တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ညွန့်ပေါင်းသတင်းလွှာ။ ယမုန်နာဆေးခန်း။ ၁၉၉၀ ရွေးကောက်ပွဲ။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ပုလဲသွယ်၊ နိုင်ငံရေး-စာမျက်နှာ။

Monday, March 2, 2009

၁၉၆၂ ခု ပြည်ထောင်စုမူနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ၊ ရှမ်းပြည်နယ်ဥက္ကဋ္ဌကြီး၊ ဝန်ကြီး စောခွန်ချို။

အခမ်းအနားမှူး။ ။နံပါတ်(၄)အစီအစဉ်အရ ရှမ်းပြည်နယ်ဥက္ကဋ္ဌကြီး၊ ဝန်ကြီး သတိုးမဟာ သရေစည်သူ စောခွန်ချိုက ဖယ်ဒရယ်မူကို တင်ပြရန်ပါခင်ဗျ။

သြဘာသံများ

စောခွန်ချို

လေးစားအပ်တဲ့ သဘာပတိကြီး ဝန်ကြီးချုပ်ခင်ဗျား။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ခင်ဗျား။ ပြည်နယ်ပေါင်းစုံမှ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တော်များနဲ့ ပြည်မ နိုင်ငံရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တော်များခင်ဗျား။ ဤနှီးနှောဖလှယ်ပွဲမှာ ‘ပြည်နယ်များ ညီညွတ်ရေးအဖွဲ့’ ကိုယ်စား စကားပြောကြားခွင့်ရရှိတဲ့အတွက် များစွာ ကျေးဇူးတင် ဝမ်းမြောက်လှပါတယ်။ အခုလို စုံစုံညီညီ စုဝေးကြပြီးတော့ ပြည်နယ်များညီညွတ်ရေးအဖွဲ့က တင်ပြထားပြီးတဲ့ ပြည်ထောင်စုမူကိစ္စကို ဆွေးနွေးညှိနှိုင်းကြဖို့အတွက် နှီးနှောဖလှယ်ပွဲကြီး ပေါ်ပေါက်လာရတာ ကျနော့်အနေနဲ့အလွန်ဘဲ ဝမ်းသာ ကျေးဇူးတင်ပါတယ်။

ကျနော်တို့ ပြည်နယ်များညီညွတ်ရေးအဖွဲ့ကိုယ်စား ပြည်ထောင်စုမူ တင်ပြရန် တာဝန်ပေးအပ်တဲ့အတိုင်း ကျနော်တင်ပြ ပြောဆိုမယ့် အချက်အလက်တွေကို နားဆင်ကြရတဲ့ ကိုယ်စားလှယ်များအားလုံးဟာ မိသားစုစိတ်ဓါတ်ဖြင့် ယနေ့ ပေါ်ပေါက်နေတဲ့ ပြည်နယ်များ ပြဿနာကို အထူးစဉ်းစား ဝေဖန်ကြစေလိုပါတယ်။

ကျနော်များကလည်း ပြည်မရှိ နောင်တော်ကြီးများကို ရှင်းလင်းတင်ပြကြတဲ့အခါ စိတ်ရှည်လက်ရှည်နဲ့ မိမိကြုံတွေ့နေတဲ့ ကြုံတွေ့နေရပုံတွေကို တင်ပြကြပါရန် မေတ္တာရပ်ခံလိုပါတယ်။ ပြည်နယ်များရဲပြဿနာကို စဉ်းစားကြတဲ့အခါမှာလည်း ‘ပြည်ထောင်စု မပြိုကွဲရေး၊ ပြည်ထောင်စုကြီး ညီညွတ်ရေး’ ဆိုတဲ့ အခြေခံမူအပေါ်မှာတည်ပြီး စဉ်းစားကြပါရန် တောင်းပန်လိုပါတယ်။

ပထမဦးစွာ တင်ပြအစီရင်ခံလိုတာက ‘လက်ရှိပြည်ထောင်စုကြီး ဖြစ်ပေါ်လာပုံ’ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပြည်ထောင်စု အကြောင်း စဉ်းစားလိုက်တိုင်း ပြည်ထောင်စုသားတိုင်း မမေ့သင့်မမေ့ထိုက်တဲ့အချက်ဟာဖြင့် (၁၉၄၇)ခုနှစ် ဖေဖေါ်ဝါရီလတွင် ကျင်းပခဲ့တဲ့ ‘ပင်လုံညီလာခံကြီး’ ပင်ဖြစ်ပါတယ်။

အဲဒီ ပင်လုံညီလာခံကြီးဟာ ယနေ့ ပြည်ထောင်စုကြီးကို ပေါက်ဖွားလာစေရန် အုတ်မြစ်ချခဲ့တဲ့ ညီလာခံကြီးလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပြည်ထောင်စုသားတွေအပေါ် အနှစ်နှစ်အလလ စိုးမိုးအုပ်ချုပ်လာတဲ့ နယ်ချဲ့ အင်္ဂလိပ် လက်အောက်ကနေပြီး လွတ်လပ်ရေး တောင်းဆိုဖို့အတွက် ပြည်နယ်ခေါင်းဆောင်များနဲ့ ပြည်မ ခေါင်းဆောင်များတို့က ညှိနှိုင်း အောင်မြင်လို့ အခုလို လွတ်လပ်တဲ့ပြည်ထောင်စုတခု ကမ္ဘာ့တိုင်းပြည်များထဲမှာ ပေါ်လွင်လာတဲ့အတွက် ကျနော်တို့က ပင်လုံ ညီလာခံကြီးဟာ ပြည်ထောင်စုကြီးရဲ့ အခြေခံအုတ်မြစ်ချခဲ့တဲ့ ညီလာခံကြီး ဖြစ်ကြောင်း တင်ပြရခြင်းဖြစ်ပါတယ်။

အဲဒီပင်လုံညီလာခံကြီးမှာ ဘာတွေညှိနှိုင်းခဲ့ကြပြီး၊ ဘာတွေ အောင်မြင်ခဲ့ကြသလဲ ဆိုတာကို အကျဉ်းချုပ်အားဖြင့် ဖော်ပြရမယ်ဆိုရင် လွတ်လပ်ရေးတောင်းဆိုတဲ့အခါ ညီညွတ်တဲ့အားဟာ အင်မတန်အရေးကြီးတဲ့အတွက် ပြည်မနဲ့ ကျန်တဲ့ ပြည်နယ်များဟာ ပြည်နယ်များအား တူညီအောင်ညှိနှိုင်းပြီး ညီညွတ်ရေးတည်ဆောက်ရမယ်၊ တည်ဆောက်ရမှာမို့ (၁)တန်းတူညီမျှအခွင့် အရေးရှိခြင်း၊ (၂)တောင်တန်းသားဒေသများတွင် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိခြင်း၊ (၃)လွတ်လပ်ရေးရရှိပြီးနောက် ပြည်ထောင်စုမှ ခွဲထွက်လိုက ခွဲထွက်နိုင်ခြင်း စတဲ့ အခြေခံ(၃)ရပ်အပေါ် အဓိကထားပြီး ပြည်ထောင်စု တည်ဆောက်ရေးကို သဘောတူခဲ့ကြပါတယ်။

ဒီအခြေခံ(၃)ရပ်ကို သဘောတူခဲ့တဲ့အတွက် ကမ္ဘာကျော်ပင်လုံစာချုပ်ကို ချုပ်ဆို နိုင်ခဲ့ကြပါတယ်။ အဲဒီလို ပြည်နယ်များနဲ့ ပြည်မဟာ တစိတ်ထဲ တဝမ်းထဲရှိကြောင်း ပြသနိုင်ခဲ့လို့ဘဲ အင်္ဂလိပ်အစိုးရဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို လက်လွှတ် လိုက်ရပါတယ်။

ပင်လုံညီလာခံကြီးမှာ ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက် Mr. Reese William ခေါင်းဆောင်ပြီး ပြည်မ/ပြည်နယ် ခေါင်းဆောင်များ ပါဝင်တဲ့ စုံစမ်းရေးကော်မတီမှာ အထက်ပါ အခြေခံမူ(၃)ရပ်အတိုင်း ပြည်မနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တညီတညွတ်တည်းလည်း သက်သေခံခဲ့ပါတယ်။ ဒီလို တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် နယ်ချဲ့သမားရဲ့ သွေးခွဲရေးလုပ်ငန်းဟာ ပျက်ပြယ်သွားပြီး မြန်မာပြည်ရဲ့လွတ်လပ်ရေးကို အမြန်ဆုံး ကမ္ဘာသို့ ကြေညာလာနိုင်ခဲ့ပါတယ်။

(၁၉၄၇)ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမှာလည်းဘဲ လူမျိုးစုတိုင်း တန်းတူရရှိရေးနဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံမှာလည်း အဲဒီတန်းတူရေးအပေါ် အခြေခံတဲ့ ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့ လမ်းစဉ်ချမှတ်ခဲ့ပါတယ်။ လက်ရှိအခြေခံဥပဒေကြီး ရေးဆွဲကြဖို့ဆိုပြီး တိုင်းပြုပြည်ပြုလွှတ်တော်မှာ ပြည်မခေါင်းဆောင်ကြီးများ၊ ကိုယ်စားလှယ် တော်များနဲ့ ပြည်နယ်ခေါင်းဆောင် ကိုယ်စားလှယ်များက ဝိုင်းဝန်းစဉ်းစားကြတဲ့အခါ အနှစ်သာရဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းညွှန်(၇)ချက်အကျဉ်းချုပ်ကို ဖော်ပြခွင့်ပေးစေလိုပါတယ်။

အဲဒါက ဘာတွေလဲဆိုရင်
၁။ အချုပ်အချာအာဏာပိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်စေရမယ်၊
၂။ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ အပြည့်အစုံရှိသော ပြည်နယ်များ ပါဝင်သော ပြည်ထောင်စု ဖွဲ့စည်းစေရမယ်၊
၃။ အာဏာများဟာ တိုင်းသူပြည်သားတွေဆီက ဆင်းသက်လာစေရမယ်၊
၎။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့မှာ အယုတ်-အလတ်-အမြတ်မရွေး တန်းတူညီမျှမှုရှိစေရမယ်၊
၅။ လူနည်းစုကို အကာအကွယ်ပြုစေရမယ်၊
၆။ ပြည်ထောင်စုကြီး တည်တန့်ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ စိုးမိုးရေးဆိုတာကို ဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်မှု ရှိစေရမယ်။
၇။ ကမ္ဘာ့နိုင်ငံတကာနှင့် ရင်ပေါင်တန်း လိုက်နိုင်ရန်အတွက် ကြိုးစားပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ ငြိမ်းချမ်းစွာဆက်ဆံရေးကို ရှေ့ရှုစေရမယ်ဆိုတဲ့ အဓိကအခြေခံ(၇)ချက်ဖြစ်ပါတယ်။

အဲဒီအခြေခံများကို အုတ်မြစ်ချပြီးတော့ ပြည်ထောင်စုသမတ မြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲကြရန် ဗိုလ်ချုပ်အောင်ဆန်းက လမ်းညွှန်ပြသခဲ့တဲ့အကြောင်း ကိုယ်စားလှယ်တော်များအားလုံး အသိဘဲ ဖြစ်ပါတယ်။ ဒီအချိန်အခါမှာ နိုင်ငံရေးအခြေအနေတွေကလည်း ရှုတ်ထွေးပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ခေါင်းဆောင်များဟာ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတဲ့အတွက် တပြည်လုံး ယူကြုံးမရ ဝမ်းနည်းကြေကွဲ ဖြစ်နေရတဲ့ အချိန်ဖြစ်လေတော့ လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုမှာ စိတ်မချမ်းသာစရာတွေဖြစ်လာတာကြောင့်မို့ ကိုယ့် တိုင်းပြည်ရဲ့အခြေကို တိုင်းတပါးက ဝင်ရောက်မစွက်ဖက်နိုင်အောင် ကာကွယ်ကြရမှာဘဲဆိုပြီး ခပ်မြန်မြန်နဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မှာ အခြေခံဥပဒေကို အငြင်းပွားမှုမထားဘဲ အလျင်စလို လက်ခံလိုက်ခြင်းဖြစ်ပါတယ်။

ပင်လုံညီလာခံကြီးက အစပြုပြီး အဆင့်ဆင့်တောင်းဆိုလာကြလို့ လွတ်လပ်ရေးတော့ လက်ဝယ်ရရှိပြီးပါပြီ။ ဒါပေမယ့်လို့ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းမှာ ပင်လုံညီလာခံကြီးရဲ့အနှစ်သာရ၊ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ပေးလိုက်တဲ့ လမ်းညွှန်နဲ့ ကိုက်ညီတယ်/မကိုက်ညီဘူးဆိုတာတွေကို ကျနော်တို့ လျှောက်လာခဲ့တဲ့(၁၄)နှစ်ကျော်ခရီးအပေါ် ပြန်လည် ဆန်းစစ်ဖို့ လိုအပ်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒါကြောင့် ဒုတိယအချက်အနေနဲ့ ကျနော်တို့ပြည်နယ်များရဲ့ လက်ရှိခံစားနေရတဲ့ အခြေအနေတွေကို ယေဘူယျ သဘောအားဖြင့် အကျဉ်းချုပ်တင်ပြပါရစေ။ ပြည်နယ်များ၏ လက်ရှိအခြေအနေကို ကျနော်တို့က တင်ပြမှသာ နှီးနှောဖလှယ်ပွဲ တက်ရောက်ကြတဲ့ ကိုယ်စားလှယ်တော်များအားလုံးဟာ ပိုမိုပြည့်စုံစွာ စဉ်းစား ဝေဖန်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။

ပြည်နယ်များနဲ့ ပြည်နယ်မရရှိသေးတဲ့ လူမျိုးစုဆွေမျိုးရင်းချာများဟာ လွတ်လပ်ရေး ရရှိပြီးတဲ့နောက် ဒီဖက်ကာလမှာ မိမိကံကြမ္မာ မိမိတို့ဖန်တီးရမယ်ဆိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ပြည့်ပြည့်ဝဝ မခံစားရသေးကြောင်း တွေ့ရှိရပါတယ်။ ဒီလိုပြောလိုက်လို့ ကျနော်တို့အပေါ် ဘယ်လိုမှ အထင်မလွဲစေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဟာ ပြည်နယ်များကိုယ်စား ရိုးရိုးသားသားအနေနဲ့ ပြည်နယ်တွေ ခံစားနေရတာဟာဖြင့် ဘာတွေလဲဆိုတာ ဖော်ပြဖို့ဘဲ ဖြစ်ပါတယ်။

ပြည်နယ်တွေအားလုံး ယုံကြည်ကိုးစားခဲ့တဲ့ မြန်မာပြည်လွတ်လပ်ရေးရတော့မယ်၊ လွတ်လပ်ရေးရပြီးရင်ဖြင့် ဒို့တတွေဟာ မိမိကံကြမ္မာ မိမိဖန်တီးပြီး တိုးတက်သော ပြည်နယ်များ ဖြစ်လာအောင်လုပ်နိုင်တော့မယ်၊ တိုးတက်တဲ့ ပြည်နယ်တွေ ပေါင်းထားတဲ့ ပြည်ထောင်စု ဖြစ်လာတော့မယ် ဆိုတာတွေဟာ ကျနော်တို့ ပြည်နယ်သားတွေ၊ လူမျိုးစုများအားလုံး အားလုံးတွေရဲ့ ဝမ်းထဲ ကိန်းအောင်းပြီး အမျှော်လင့်ကြီး မျှော်လင့်ခဲ့ပါတယ်။

ဒါပေမယ့် လွတ်လပ်ရေးခေတ်(၁၄)နှစ်ခရီး ပြည်မက နောင်တော်တွေနဲ့ လက်တွေ့ လျှောက်လာတဲ့အခါ ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေ၊ ကျနော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေဟာ အပြည့်အဝ မရှိမှန်း သိလာခဲ့ရပါတယ်။

ကျနော်တို့ တိုးတက်ဖွံ့ဖြိုးရေးကို အစွမ်းကုန် ကျနော်တို့ မလုပ်ဆောင်နိုင်ကြောင်း သိသာခံစားနေရပါတယ်။ ဒီလို မွေးဖွားရာ ဗီဇပါလာတဲ့ ကိုယ်ပိုင်ပြဌာန်းနိုင်ခွင့် အခွင့်အရေး အပြည့်အဝ မခံစားလာရတော့ ကျနော်တို့ ပြည်ထောင်စုကြီးဟာ ကျနော်တို့ပြည်နယ်များအပေါ် ကိုယ်စားပြုလာတာ မဟုတ်တော့ဘဲ ပြည်မလို့ခေါ်တဲ့ ဗမာပြည်ဒေသတွေကို အဓိက ကိုယ်စားပြုလာတာ တွေ့မြင်လာကြရပါတယ်။

ပြည်နယ်များကတော့ ပြည်မနဲ့ ညီမျှမှုမရှိတဲ့အတွက် စွမ်းအားရှိသလောက် လုပ်ကိုင်နိုင်ခွင့်မရှိခဲ့လို့ တိုးတက် သင့်သလောက် မတိုးတက်ခဲ့ပါဘူး။ ဒီလို ဘာကြောင့်ဖြစ်ရသလဲဆိုရင် ပြည်ထောင်စုရယ်လို့ စုပေါင်းဖွဲ့စည်းကြတဲ့အခါ ပြည်နယ်ရသင့် ရထိုက်တဲ့ လူမျိုးစုများကို ပြည်နယ်အင်္ဂါနဲ့အညီ ဖွဲ့စည်းပြီး ရှမ်းပြည်နယ်လူထုအတွက် ရှမ်းပြည်နယ်၊ ကယားပြည်နယ်လူထုအတွက် ကယားပြည်နယ်ရှိကြသလို ပြည်မလူထုအတွက်လည်း ပြည်နယ်တနယ် ဖွဲ့စည်းပြီးတော့ တန်းတူညီတူ အခြေခံအပေါ် ဖွဲ့စည်းထားခြင်း မရှိခဲ့လို့ဘဲလို့ဆိုတာ သက်သေပြနေပါတယ်။

ပင်လုံညီလာခံရဲ့အနှစ်သာရ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့လမ်းညွှန်ချက်များကို အဓိကထားပြီး တန်းတူညီတူ ဖွဲ့စည်းစုပေါင်းရန် အကောင်အထည် ဖော်လာကြရင် ပြည်ထောင်စုအစိုးရဟာ ပြည်နယ်များအားလုံးကို ကိုယ်စားပြုတဲ့အစိုးရဘဲ ဖြစ်လာရမှာပါဘဲ။ အခုတော့ ပြည်မလူထုအတွက် ပြည်နယ်တနယ် ဖွဲ့စည်းရေးမကြိုးစားဘဲ ပြည်မအဖြစ်ဆိုပြီး ထားလေတော့ ပြည်မရဲ့အခွင့်အာဏာနဲ့ ပြည်ထောင်စုရဲ့အခွင့်အာဏာ ရောထွေးစုပေါင်းပြီး စိုးမိုး အုပ်ချုပ်လာတော့ကာ ပြည်ထောင်စုအဖြစ်က လျှောကျလာပြီး တပြည်ထောင် စိုးမိုးမှုစနစ်သို့ တရွေ့ရွေ့ကူးပြောင်းလာတာကို တွေ့ရှိရပါတယ်။ သည်အကြောင်းအရာကြောင့်လည်း ကျနော်တို့ ပြည်နယ်များဟာ တနေ့တခြား တာဝန်ရှိတဲ့ပြည်မက ပြည်မအစိုးရ အပေါ်မှာ သံသယရှိရှိလာပါတယ်။ ဒီသံသယတွေဟာ ထုနဲ့ဒယ်နဲ့ ဝင်ဝင်လာလို့ ကနေ့ပြည်နယ်များဟာ ပြည်မအပေါ် မကျေမနပ် ဖြစ်တဲ့အကြောင်း ထုတ်ဖော်လာကြရပါတယ်။ ကနေ့ဖွဲ့စည်း တည်ထောင်ထားတဲ့ ပြည်ထောင်စုပုံသဏ္ဍာန်ဟာ ပြည်နယ်များရဲ့ အမျိုးသားညီညွတ်ရေး တည်ဆောက်နိုင်မယ့်ပုံစံမျိုး၊ ညီမျှသော ပြည်ထောင်စုစနစ်မျိုး မဟုတ်ကြောင်း ကိုလည်း တွေ့ မြင်လာခဲ့ကြရပါတယ်။

အခုလို ကျနော်တင်ပြအစီရင်ခံလိုက်တော့ ပြည်မတာဝန်ရှိပုဂ္ဂိုလ်များ၊ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်တော်များက ကျနော့်အပေါ် တမျိုးထင်ယောင်ထင်မှာ ရှိချင်ရှိကြပါလိမ့်မယ်။ ဒါပေတဲ့ ကနေ့ နှီးနှောဖလှယ်ပွဲမှာ မိသားစုစိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်နဲ့ ပြည်နယ်များပြဿနာကို အပြန်အလှန်ညှိနှိုင်းဆွေးနွေးကြမှာမို့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနဲ့ ဆက်လက် တင်ပြပါရစေ။

တတိယအချက်ကတော့ အထက်က ကျနော်အစီရင်ခံခဲ့သလို ဟုတ်/မဟုတ် ဆန်းစစ်ကြည့်လိုက်ရင်၊ လက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ နိဒါန်း နှင့် အဲဒီနိဒါန်းတို့ကို အခြေပြုပြီး ရေးဆွဲပြဌာန်းထားတဲ့ နောက်အပိုဒ်တွေ နှိုင်းယှဉ်ကြည့်ပြီး စီစစ်လိုက်ပါရင်၊ ရှေ့နဲ့နောက် မကိုက်ညီတာ တော်တော်များများ တွေ့ရပါလိမ့်မယ်။ ဒီ အချက်အလက်တွေကိုတော့ ကျနော် အထူးမဖော်ပြလိုတော့ပါဘူး။ ကျနော့်ထက် ဥပဒေ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်များ ပိုမိုသိရှိ နားလည်တော်မူကြပါလိမ့်မယ်။ အဲဒီလို ဥပဒေနိဒါန်းမှာ တရားမျှတခြင်း၊ ညီမျှခြင်း၊ လွတ်လပ်ခြင်းဆိုတဲ့ လောကပါလ တရားတွေကို ထုတ်ဖော်ပြဌာန်းထားလင့်ကစား နောက်အပိုဒ်တွေမှာ ဒီတရားတွေရဲ့အခြေခံကို ဆန့်ကျင်နေတဲ့ အကြောင်းရင်းဟာ ကျနော်တို့အတွက် အထူးဝမ်းနည်းစရာ တရပ်ဖြစ်ပါတယ်။ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင် စေချင်တဲ့ဆန္ဒ ပြင်းပြင်းပြပြ ပေါ်ပေါက်လာရတာလည်း ဒီအကြောင်းရင်း ကြောင့်ဘဲဖြစ်ပါတယ်။ အခြေခံ ဥပဒေထဲက အကြောင်းပြချက်တချက်အနေနဲ့ ဖော်ပြရမယ်ဆိုရင် အခြေခံဥပဒေပုဒ်မ(၂၂၂)အရ ပြည်မဟာ တခြား ပြည်နယ်များ နည်းတူ ပြည်ထောင်စုအဖွဲ့ဝင်တခု ဖြစ်ပေမယ့် အခြေခံဥပဒေပုဒ်မ(၈)အရ အခြားသော ပြည်နယ်များ အပေါ်မှာ ပြည်ထောင်စုအနေနဲ့ စိုးမိုးအာဏာလွှမ်းလာလို့ ပြည်နယ်များဟာ တကယ်ပဲ မကျေမနပ်ဖြစ်ခဲ့ရပါတယ်။ အမှန်မှာ အဲဒီပုဒ်မရဲ့ အနှစ်သာရဟာ ပြည်မဟာ ပြည်နယ်တနယ်အဖြစ် ပြည်ထောင်စု အဖွဲ့ဝင်တခုဖြစ်သင့်ပေမယ့် ပြည်မဟာ ပြည်ထောင်စုအာဏာများ လက်ဝယ်ရရှိပြီး အဲဒီ အာဏာတွေနဲ့ ပြည်နယ်များအပေါ်မှာ စိုးမိုး လွှမ်းခြုံ လာတယ်လို့ ပြည်နယ်များက ယုံကြည်ကြပါတယ်။

ဒါကြောင့် ကျနော်က နောက်ဆုံး စတုတ္ထအချက်အနေနဲ့ ပြည်နယ်များရဲ့ဆန္ဒကို ထုတ်ဖော်ရန်တာဝန်ရှိသည်နှင့်အညီ ကျနော်တို့ လိုလားတောင့်တတဲ့ ပြည်ထောင်စုဖွဲ့စည်း အုပ်ချုပ်ပုံပုံစံဟာ ပြည်နယ်တိုင်းဟာ တန်းတူညီတူအခွင့်အရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်အပေါ်အခြေပြုတဲ့ ပြည်ထောင်စုပုံစံစနစ်မျိုး ဖွဲ့စည်းရေးဘဲ ဖြစ်ပါတယ်။ ဒီလို တန်းတူညီတူ အပေါ် ဖွဲ့စည်းရေးကို အခြေခံတဲ့အခါမှာ ရသင့်သောဒေသများကို ပြည်နယ်ဖွဲ့စည်းပေးပြီး ပြည်မအတွက်လည်း ပြည်နယ်တနယ် ဖွဲ့စည်းမှသာ တန်းတူရေးအခြေခံဟာ အကောင်အထည်ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ကိုယ်စား ကျနော်တို့လိုလားသော ပြည်ထောင်စုနစ်ဖွဲ့စည်းပုံ ပုံသဏ္ဍာန်ကို တင်ပြအစီရင်ခံရပါရင် -

၁။ ပြည်မကို ပြည်နယ်တနယ်ဖွဲ့စည်းရေး၊
၂။ လွှတ်တော်နှစ်ရပ် အာဏာအတူပေးရေး၊
၃။ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းပြည်နယ်တိုင်း တူညီသောကိုယ်စားလှယ်များ လွှတ်ပေးရေး၊
၎။ ပြည်နယ်များက မိမိဆန္ဒအလျောက် လွှဲအပ်သောအာဏာများကို ပြည်ထောင်စုဗဟိုအစိုးရသို့ ကန့်သတ်ပေး၍ ကျန်အာဏာများကို ပြည်နယ်များတွင်ထားရှိရေး ဆိုတဲ့အခြေခံအပေါ် ပြည်နယ်များညီညွတ်ရေးအဖွဲ့ကတင်ပြထားတဲ့ ပြည်ထောင်စုစနစ်ပုံစံ အတိုင်း အခြေခံဥပဒေမျိုး ပြင်ဆင်စေခြင်းပါဘဲ။

လေးစားအပ်သော သဘာပတိကြီးနဲ့တကွ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုကိုယ်စားလှယ်တော်များ၊ ပြည်မနိုင်ငံရေးအဖွဲ့အစည်းခေါင်းဆောင် ကိုယ်စားလှယ်တော်များခင်ဗျား။ ယခုကျနော်တင်ပြထားတဲ့ အဓိကအချက်ကြီး (၄)ချက်ဖြစ်တဲ့
(၁) ပြည်ထောင်စုဖြစ်ပေါ်လာပုံ၊
(၂) ပြည်နယ်များ လက်ရှိအခြေအနေ၊
(၃) လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊
(၄) ပြည်ထောင်စုဖွဲ့စည်းရေး၊
ဆိုတာတွေကို အလေးအနက် စဉ်းစားဝေဖန်ပိုင်းခြားပြီး ကျနော်တို့ပြည်နယ်များအပေါ် မိသားစုစိတ်ဓါတ်နဲ့ ကြည့်ပြီး ပြေလည်တဲ့အထိ ညှိနှိုင်းဆွေးနွေး ဖြေရှင်းကြစေလိုပါတယ်။

(၁၄)နှစ်ကျော်ကျော် ကြုံတွေ့ခံစားလာခဲ့ရတဲ့ ကျနော်တို့ ပြည်နယ်များရဲ့အခြေအနေတွေကိုလည်း သိစေလိုပါတယ်။ ကျနော့်အနေနဲ့ အခုလို ပြည်နယ်များညီညွတ်ရေး အဖွဲ့ကိုယ်စား တင်ပြခွင့်ရရှိတာကိုလည်း အထူးဘဲကျေးဇူးတင် ဝမ်းမြောက်လှပါတယ်။ အခု ကျနော်တို့ရဲ့တင်ပြချက်ဟာ လွတ်လပ်ရေး(၁၄)နှစ်တာလမ်းခရီးရဲ့ အတွေ့အကြုံများအရ ဒီနေ့ လျော့လျဲနေတဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးကို ပြည်လည်ခိုင်မာစွာ တည်ဆောက် နိုင်ရန်အတွက် အထက်ပါမူ အတိုင်း လုပ်ဆောင်နိုင်မှသာ ဖြစ်မြောက် အောင်မြင်လိမ့်မယ်လို့ အလေးအနက်ယုံကြည်ပြီး တင်ပြရခြင်းဖြစ်ပါတယ်။

ဒါကြောင့် အခုလို ကျနော်များမိသားတစု မိသားစုစုံလင် နှီးနှောဖလှယ်ပွဲကြီး ထမြောက် အကောင်အထည်ဖော်ပေးတဲ့ ဝန်ကြီးချုပ်ဦးနုကို အထူးကျေးဇူးတင် ဝမ်းမြောက်ကြောင်းပြောပြရင်း ကျနော်တို့ ပြည်ထောင်စုကြီးရဲ့ ပြဿနာကိုလည်းဘဲ ဖြေရှင်းပေးနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်မေတ္တာရပ်ခံ၍ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲပါစေဟု ဆုတောင်းရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။ ။

သြဘာသံများ

No comments:

Post a Comment