တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ညွန့်ပေါင်းသတင်းလွှာ။ ယမုန်နာဆေးခန်း။ ၁၉၉၀ ရွေးကောက်ပွဲ။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ပုလဲသွယ်၊ နိုင်ငံရေး-စာမျက်နှာ။

Monday, March 2, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားလူမျိုးများအရေး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

နိဒါန်း

၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အာရှအလယ်ပိုင်းကုန်းမြေမှ ဆင်းသက်ပေါက်ဖွား လာကြသည့် တိုင်းရင်းလူမျိုး၊ မိသားစုဝင်များဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းလူမျိုးများ၊ လူမျိုးစုများ၏ အမိမြေသည် မြန်မာနိုင်ငံသာလျှင် ဖြစ်ပေသည်။

၂။ သို့ဖြစ်ရာ လူမျိုး တစ်မျိုးနှင့် တမျိုး၊ လူမျိုးစု တစုနှင့်တစုတို့သည် အပြန်အလှန် ယုံကြည်မှု ရရှိကြရန်၊ တန်းတူရည်တူ ဆက်ဆံကြရန် အရေးကြီးပေသည်။ လူမျိုးကြီး၊ လူမျိုးငယ် ဟူသော ပြဿနာများ၊ တောင်ပေါ်နှင့် မြေပြန့်ဟူသော အစွဲအလမ်းများကို အပြီးအပိုင် ဖျောက်ဖျက်ပြီး၊ ပြည်ထောင်စုတခုအတွင်းထဲမှ ပေါက်ဖွား လာသော ညီအကို တိုင်းရင်သားများအဖြစ် စွဲမြံစွာ ခံယူကြအပ်ပေသည်။

၃။ ဤတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ “လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးခြင်း ထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တမျိုးတစား တည်းပင်ဟု စိတ်ထားရှိသူတို့ကို တစုတည်း ပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့်ဘာသာတရား၊ ပြောဆိုသည့် ဘာသာစကား တို့ကို အရေးထားရမည် ဖြစ်သော်လည်း၊ စင်စစ်မှာ အေးတူ ပူအမျှ၊ ကောင်းတူဆိုးဆက် ပူးပေါင်း နေလိုသော အစဉ်အလာ ဆန္ဒအပေါ်တွင်၊ ဝံသာနုရက္ခိတာတရားသည် တည်နေပေ၏” ဟူသော မိန့်ကြားချက်ကို တိုင်းသူပြည်သားအားလုံးက လမ်းညွှန်အဖြစ် ခံယူကြရန် လွန်စွာမှ အရေးကြီးပေသည်။

၎။ သို့မှသာလျှင် “ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်သစ်”၊ တနည်းအားဖြင့် “စစ်မှန်သော ပါတီစုံ ဒီမိုကရေစီ နိုင်ငံတော်သစ်” ကို အောင်မြင်စွာ တည်ဆောက်နိုင်ပြီး၊ တိုင်းရင်းသား လူမျိုးအားလုံး၊ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင် သွားနိုင်ကြပေမည်၊ သို့မှသာလျှင် ပြည်ထောင်စုကြီး တည်တံ့ခိုင်မာပြီး တိုင်းရင်းသား လူမျိုးများ အကြားတွင် ထာဝရ ငြိမ်းချမ်းသာယာမှု ထွန်းကားနိုင်မည် ဖြစ်ပါသည်။

၅။ ထိုအမြော်မြင်ကြီးမားသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊ တိုင်းရင်းသား လူမျိုးခေါင်းဆောင်ကြီးများသည် ကိုလိုနီနယ်ချဲ့၏ ထမ်းပိုးအောက်မှ လွတ်မြောက်၍ အချုပ်အခြာ အာဏာပိုင်သော “ပြည်ထောင်စုနိုင်ငံတော်” ကို ကျစ်လစ် ခိုင်မာစွာ တည်ဆောက်နိုင်ရန် ပင်လုံညီလာခံ ကျင်းပ၍ အကြေအလည် ညှိနှိုင်း ဆွေးနွေးကြချက်-
“…တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုရရှိခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝ ပြုကူလိမ့်မည်မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိကြောင်း မူအားဖြင့် လက်ခံသည်။”
“တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။” - ဟူသော အချက်များကို အလေးထားကာ၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်၊ ရှမ်းပြည် ပင်လုံမြို့၌ သဘောတူ စာချုပ် ချုပ်ဆိုပြီး၊ လွတ်လပ်ရေးကို အတူတကွ ပြန်လည် အရယူခဲ့ကြပေသည်။

၆။ ဤသို့အားဖြင့် ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများအားလုံး တန်းတူရည်တူရှိမှုကို လည်းကောင်း၊ နယ်တွင်းကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ရရှိရေးကိုလည်းကောင်း မိသားစုစိတ်ဓါတ်၊ သို့မဟုတ်၊ ပင်လုံစိတ်ဓါတ်ဖြင့် အသိအမှတ်ပြုသဘော တူခဲ့ကြပေသည်။

ရ။ ဤသည်တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အလေးအနက်ခံယူ၍ စစ်မှန်သော ပါတီစုံဒီမိုကရေစီ နိုင်ငံတော်သစ်ကို ပြည်သူပြည်သားအားလုံးနှင့် အတူ တက်ညီလက်ညီ တည်ဆောက်သွားကြရန် အခိုင်အမာ သံန္နိဋ္ဌာန်ချမှတ်ခဲ့ပေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် တိုင်းရင်းသားများအရေးနှင့် ပတ်သက်၍ အစဉ်တစိုက်ချမှတ်ခဲ့သော သဘောထားများ

အဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (ယာယီ)နှင့် မူဝါဒသဘောထားများ (မူကြမ်း)

၈။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၉၈၈ ခုနှစ် အောက်တိုဘာလအတွင်းက ထုတ်ပြန်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (ယာယီ)နှင့် မူဝါဒသဘောထားများ (မူကြမ်း) ပါ၊ တိုင်းရင်းသား လူမျိုးများအပေါ် ထားရှိသည့် မူဝါဒသဘောထားများတွင် -
(က) “့  တိုင်းရင်းသားလူမျိုးများ၏ ပြဿနာကို ဦးစားပေးအလေးထားကာ ဖြေရှင်းကြမည်။ တိုင်းရင်းသားလူမျိုးအားလုံး၏ တန်းတူရည်တူ အခွင့်အရေးများကို အသိအမှတ်ပြုခြင်း၊ စိတ်ထား စေသနာ ဖြူစင်ခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း၊ တဦး၏ အယူအဆ တဦးလေးစားခြင်း၊ အခြေခံ လူ့အခွင့်အရေး လေးစားယုံကြည်ခြင်း၊ တိုင်းရင်းသား လူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းစဉ်လာ ဖွံ့ဖြိုးစေလိုသော ဆန္ဒအား လိုက်လျောခြင်းတို့ကို အခြေပြုလျက်၊ အကောင်းဆုံး အဖြေကို ရရှိသည်အထိ ကြိုးပမ်းမည်။ ဤအချက်များကို အထူးအလေးအနက်ထား၍ ပူးပေါင်း ဖြေရှင်းကြလျှင်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စုသား အချင်းချင်း သဟဇာတ ဖြစ်ရေးတို့သည် မုချအောင်ပန်းဆင်နိုင်မည့် ရည်မှန်းချက်များ ဖြစ်သည်ဟု ယုံကြည်သည်။ ဤရည်မှန်းချက်များ ထမြောက်အောင် ကြိုးပမ်း လုပ်ဆောင်သွားမည်။”

ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီးအဖြစ်၊ စီးပွားရေး အင်အားခိုင်မာ တောင့်တင်းစွာ ရပ်တည် နိုင်ရေးကို လိုလားသည့်အလျောက် ပြည်နယ်အသီးသီးတွင် စီးပွားရေး ဖွံ့ဖြိုးမှုလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဦးတည်မည်။ တိုင်းရင်းသား လူမျိုးများ၏ မွေးရာပါ အခွင့်အရေးများ ခံစား ပြည့်ဝရေးနှင့် ပြည်ထောင်စုကြီး တခုလုံး သာယာဝပြောရေးတို့ သဟဇာတ ဖြစ်စေမည့်မူကို လက်ကိုင်ကျင့်သုံး၍ ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ထုတ်မည်။” - ဟု အတိအလင်း မူဝါဒ သဘောထားများ ချမှတ်ခဲ့ပေသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက် အမှတ် (၉)
၉။ တဖန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်အတွင်း နိုင်ငံအနှံ့အပြား ကွင်းဆင်း စည်းရုံးခဲ့စဉ် ရှမ်းပြည်ပင်လုံမြို့၌ (၁၁.၂.၈၉) ရက်နေ့တွင် နေ့စဉ် အဖွဲ့ချုပ်၏ သဘောထားနှင့် ယေဘူယျ ရှေ့လုပ်ငန်းစဉ်များကို ကြေညာချက်အမှတ် (၉) အတိုင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ ရှင်းလင်းပြောကြားချက်မှာ-
(က) “ပြည်ထောင်စု တခုလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍနယ်ပယ် အားလုံးတို့၌ အပြည့်ဝဆုံးသော ဒီမိုကရေစီ အခြေအနေများ ဖော်ထုတ်ရေးနှင့် အစစ်မှန်ဆုံးသော ဒီမိုကရေစီ နိုင်င့တော်သစ် တည်ဆောက်ရေးကို ဦးတည် ရှေးရှုမည်။”
(ခ) “တိုင်းရင်းသားလူမျိုးအားလုံး လက်တွဲမဖြုတ်စတမ်း သွးစည်းညီညွတ်မှုဖြင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးကို ဦးတည် ရှေးရှုမည်။”
(ဂ) “ပြည်ထောင်စု တိုင်းရင်းသား လူမျိုးအားလုံး၏ အခွင့်အရေး တန်းတူရည်တူမှုကို လက်ခံလျက်၊ မည်သည့်လူမျိုးကိုမျှ အထူးအခွင့်အရေး မပေးရေးနှင့် လူမျိုးနွယ်စု အားလုံး ခံစားထိုက်၊ ခံစားအပ်သော မည်သည့် အခွင့်အရေးကိုမျှ ချုပ်ခြယ်ကန့်သတ်မှု မပြုရေးကို ဦးတည် ရှေးရှုမည်။” “တိုင်းရင်းသား လူမျိုးများ အားလုံး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ကဏ္ဍနယ်ပယ် အသီးသီး၌ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိရေးကို ဦးတည် ရှေးရှုမည်။”
(င) “နယ်ပယ်ဒေသ အသီးသီး၌ တိုင်းရင်းသားလူမျိုး အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု၊ ကူညီ ရိုင်းပင်းမှု၊ ဝိုင်းဝန်း ပံ့ပိုးမှုဖြင့် ပြည်ထောင်စုကြီး တခုလုံးနှင့် ပြည်ထောင်စုကြီး၏ ပြည်နယ်ဒေသ အစိတ်အပိုင်း အသီးသီး၏ စီးပွား ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်ရှေးရှုမည်၊” ဟူသည်များ ဖြစ်ပေသည်။

၁၀။ ယေဘူယျ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျင်း၍
(က) ဒီမိုကရေစီ အောင်မြင်စွာ တည်ဆောက်နိုင်ချိန်တွင် ပြည်ထောင်စုကြီး တည်တံ့ ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေး၊ တိုင်းရင်းသား လူမျိုးများအားလုံး သွေးစည်းညီညွတ်ရေး၊ တန်းတူသော ဒီမိုကရေစီ လူ့ဘောင်သစ်၏ အခြေခံ အုတ်မြစ်ကြီးများကို အခိုင်အမာ ချနိုင်စေရန် အကျိုးငှာ၊ ပင်လုံညီလာခံကြီးကဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂတ်ခရီးလမ်းညွှန်များကို ချမှတ်နိုင်မည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသား ညှိနှိုင်းမှု ညီလာခံတရပ်ကို ခေါ်ယူကျင်းပမည်။
(ခ) တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသား ညှိနှိုင်းမှု ညီလာခံကြီးတွင် တိုင်းရင်းသား လူမျိုးအားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တိုင်းရင်းသားလူမျိုးအားလုံး၏ အခွင့်အရေး တန်းတူရည်တူခွင့်၊ လူမျိုးနွယ်ကြီး တခု၏ နယ်ပယ်ဒေသအတွင်း မှီတင်းနေထိုင်လျက် ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်နယ်မြေဒေသရှိသော လူမျိုးငယ်တို့၏ သီးခြားနယ်မြေဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသည့် အရေးကိစ္စများနှင့်စပ်လျင်း၍ အများသဘော ညီမျှသော ပြဋ္ဌာန်းချက်များကို ချမှတ်မည်။
(ဂ) “တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံကြီးတွင် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး၏ သွေးစည်းခိုင်မာမှုကို ယိမ်းယိုင် ပြိုကွဲနေစေပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံတွင် ဒုက္ခ ပင်လယ်ဝေစေလျက်ရှိသည့် ပြည်ထောင်စုတွင်း စစ်မက်ဖက်ပြိုင်မှုများ အပြီးအပိုင် ပြေပျောက်ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းနိုင်ရန် ညှိနှိုင်းမည်။”
(ဃ) တိုင်းရင်းသားလူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံကြီးတွင် တိုင်းရင်းသား လူမျိုးအားလုံးနှင့် ပြည်နယ်အားလုံး၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်ပိုင်စာပေ၊ ထုံးတမ်းယဉ်ကျေးမှုနှင့် ဘာသာစကားများ စည်ပင်ထွန်းကားရေးနှင့် အပြန်အလှန် ဖလှယ်စည်းပူးရေးတို့အတွက် ခိုင်မာတိကျသော ဝိုင်းဝန်းပံ့ပိုးမှု၊ အာမခံမှု၊ လေးစား စောင့်ထိန်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းချမှတ်မှုများကို ဖော်ထုတ်မည် ဟူ၍ လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပေသည်။ အထက်တွင် ဖော်ပြခဲ့သည့် “…ပင်လုံ ညီလာခံကြီးကဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂတ်ခရီးလမ်းညွှန်များကို ချမှတ် နိုင်မည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ အမျိုးသား ညှိနှိုင်းမှု ညီလာခံတရပ်ကို ခေါ်ယူကျင်းပမည်” ဟူသည်နှင့်ပတ်သက်၍ အဆိုပါ ညီလာခံသည် ပြည်ထောင်စု စိတ်ဓာတ် လုံးဝလွှမ်းမိုးသော ညီလာခံဖြစ်ရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်း
၁၁။ ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ် မေလတွင် ကျင်းပပြုလုပ်ခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့ရသည်။ ထိုစဉ်က တိုင်းပြည်သို့ ထုတ်ပြန် အသိပေးခဲ့သော အဖွဲ့ချုက်၏ “ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကြေညာစာတမ်” တွင်-

“တိုင်းရင်းသားလူမျိုးအသီးသီးသည် မိမိတို့ ရပိုင်ခွင့်များနှင့် တာဝန်ယူမှုတို့တွင် တန်းတူ ရည်တူ ရှိစေရမည်။ ထို့အပြင်-
(က) တိုင်းရင်းသား လူမျိုးများအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုဖြင့်၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးကို ဦးတည်ရှေးရှုမည်။
(ခ) ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးအားလုံး၏ အခွင့်အရေးတန်းတူရည်တူမှုကို လက်ခံလျက် မည်သည့်လူမျိုးကိုမျှ အခွင့်အရေးမပေးရေးနှင့် လူမျိုးနွယ် လူမျိုးစု အားလုံး၏ ခံစားထိုက်၊ ခံစားအပ်သော မည်သည့်အခွင့်အရေးကိုမျှ ချုပ်ခြယ် ကန့်သတ်မှု မပြုရေးကို ဦးတည်ရှေးရှုမည်။
(ဂ) တိုင်းရင်းသား လူမျိုးများ အားလုံးသည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ကဏ္ဍ စသော နယ်အသီးသီး၌ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နဲ့အညီ ဦးတည်ရှေးရှုမည်။
(ဃ) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မပေါ်ပေါက်မီ ကြားကာလ အစီအစဉ်ဖြင့် ပြည်သူ့လွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ ရှိပြီးသားပြည်နယ်များအတွက် အာဏာပိုင် အဖွဲ့များ ဖွဲ့စည်းပေးမည်။
(င) နယ်ပယ်အသီးသီး၌ တိုင်းရင်းသားလုမျိုးအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ကူညီရိုင်းပင်းမှု၊ ဝိုင်းဝန်းပံ့ပိုးမှုဖြင့် ပြည်ထောင်စုကြီးတခုလုံးနှင့်၊ ပြည်ထောင်စုကြီး၏ ပြည်နယ်ဒေသအစိတ်အပိုင်း အသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ရှေးရှုမည်။
(စ) ဒီမိုကရေစီစနစ် အောင်မြင်စွာ တည်ဆောက်နိုင်ချိန်တွင် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေး၊ တိုင်းရင်းသား လူမျိုးအားလုံး သွေးစည်းညီညွတ်ရေး တည်းဟူသော ဒီမိုကရေစီလူ့ဘောင်၏ အခြေခံအုတ်မြစ်ကြိးများကို အခိုင်အမာချနိုင်စေရန်အလို့ငှါ၊ ပင်လုံညီလာခံကဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂါတ် ခရီး လမ်းညွန်များကို ချမှတ်နိုင်မည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသား ညှိနှိုင်းမှု ညီလာခံ တရပ်ကို ခေါ်ယူကျင်းပမည်၊
(ဆ) တိုင်းရင်းသားလူမျိုးတိုင်းသည် မိမိတို့စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာများကို ထိန်းသိမ်းစောင့်ရှောက်ခွင့်၊ ဖွံ့ဖြိုးတိုးတက်စေခွင့် ရှိစေရမည်။
(ဇ) တိုင်းရင်းသားလူမျိုးများသည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား လူမျိုးများ အားလုံး စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီထွန်းကားရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စ အစရှိသည်များကို ပြည်ထောင်စုတစ်ခုလုံး အတိုင်းအတာဖြင့် ပါဝင်ဆောင်ရွက် စေရမည်” ဟု ကတိကဝတ်ပြုခဲ့ပေသည်။

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညှိနှိုင်းခြင်း
၁၂။ ဤသို့အားဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် မဲဆန္ဒရှင် ပြည်သူတို့၏ တစ်ခဲနက် ထောက်ခံမှုဖြင့်၊ အထွေထွေ ရွေးကောက်ပွဲတွင် အောင်ပန်းဆွတ်ခူး အနိုင်ရရှိခဲ့သည်။ ထိုသို့ အောင်နိုင်ပြီးနောက်၊ တိုင်းရင်းသား ပြည်သူတရပ်လုံး လိုလား မျှော်မှန်းနေကြသည့် “စစ်မှန်သော ပါတီစုံဒီမိုကရေစီနိုင်ငံတော်သစ်” တည်ဆောက် နိုင်ရေးအတွက် တိုင်းရင်းသား လူမျိုးများ၏ သဘောဆန္ဒများကို ရယူရန်ဦးစားပေး ဆောင်ရွက်ခဲ့သည်။ တိုင်းရင်းသား လူမျိုးများ၏ နိုင်ငံရေးပါတီ (၂၁) ပါတီ ပေါင်းစပ်ဖွဲ့စည်းထားအပ်သော “ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်” နှင့် ညှိနှိုင်းပြီး၊ ၁၉-၈-၉၀ ရက်နေ့တွင် သဘောထား ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကြေညာချက်မှ အချက်အချို့ များမှာ -
(က) “ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာပြီးလျှင် ပြည်သူ့လွှတ်တော်က တင်မြှောက်သော ဒီမိုကရေစီအစိုးရ ဖွဲ့စည်းပြီး၊ အမြန်ဆုံးသော ကာလအတွင်း၊ ပြည်သူ့လွှတ်တော်၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား လူမျိုးများနှင့် ပါဝင်သင့်သော ပါဝင်ထိုက်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များပါဝင်သည့် အမျိုးသားညှိနှိုင်းမှု ညီလာခံကြီးတရပ် ကျင်းပ၍၊ ပြည်ထေင်စု ထူထောင်ရေးအတွက် လမ်းညွန်မှုများ ချမှတ်မည်။ ယင်းလမ်းညွန်မှုများနှင့်အညီ ပြည်သူ့လွှတ်တော်က ရေရှည် တည်တံ့ခိုင်မြဲမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ် တစ်ရပ်ကို ရေးဆွဲပြဋ္ဌါန်းအတည်ပြုရမည့့်”။
(ခ) “တိုင်းရင်းသားလူမျိုးများသည် လူမျိုးရေးတန်းတူညီမျှမှု၊ နိုင်ငံရေး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင် ပြဋ္ဌါန်းခွင့် အပြည့်အဝရှိစေရမည့်အပြင်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အာမခံချက်ရှိသော ပြည်ထောင်စုကို တိုင်းရင်းသား အားလုံး သွေးစည်းညီညွတ်စွာ ထူထောင်ရန်လိုအပ်ကြောင့်း့” ဟူသည်များ ဖြစ်ပါသည်။

၁၃။ “ကိုယ်ပိုင်ပြဋ္ဌါန်းခွင့် အပြည့်အဝရှိစေရမည်” ဟူသော သဘောသည် ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်အပိုဒ် - ၅ ပါ၊ “့တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခု ရရှိခံစားလျှက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့် ဒေသတွင်မဆို လုံးဝပြုမူလိမ့်မည်မဟုတ်၊ တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌါန်းခွင့် အပြည့်အဝရှိကြောင်း မူအားဖြင့် လက်ခံမည်။” ဆိုသည့် သဘောတရားကို အခြေခံ၍ သက်ဆိုင်ရာ ပြည်နယ်/တိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အာဏာပိုင်အဖွဲ့များသို့ လုံလောက်သော အုပ်ချုပ်မှု အာဏာများကို ညှိနှိုင်းဆွေးနွေး၍ ခွဲဝေ ပေးအပ်ရမည် ဖြစ်ပေသည်။

အခြေခံဥပဒေရေးဆွဲရာတွင် တိုင်းရင်းသားလူမျိုးများအရေးနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထားရှိသော သဘောထားများ

၁၄။ စစ်မှန်သော ပါတီစုံ ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပီပြင်စွာ ရေးဆွဲကြမည်ဆိုပါက ဒီမိုကရေစီ အခြေခံမူများကို လည်းကောင်း၊ လူ့အခွင့်အရေးနှင့် အခြေခံရပိုင်ခွင့်များကို လည်းကောင်း၊ မလွဲမသွေအခြေခံရပေမည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့စဉ်က ပြည်သူတို့အား ပေးထားခဲ့ပြီးသော ကတိကဝတ်များကို သတိရှိရှိ၊ လက်ကိုင်ပြု၍ ယင်း အခြေခံမူများအပေါ် စွဲမြဲစွာ ရပ်တည်သည်။ ပြည်သူတို့အား ပေးထားခဲ့ပြီးသော ကတိကဝတ်များကို ၎င်းတို့ထံ ပြန်လည်၍ တင်ပြခြင်း မပြုဘဲ၊ မည်သည့် အခါမျှ၊ မည်သည့် အကြောင်းကြောင့်မျှ၊ သွေဖီ ချိုးဖောက်ခြင်း ပြုလိမ့်မည်မဟုတ်ပါ။

