Kim Ngin (ဗိုလ်မှူးကြီး)ကိုခန့်သည်။ သို့သော်လည်း အထက်အမိန့်အတိုင်း ဆောင်ရွက်ခြင်းသာဖြစ်၍ နိုင်ငံရေး လွတ်လပ်ခွင့် မရှိပါ။ နောက်ဆုံး (၁၉၈၈)ခုနှစ်တွင် ပါတီ တည်ထောင်သူလည်းဖြစ်၊ ပါတီဥက္ကဋ္ဌလည်းဖြစ်သူ ဗိုလ်ချုပ်နေဝင်းက “နှစ်ဆယ့် ခြောက် နှစ်တိတိ မင်းတို့လိမ်သည်”ဆိုပြီး၊ ပါတီကို ဖျက်သိမ်းကာ ပါတီစုံစံနစ်ဖြစ်လာသဖြင့် ယင်းမဆလ၏ အမွေခံ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ပေါ်ပေါက်လာပါသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း
ရှစ်လေးလုံးခေါ် (၈၈)အရေးအခင်းကြောင့် ပါတီစုံကျင့်သုံးပြီး ရွေးကောက်ပွဲဝင်ကြရန်အတွက် ချင်းအမျိုးသားများကလည်း နိုင်ငံရေးပါတီ နှစ်ခု မှတ်ပုံတင်ခဲ့ကြသည်။ ၄င်းတို့မှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CHIN NATIONAL LEAGUE FOR DEMOCRACY နှင့် ဇိုမီး အမျိုးသားကွန်ဂရက် ZOMI NATIONAL CONGRESS တို့ ဖြစ်ကြသည်။ ၄င်းနှစ်ပါတီတို့၏ အဓိကရည်ရွယ်ချက်မှာ တန်းတူရည်တူ ဆက်ဆံ ဆောင်ရွက်ခြင်းဘဲဖြစ်ပါသည်။ ဤပါတီနှစ်ခုသည် ယူအင်အဲလ်ဒီ UNITED NATIONALITIES LEAGUE FOR DEMOCRACY တွင်ပါဝင်နေကြပါသည်။ ၄င်း ယူအင်အဲလ်ဒီ UNLD သည် တန်းတူရည်တူဆက်ဆံကြရေးမူ ကို လက်ခံသူများ စုစည်းထားသောပါတီ ဖြစ်သည်။ ထိုပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွေ့ဆုံဆွေးနွေးကာပူးတွဲကြေညာချက်ထုတ်ခဲ့ဖူးပါသည်။
ဇမက ZNC ၏ ရွေးကောက်ပွမြဲဆွယ်ဟောပြောချက်တွင်-
၁) ချင်းအစား ဇိုးမီးပြောင်းလဲခေါ်ဆိုနိုင်ရေး၊
၂) ဒီမိုကရေစီနိုင်ငံထူထောင်ရေး၊
၃) ဈေးကွက်စီးပွားရေးစနစ် FREE MARKET ECONOMY ကျင့်သုံးရေးနှင့် ပင်လုံစိတ်ဓာတ်(ပြည်ထောင်စုစိတ်ဓာတ်)မြှင့် တင်ရေးတို့ဖြစ်ရာ (၁၉၉ဝ)ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ရွေးကောက်တင် မြှောက်ခံရပါသည်။ ၄င်းတို့သည် ပူကျင့်ရှင်းထန် PU CHIN SIAN THANG တီးတိန်(၂)မဲဆန္ဒနယ်နှင့် ပူထန်လျန်ပေါင် PU THANG LIAN PAU တွန်းဇံမြို့နယ်မှ ဖြစ်သည်။

ဇမကသည် အခြေခံဥပဒေရေးဆွဲရာတွင် ယူအင်အဲလ်ဒီ UNLD မှလိုက်နာရန် အောက်ဖေါ်ပြပါမူလေးချက်ကို တင်သွင်းခဲ့ပါသည်။ ထို့နောက် ဇမက အပါအဝင် ယူအင်အဲလ်ဒီပါတီပါ ဖျက်သိမ်းခြင်းခံခဲ့ရပါသည်။ ၄င်းမူ လေးချက်တို့မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ပြည်ထောင်စုနည်းအရ ဖွဲ့စည်းပုံသစ်ရေးဆွဲရန်။
(၂) ဗဟိုအာဏာကန့်သတ်ပေးပြီး ကျန်အာဏာများပြည်နယ်များက ရယူရန်။
(၃) လွှတ်တော်နှစ်ရပ်ထားရှိပြီး ယင်းလွှတ်တော်နှစ်ရပ်အားအာဏာတူပေးရန်။
(၄) အထက်လွှတ်တော်သို့ တူညီသောကိုယ်စားလှယ်ဦးရေစေလွှတ်ရန်တို့ ဖြစ်သည်။