၁၅။ အခြေခံဥပဒေရေးဆွဲရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထားရှိသော အခြေခံသဘောထားများမှာ -
(က) တိုင်းရင်းသားလူမျိုးများသည် မိမိတို့ ဘိုးစဉ်ဘောင်ဆက်ရပ်တည်ခဲ့သော လူမျိုး အစဉ်အဆက်ကို မပျောက်မပျက် ထိန်းသိမ်းလိုကြသည်။
(ခ) မိမိတို့၏ ဓလေ့ထုံးတမ်းဝဉ်ကျေးမှု၊ အနုပညာ၊ စာပေ၊ ဘာသာစကား၊ ဘာသာတရား၊ စရိုက် လက္ခဏာများကို အလွန်တန်ဖိုးထား ထိန်းသိမ်း မြှင့်တင်လိုကြသည်။
(ဂ) နယ်မြေဒေသကို မြတ်နိုးတန်ဘိုးထားကြသည်။
(ဃ) အစဉ်အဆက် ရပ်တည်နေထိုင်ခဲ့သော အစဉ်အလာနှင့် လွတ်လပ်ခွင့် တို့ကိုလည်း ဆက်လက်ခံယူလိုကြသည်။
(င) တန်းတူရည်တူမှုနှင့် မရှိအတူ၊ ရှိအတူ၊ အေးအတူပူအမျှ၊ မခွဲစတမ်း နေထိုင်သွားရေးနှင့် တစ်မိသားစုဝင်များ အဖြစ်၊ မျှတသည့်လူ့ဘောင်ဘဝကို တည်ဆောက်လိုကြသည်။
(စ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုလားကြသည်၊ စသည်တို့ဖြစ်ပါသည်။

၁၆။ ဤအချက်များကို အသိအမှတ်ပြု၍ တရားမျှတစွာ စီမံဖြည့်ဆည်းပေးရန် လိုအပ်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ခံယူထားပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး စသည့်အရေးများကို အခြေအနေအချိန်အခါနှင့် လိုက်လျောညီညွတ်စေရန် လည်းကောင်း၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေး၊ ပြည်ထောင်စုကြီး မပြိုကွဲရေး၊ တစ်မိသားစုအဖြစ် လက်တွေ့ခံယူကျင့်သုံး ဖေါ်ဆောင်နိုင်ရေးများ ရရှိစေရန် လည်းကောင်း၊ သဘောထားကြီးစွာထားပြီး ကြေအလည်ညှိနှိုင်း ဆွေးနွေးကြရန် လိုအပ်ပါသည်။

၁၇။ ပြည်နယ်နှင့် တိုင်းအတွင်းရှိ လူမျိုးစုများအနေဖြင့် ကိုယ်ပိုင်နယ်မြေ၊ ကိုပိုင်စကားနှင့် သင့်တင့်သော လူဦးရေရှိပြီး ၎င်းတို့၏ သဘောဆန္ဒအလျောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအဖြစ် နေလိုသော ဆန္ဒရှိပါက သတ်မှတ်ပေးရန်ဖြစ်ပေသည်။ ဤသည်နှင့် ပတ်သက်၍ ပြည်ထောင်စုပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်၊ လူမျိုးစုပြည်နယ်ဟု တိုင်းပြည်အခြေအနေများအရ လည်းကောင်း၊ နိုင်ငံရေးအခြေအနေများအရလည်းကောင်း သတ်မှတ်ပေးရန် လိုကောင်းလိုလာလိမ့်မည်။ ထိုသို့ အခြေအနေပေါ်ပေါက်လာလျှင် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ - ခုနှစ် အခြေခံ ရေးဆွဲရန်အတွက်၊ ဖဆပလ ပဏာမညီလာခံသို့ တင်သွင်းသည့် အဂါင်္ရပ်များဟူသည့် အချက်များအရ၊ ဆောင်ရွက်ပေးရန်သင့်လျော်သည်ဟု သဘောရသည်။ အင်္ဂါရပ်များမှာ -
(က) ပထဝီအနေအထားအရ၊ နယ်နိမိတ်အထင်အရှားရှိခြင်း၊
(ခ) မြန်မာ့စကားနှင့် မတူသော ဘာသာစကားတစ်မျိုးတည်းရှိခြင်း၊
(ဂ) ယဉ်ကျေးမှုတမျိုးတည်းရှိခြင်း၊
(ဃ) ရာဇဝင်အစဉ်အလာတစ်မျိုးတည်းရှိသော လူစုရှိခြင်း၊
(င) စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေး လုံလောက်မှုတို့ရှိသော လူစုရှိခြင်း၊
(စ) လူဦးရေအတော်အတန်ရှိခြင်း၊
(ဆ) သီးခြားပြည်ထောင်စု ဒေသ တစ်ခု အဖြစ်ဖြင့် မိမိ၏
ကိုယ်ပိုင်ထင်ရှားချက်အတိုင်း နေလိုသော ဆန္ဒရှိခြင်း၊ - တို့ဖြစ်ကြသည်။

၁၈။ တိုင်းရင်းသားလူမျိုးနွယ်စု အားလုံးသည် ပြည်ထောင်စုဖွား မိသားစုများဖြစ်ကြပြီး တစ်မြေတည်းနေ တစ်ရေတည်းသောက်၍ တန်းတူရည်တူ၊ အေးအတူပူအမျှ၊ ဥမကွဲ သိုက်မပျက်၊ သံသယကင်းရှင်းစွာ ထာဝစဉ် သွေးစည်းညီညွတ်စွာ မခွဲစတမ်း နေထိုင်သွားကြရမည်။ ပြည်ထောင်စု အတွင်းရှိ ပြည်နယ်အားလုံးသည် အခြေခံဥပဒေနှင့် အညီ -
(က) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိစေရမည်။
(ခ) ပြည်နယ်များက ပြဋ္ဌါန်းသော ဥပဒေမှန်သမျှသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ဖြစ်ရမည်။ အကယ်၍ ပြည်နယ်များက ပြဋ္ဌါန်းလိုက်သော ဥပဒေ တစ်ရပ်ရပ်သည် ပြည်ထောင်စု အကျိုးကို ထိခိုက်မည်ဆိုပါက လွှတ်တော်က ပြန်လည်စီစစ်ပိုင်ခွင့်ရှိရမည်၊ ဟု သဘောထားသည်။

၁၉။ နိုင်ငံတော်သည်၊ တန်းတူရည်တူဖြစ်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသော တိုင်းရင်းသားလူမျိုးနွယ်စုများနှင့် ပေါင်းစပ်ဖွဲ့စည်းထားသော နိုင်ငံဖြစ်သည်။ လူမျိုးနွယ်စု အချင်းချင်း သည်လည်းကောင်း၊ လွမ်းမိုးခြင်း၊ အကြပ်ကိုင်ခြင်း၊ ချိုးနှိပ်ခြင်း၊ တရားမဲ့ပြုခြင်း၊ ခေါင်းပုံဖြတ်ခြင်း အလျင်း မရှိစေရ။ နိုင်ငံတော်၏ အသီးအပွင့် များကို မိမိတို့၏ ကာယ၊ ဥာဏ၊ ဇွဲ၊ ဝိရိယစွမ်းအားအလိုက် အကျိုးခံစားခွင့် ရှိစေရမည်ဟု သဘောထားသည်။

၂၂။ လွတ်တော်များဖွဲ့ စည်းရေးကိစ္စနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည်၊ ၁၉၈၉ ခုနှစ်၊ ဇူလိုင် (၁၅) ရက် ကတည်းကပင်၊ တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညှိနှိုင်းခဲ့သည်။ ထိုစဉ်ကပင် ဖက်ဒရယ် (ပြည်ထောင်စု) ဟူသော ကိစ္စကို စဉ်းစား ဆွေးနွေးကြရာ၌ ပြည်ထောင်စု ဖွဲ့ခြင်းသည်၊ ခွဲထွက်ရန်မဟုက်ဘဲ၊ ဗဟိုနှင့် ပြည်နယ်အစိုရများသို့ အာဏာများ ခွဲဝေပေးရေးနှင့် အစဉ်ပြေစွာပူးပေါင်း နေထိုင်သွားရေးသည်သာ အဓိကဖြစ်ကြောင်း သဘောထားခဲ့ကြသည်။ အထူးသဖြင့် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုများအကြား အာဏာများမည်ကဲ့သို့ ခွဲဝေပြီး၊ တာဝန်ဝတ္တရားများကို မည်ကဲ့သို့ ပိုင်းခြားသတ်မှတ်ကြမည်ကို ဆွေးနွေးညှိနှိုင်းကြပြီး၊ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ များကို ဆန့်ကျင်ပြီး၊ တိုင်းရင်းသား လူမျိုးအားလုံး ချစ်ကြည်သွေးစည်းရေးကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ကြးရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများ၊ ဘာသာရေးကိုးကွယ်မူ စသည်များကို ထိန်းသိမ်းသွားနိုင်ကြရေးးအတွက် ညှိနှိုင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း သဘောထားခဲ့ကြပေသည်။
၂၃။ ထို့ကြောင့် ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်အဖြစ် ဖွဲ့စည်းကြသည့်အခါ ပြည်ထောင်စု လွှတ်တော်ကို-
(က) မဲဆန္ဒနယ်မြေအလိုက် လူဦးရေကို အခြေခံရွေးကောက်တင်မြောက်လိုက်သော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည့် လွှတ်တော်တစ်ရပ်နှင့်
(ခ) ပြည်နယ်နှင့်တိုင်းများမှ လူဦးရေတူညီစွာ ရွေးကောက်တင်မြှောက်လိုက်သော လွတ်တော်ကိုယ်စားများနှင့် ဖွဲ့စည်းသည့် လွှတ်တော်တရပ် ပေါင်း (၂) ရပ်တို့ဖြင့် ဖွဲ့စည်းရန်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းများတွင်လည်း အချုပ်အခြာ အာဏာသည် ပြည်သူလူထုမှ ဆင်းသက်သည် ဟူသော ဒီမိုကရေစီ မူဝါဒအရ အဆိုပါ လွှတ်တော်များသို့ ပြည်သူများက မိမိတို့ပိုင်သည့် အချုပ်အခြာ အာဏာကို အသုံးပြု၍ ဒီမိုကရေစီကျင့်စဉ်နှင့် အညီ မိမိကိုယ်စား ပြည်သူ့ကိုယ်စားလှယ်များကို မိမိတို့ကိုယ်တိုင် ရွေးကောက်တာဝန် အပ်နှင်းရန်ဖြစ်သည်ဟု သဘောထားသည်။

၂၄။ လွှတ်တော် (၂) ရပ်၏ တာဝန်ပိုင်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းများ ပြုစုတင်သွင်းနိုင်ခွင့်၊ တင်ပြလာသော ဥပဒေကြမ်းများကို စိစစ်ဝေဖန် အကြံပြုပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များ တူညီစွာ ရှိသင့်ကြသည်။ သို့သော် ငွေကြေးဆိုင်ရာ ဥပဒေကြမ်းများကိုမူ ပြည်သူ့လွှတ်တော်ကသာ စတင် အကြံပြုသင့်ကြောင်း သဘောထားပါသည်။

၂၅။ အာဏာများ ခွဲဝေရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ်/တိုင်းဆိုင်ရာ ကိစ္စရပ်များကို ပီပြင်စွာ ဆောင်ရွက်နိုင်ရန် အကြေအလည် ဆွေးနွေးညှိနှိုင်းပြီး၊ အာဏာများကို ခွဲဝေ သတ်မှတ်ပေးရန် လိုအပ်သည်ဟု သဘောထားသည်။ ထို့ကြောင့် ပြည်ထောင်စု ဥပဒေပြုဇယား၊ ပြည်နယ်/တိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ရဒေသ အာဏာပိုင်အဖွဲ့များ၊ ဥပဒေပြုဇယားနှင့် တူညီ ဥပဒေပြုဇယားများကို တိကျစွာ ခွဲဝေသတ်မှတ်သွားကြရမည်ဟု အလေးအနက် ခံယူပေသည်။

၂၆။ တရားစီရင်ရာ၌ ထူးခြားသော အခြေအနေအရ တိုင်းရင်းသား လူမျိုးများအလိုက် ကျင့်သုံးကြသည့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ ပေးထားသင့်သည်ဟု သဘောထားသည်။ သို့သော် ခေတ်စနစ်များနှင့် လိုက်လျောညီထွေမှု မရှိလျှင်ဖြစ်စေ၊ ဥပဒေ ပြဋ္ဌာန်းချက်အရ လူမျိုးစုတမျိုးက အခြားလူမျိုးစုတမျိုးကို ထိခိုက်နစ်နာမှုရှိလျှင်ဖြစ်စေ ပြည်ထောင်စု လွှတ်တော်က စီစစ်ပြုပြင်ပိုင်ခွင့် ရှိသင့်ပေသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘောထားအနှစ်ချုပ်

၂၇။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တိုင်းရင်းသား လူမျိုးများအရေးနှင့် စပ်လျဉ်း၍ထားရှိသည့် သဘောထား အနှစ်ချုပ်များမှာ -
(က) အမိ မြန်မာနိုင်ငံတော်ကို “ပြည်ထောင်စု မြန်မာနိုင်ငံတော်” အဖြစ် ဖွဲ့စည်း တည်ဆောက်သင့်သည်။
(ခ) တိုင်းရင်းသား လူမျိုးများနှင့် ပေါင်းစပ်ဖွဲ့စည်းအပ်သော အမိနိုင်ငံတော်၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေးနှင့် တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသား လူမျိုးအားလုံး၏ သွေးစည်းညီညွတ်ရေးသည် အခြေခံအကျဆုံးသော လိုအပ်ချက်ဖြစ်သည်။
(ဂ) ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသား ပြည်သူတို့၏ အကျိုးကို ဖော်ဆောင်ကြရာ၌ တိုင်းရင်းသားလူမျိုး အချင်းချင်း တန်းတူရည်တူမှုဖြင့် သံသဝစိတ်ကင်းစင်စွာ အပြန်အလှန် ယုံကြည်ကြရန်၊ အပြန်အလှန် ကူညီရိုင်းပင်းကြရန်၊ အတူတကွ တက်ညီလက်ညီ လုပ်ကိုင်ဖော်ဆောင်ကြရန်နှင့် နိုင်ငံတော်၏ အသီးအပွင့်များကို မိမိတို့၏ ကာယ၊ ဥာဏ၊ ဝိရိယ စွမ်းအား အလိုက် အကျိုးခံစားခွင့်ရကြရန် လိုအပ်သည်။
(ဃ) တနိုင်ငံလုံးနှင့်ဆိုင်သော ကိစ္စရပ်များကို စုပေါင်းအကောင်အထည်ဖော်ကြ၍ ထူးခြားသော အခြေအနေအရ လူမျိုးစုများဆိုင်ရာ မိမိတို့ မြတ်နိုးတန်ဖိုးထားသည့် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ၊ စောင့်ထိမ်းအပ်သည့် ဓလေ့ထုံးတမ်းများကို သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့် ရှိကြရန် လိုအပ်သည်ဟူသည်များ ဖြစ်ပါသည်။

၂၈။ အထက်ပါ သဘောထားများနှင့်အညီ စစ်မှန်သော ပါတီစုံ ဒီမိုကရေစီ နိုင်ငံတော်အဖြစ် -
(က) အမိမြန်မာနိုင်ငံတော်ကို “ပြည်ထောင်စုနိုင်ငံတော်” အဖြစ် တည်ဆောက်ကြရန်၊
(ခ) ပြည်ထောင်စု နိုင်ငံတော်ကို ဖွဲ့စည်းသည့်အခါ ဗဟိုတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ ပါဝင်သော ပြည်ထောင်စု လွှတ်တော်ကို ဖွဲ့စည်းကြရန်၊
(ဂ) တန်းတူရည်တူဖြစ်ကြသော ပြည်နယ်နှင့် တိုင်းများတွင် သက်ဆိုင်ရာ ပြည်နယ် သို့မဟုတ် တိုင်း လွှတ်တော်တရပ် ဖွဲ့စည်းရန်၊
(ဃ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာများရှိသည့် အာဏာပိုင် အဖွဲ့များ ထားရှိရန်၊
(င) အဆင့်ဆင့်သော အာဏာပိုင်အဖွဲ့များကို အာဏာပိုင်အဖွဲ့များကို ပြည်သူက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများတွင် မိမိတို့ ကိုယ်တိုင် ရွေးကောက် တင်မြှောက် အာဏာနှင်းလိုက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန်၊
(စ) အဆင့်ဆင့်သော လွှတ်တော်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအာဏာပိုင် အဖွဲ့များသို့ လိုအပ်သော ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှုအာဏာနှင့် တရားစီရင်မှု အာဏာများကို ညှိနှိုင်းဆွေးနွေး၍ ခွဲဝေပေးအပ်ရန်၊
(ဆ) အာဏာများ ခွဲဝေသတ်မှတ်ရာတွင် ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ်/တိုင်း ဆိုင်ရာကိစ္စရပ်များကို လုံလောက်စွာ ဆောင်ရွက်နိုင်ရန် အကြေအလည် ညှိနှိုင်းပြီး သတ်မှတ်ရန်၊ အထူးသဖြင့် ပြည်ထောင်စု ဥပဒေပြုဇယား၊ ပြည်နယ်/တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥပဒေပြု ဇယားများနှင့် တူညီဥပဒေပြု ဇယားများကို တိကျစွာ ခွဲဝေသတ်မှတ်ရန်၊
(ဇ) တိုင်းရင်းသား လူမျိုးများအလိုက် ကျင့်သုံးကြသည့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာ ဒေသ အာဏာပိုင်အဖွဲ့များမှ လုပ်ပိုင်ခွင့်ရှိစေရန်၊
(ဈ) ကိုးကွယ်သည့်ဘာသာနှင့်ပတ်သက်၍ မိမိမြတ်နိုးကြည်ညိုသည့် မည်သည့် ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့်ရှိစေရန်၊ - စသည်တို့ ဖြစ်ပါသည်။

၂၉။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အခြေခံသဘောထားမှာ ငြိမ်းချမ်းတည်ငြိမ်ပြီး၊ လူတဦးချင်း၏ အခွင့်အရေးများ၊ တိုင်းရင်းသး လူမျိုများဆိုင် အခွင့်အရေးများ ခံစားပိုင်ခွင့်ရှိသော စီးပွားရေး၊ ဘဝခိုင်ခံ့မှု စသည်တို့ကို အာမခံသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရေး ဖြစ်ပါသည်။

၃၀။ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်သည့်အခါ စစ်ရေးနည်းလမ်းအားဖြင့် တည်ဆောက် ၍မရနိုင်ချေ။ နိုင်ငံရေးနည်းလမ်းအားဖြင့်သာ တည်ဆောက်သွားကြအပ်သည်ဟု ရိုးသားစွာ ယုံကြည်ကြသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးတို့တွင်လည်း မိမိတို့နိုင်ငံအတွင်း ပြဿနာများကို နိုင်ငံရေးနည်းအားဖြင့်သာ အောင်မြင်စွာ ဖြေရှင်းကြသည်ချည်း ဖြစ်ပါသည်။

၃၁။ ထိုသို့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်သည့်အခါ သက်ဆိုင်ရာများအနေဖြင့် မိမိတို့ဆန္ဒစွဲများကို တရားသေ ဆုတ်ကိုင်၍မထားဘဲ မိမိအပါအဝင် အများအားလုံး၏ အကျိုးစီးပွားကို စေတနာမှန်ကန်စွာဖြင့် ဖြစ်ပေါ်ခဲ့သော၊ ဖြစ်ပေါ်လျက်ရှိသော ချို့ယွင်းချက်၊ အားနည်းချက်များကို သင်ခန်းစာယူလျက် အမှန်တရားကို ရှာဖွေကြရပေလိမ့်မည်။ လူတဦးချင်း၏ အခွင့်အရေးများနှင့် တိုင်းရင်းသားလူမျိုးများဆိုင်ရာ ရပိုင်ခွင့်များကို တရားမျှတစွာ အဖြေရှာပြီး၊ အများစုကြီး၏ အကျိုးကို ဦးထိပ်ပန်ဆင်ကြရမည်ဟုလည်း အခိုင်အမာ သဘောထားပေသည်။

၃၂။ သို့ပါသဖြင့် အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းကြသည့်အခါတွင်လည်း၊ အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်သည်ဟူသော ဒီမိုကရေစီ၏ အဓိကမူအရ၊ ပြည်သူတို့သည် မိမိတို့၏ ကိုယ်ပိုင်ဆန္ဒအရ၊ လွတ်လပ်စွာ ရွေးချယ်ကြပြီး၊ အများစု လက်ခံနိုင်သော ဒီမိုကရေစီ အာမခံချက်များ ပါရှိရမည်ဖြစ်ပေသည်။ သို့မှသာလျှင် တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများ မုချ ဖြစ်ထွန်းခံစားနိုင်ကြမည်ဟု အလေးအနက် သဘောထားပေသည်။

နိဂုံး

အထက်ပါအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရင်းသား လူမျိုးများနှင့် ပတ်သက်၍ ထားရှိသော သဘောထားသည် အဖွဲ့ချုပ် စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ စွဲမြဲစွာ ခံယူသည့် မူဝါဒသဘောထားများအပေါ် အခြေခံ၍ ခိုင်မာစွာ ရပ်တည်ခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍လဲ ရပ်တည်ချက် ဖော်ဆောင်သွားမည် ဖြစ်ပေသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားများ သွေးစည်းညီညွတ်မှုကို ခိုင်မြဲစွာ တည်ဆောက်ခြင်းမပြုနိုင်ပါက၊ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်နိုင်မည်မဟုတ်ဟု သဘောထားသည်။

အထက်ပါသဘောထားများအပေါ် အခြေခံ၍ နိုင်ငံတော်နှင့် တိုင်းရင်းသား လူမျိုးများ၏ အကျိုးစီးပွားကို ပီပြင်စွာ ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ခိုင်မာစွာ ထည့်သွင်းပြဋ္ဌာန်းထားရှိရပေမည်။ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဟူသည်၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့အကြား ချုပ်ကိုင်သည့် ပဋိညာဉ်စာတမ်း ဖြစ်သောကြောင့် ဖြစ်ပေသည်။ အထူးသဖြင့် တိုင်းရင်းသား ပြည်သူအများစုကြီးက ယုံကြည်စွာ လက်ခံနိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်မှသာလျှင် တိုင်းရင်းသား လူမျိုး အားလုံး ပြန်လည်ရင်ကြားစေ့ရေးကို အမှန်တကယ် ဖော်ဆောင်ရာရောက်ပေမည်။ ရင်ကြား စေ့ရေးကိစ္စများကို အကောင်အထည်ဖော်နိုင်ရန် တိုင်းရင်းသား လူမျိုးခေါင်းဆောင်များ၊ အာဏာပိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြရန်ဖြစ်သည်။ သို့မှသာလျှင် တိုင်းရင်းသား ပြည်သူများ မျှော်မှန်းထားသော “စစ်မှန်သည့် ပါတီစုံ ဒီမိုကရေစီ နိုင်ငံတော်” ပီပြင်စွာ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း အလေးအနက် ခံယူအပ်ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ရန်ကုန်မြို့
၁၃၅၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၉) ရက်။
၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ယာယီစာကူးစက်
အမှတ် - ၃၉၃ ဖြင့် ကူးယူသည်။
အဖွဲ့ချုပ်အဖွဲ့ဝင်များ (အတွက်သာ)

No comments:

Post a Comment