အဖျက်သိမ်းခံဥက္ကဋ္ဌပူကျင့်ရှင်းထန်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစောမြအောင်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဋ္ဌ နိုင်ထွန်းသိမ်းနှင့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်းထွန်းဦးတို့သည် နိုင်ငံတော်အကြီးအကဲထံ (၆၊ ၆၊ ၉၈)ရက်နေ့က-
(၁) ပါလီမန်အစည်းအဝေးခေါ်ယူကျင်းပပေးရန်။
(၂) တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပေးရန်တင်ပြကြရာလက်ခံအလေးမူ ဆောင်ရွက်ခြင်းမရှိပါ။

ထို့နောက်အဖျက်သိမ်းခံ ဇိုမီးအမျိုးသားကွန်ဂရက်ပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး၊ ပြည် ထောင်စုမြန်မာနိုင်ငံ ပြည်သူလူထုမှ လူ့အခွင့်အရေး ပြည့်ဝစွာရရှိ၍ ဒီမိုကရေစီနိုင်ငံ၊ တန်းတူရည်တူ ဆက်ဆံ လုပ်ကိုင်သော နိုင်ငံရေးရရှိရေးအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ Committee Representing the People's Parliament ဖွဲ့စည်းခဲ့ပါသည်။ ၄င်းနောက် ပူကျင့်ရှင်းထန်သည် (၆၊ ၉၊ ၉၈)ရက်နေ့တွင် ဖမ်းဆီးခြင်းခံရပြီး၊ ကျန်းမာရေးအရ ခွဲစိပ် ကုသရန် အတွက် (၁၉၉၉)ခုနှစ် မတ်လ(၁၄)ရက်နေ့မှ လွတ်လာပါသည်။ ဆေးရုံမှ ဆင်းလာသောအခါ အကြောင်းကြားသော်လည်း ပြန်ဖမ်းခြင်းမပြုတော့ပါ။ သို့သော် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ် Alvero De Soto အဖွဲ့နှင့် (၁၉၉၉)ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်နေ့၌ ရန်ကုန်မြို့ ယူအင်ဒီပီရုံး၌ ချင်းအမျိုးသားများ နိုင်ငံရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး မိခြင်းကြောင့် (၁၉၉၉)ခု နှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့မှ ကနေ့ထိ ပြန်လည် ထိန်းသိမ်းခံနေရပါသည်။ ထိုရက်များမတိုင်မီ (၇၊ ၇၊ ၉၉) ရက်နေ့တွင် ပူဝုန်းဇပေါင်နှင့် ဥရောပသမဂ္ဂမှကိုယ်စားလှယ်အဖွဲ့နှင့် ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်၌ တွေ့ဆုံဆွေးနွေး၍ ချင်းအမျိုးသားများ နိုင်ငံရေး အဖိနှိပ်ခံရပုံကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

ချင်းအမျိုးသားတို့ နိုင်ငံရေးသမိုင်းကို ပြန်လည်ကြည့်ရှုသောအခါ လွတ်လပ်ရေးမရမီကစ၍ ယနေ့ထက်တိုင် ပြည်ထောင်စု မပြိုကွဲရေးအတွက် တန်းတူရည်တူလုပ်ကိုင်ဆက်ဆံကြရန် လိုလာကြောင်းကို စကုတ်ကြေးနန်း၊ ပင်လုံစာချုပ်၊ ဗိုလ်အောင်ကျော်ကြေညာချက်နှင့် လွှတ်တော်ကိုယ်စားပြု ကော်မတီစသည်တို့က သက်သေပြလျက်ရှိပါသည်။ ။

ကျင့်ရှင်းထန်
ဇိုမီးအမျိုးသားကွန်ဂရက်

2 comments:

  1. ကျေးဇူးတင်ပါတယ် အခုလိုသိချင်တာလေးတွေ ဖော်ပြပေးတဲ့အတွက်
    ဘုရားရှင် ကောင်းကြီးပေးပါစေ

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete