တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ညွန့်ပေါင်းသတင်းလွှာ။ ယမုန်နာဆေးခန်း။ ၁၉၉၀ ရွေးကောက်ပွဲ။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ပုလဲသွယ်၊ နိုင်ငံရေး-စာမျက်နှာ။

Monday, March 2, 2009

၁၉၆၂ ခု ပြည်ထောင်စုမူနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ၊ ရှမ်းပြည်နယ်ကိုယ်စားလှယ် ဦးထွန်းမြင့်။

အခမ်းအနားမှူး။ ။နံပါတ်(၇)အစီအစဉ်အရ ရှမ်းပြည်နယ်ကိုယ်စားလှယ် ဦးထွန်းမြင့်က ထောက်ခံမှာဖြစ်ပါတယ်။

သြဘာသံများ

ဦးထွန်းမြင့်

လေးစားအပ်တဲ့ သဘာပတိကြီး နိုင်ငံတော်ဝန်ကြီးချုပ်ခင်ဗျား။ လေးစားအပ်တဲ့ သွေးချင်းကိုယ်စားလှယ်တော်များခင်ဗျား။ ပြည်ထောင်စုစစ်စစ်ဖွဲ့စည်းရေးမူကို ကျနော်တို့ တင်ပြလိုက်တယ်ဆိုရင်ဘဲ မြန်မာပြည်မှ အမျိုးသားခေါင်းဆောင် အသီးသီးဆီမှ ရှုဒေါင့်အမြင် အမျိုးမျိုးနဲ့ သဘောထားတုန့်ပြန်မှုအမျိုးမျိုး ပေါ်ထွက်လာခဲ့ပါတယ်။

မြန်မာပြည်ဟာ ဝံသာနုခေတ်ကနေပြီး ဗိုလ်ချုပ်အောင်ဆန်းခေတ်အထိ ဗြိတိသျှ ကိုလိုနီဘဝက လွတ်မြေက်အောင် လွတ်လပ်ရေး တိုက်ပွဲအဆင့်ဆင့် ဆင်နွှဲလာခဲ့ပါတယ်။ ဟုမ်းရူးလ်ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးကနေ လုံးဝလွတ်လပ်ရေးအထိ လွတ်လပ်ရေး အမျိုးမျိုးတောင်းဆိုခဲ့ကြပါတယ်။ ဒီတောင်းဆိုချက်တွေကို မြန်မာအမျိုးသားများဖက်က ကြည့်ရင် အလွန်တရားသော တောင်းဆိုချက်များ ဖြစ်ပါတယ်။ ကိုလိုနီနယ်ချဲ့သမားများဖက်ကကြည့်ရင် မတရားတဲ့တောင်းဆိုချက်တွေလို့ ဖြစ်ပါတယ်။ မြန်မာအမျိုးသားများဖက်က လွတ်လပ်ရေး၊ ဗြိတိသျှနယ်ချဲ့သမားများဖက်က ကိုလိုနီတည်မြဲရေး။ ရှုဒေါင့်အမြင်ချင်း မတူကြပါဘူး။

ဒီဥပမာနဲ့ ဒီနေ့ကျနော်တို့အဖြစ်အပျက်ဟာ ထပ်တူထပ်မျှဆီလျော်တယ်လို့ ကျနော်မဆိုလိုပါဘူး။ ဟိုအရေးက နယ်ချဲ့သမားနဲ့ ကိုလိုနီကျွန်ဘဝကျရောက်နေတဲ့ မြန်မာအမျိုးသားများ လွတ်လပ်ရေးတောင်းဆိုတဲ့ ဆက်ဆံရေး။ အခုကျနော်တို့အရေးဟာ မိသားစုချင်း တန်းတူမှုတောင်းဆိုတဲ့ဆက်ဆံရေး။ အမျိုးအစားချင်း ကွာခြားပါတယ်။ အထက်က ဥပမာကို ကျနော်တင်စားဖော်ပြရတဲ့ရည်ရွယ်ချက်က တခြားအကြောင်းကြောင့် မဟုတ်ပါဘူး။ ခံစားမှုဘဝကို ပေါ်လွင်စေလိုတဲ့ စေတနာကြောင့်ဖြစ်ပါတယ်။

ကျနော်တို့တင်ပြတဲ့ ပြည်ထောင်စုစစ်စစ်မူရဲ့အနှစ်သာရဟာ ဘာလဲဆိုရင် တန်းတူရေးဘဲ ဖြစ်ပါတယ်။ ပြည်ထောင်စု စစ်စစ်မူဆိုပြီး ကျနော်တို့တင်ပြတဲ့အခါမှာ နိုင်ငံရေးပုံ သဏ္ဍာန်၊ အုပ်ချုပ်ရေးပုံသဏ္ဍာန်၊ အာဏာခွဲဝေရေးပုံသဏ္ဍာန် စသည်တို့ကို ဖော်ပြထားတဲ့အတွက် ဒီနေ့ဖြစ်ပေါ်နေတဲ့ ပြဿနာဟာ အလွန်တရာခက်ခဲနက်နဲနေသည်ဟု ယူဆစရာ ဖြစ်နေပါတယ်။ ကျနော်တို့ လိုလားချက်ကို အရှင်းဆုံးစကားနဲ့ဖော်ပြရရင် ကျနော်တို့ ဗမာ၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်ညီအကို မိသားစု တွေဟာ တန်းတူညီတူ ဆက်ဆံကြပါစို့၊ တန်းတူညီတူ ခံစားကြပါစို့လို့ ဆိုလိုက်ခြင်းဘဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပြည်ထောင်စုစစ်စစ်မူကို ပုဂ္ဂိုလ်အချို့ဟာ ဘယ်လိုအတွေးပေါက်တယ်၊ ဘယ်လိုအဓိပ္ပါယ် ကောက်တယ်မပြောတတ်ပါဘူး။ လက်မခံနိုင်ဘူး၊ မဖြစ်နိုင် ဘူးလို့ တုံးတိကြီး ငြင်းပယ်နေကြပါတယ်။ ဒီလိုငြင်းပယ်ခြင်းဟာ ကျနော်တို့ခံစားရတဲ့ဘဝနဲ့ အဓိပ္ပါယ်ပြန်လိုက်ရင် “မင်းတို့နဲ့ တန်းတူညီတူ ဆက်ဆံလို့မဖြစ်ဘူး၊ တန်းတူညီတူ ခံစားခွင့် မပေးနိုင်ဘူး”လို့ အဓိပ္ပါယ်ပေါက်ပါတယ်။

ဗမာပြည်မ,က သတင်းစာတွေကဘဲဖြစ်ဖြစ်၊ နိုင်ငံရေးခေါင်းဆောင်တွေကဘဲဖြစ် ဖြစ်၊ ဥပဒေပညာရှင်တွေကဘဲဖြစ်ဖြစ် ကျနော်တို့ တင်ပြလိုက်တဲ့ ပြည်ထောင်စုစစ်စစ်မူကို ‘လက်မခံနိုင်ဘူး၊ မဖြစ်နိုင်ဘူး’လို့ ပြောလိုက်တဲ့ အခါတိုင်း အခါတိုင်း ကျနော်တို့ စိတ်မှာ ခုနင်က အဓိပ္ပါယ်အတိုင်း လာပြီးခံစားရပါတယ်။ ဗြိတိသျှအာဏာပိုင်များက လွတ်လပ်ရေး မပေးနိုင်ဘူးလို့ ပြောလိုက်တိုင်း ပြောလိုက်တိုင်း မြန်မာအမျိုးသားများစိတ်မှာ ခံစားရသလို ပြည်ထောင်စုစစ်စစ်မူနဲ့ ပတ်သက်ပြီး ဗမာနောင်တော်များဖက်က ပစ်ပစ်ခါခါပြောလိုက်တိုင်း ကျနော်တို့ပြည်နယ်များရဲ့စိတ်မှာ အလားတူ ဝေဒနာခံစားရပါတယ်။ ကျနော်တို့ ပြည်နယ်အမျိုးသားတွေ ပြည်ထောင်စုစစ်စစ်မူကို တောင်းဆိုကြတာဟာ အခွင့်ထူးကို တောင်းနေကြတာ မဟုတ်ပါဘူးဆိုတာကို ကျနော် ဒီနေရာမှာ အစီရင်ခံလိုပါတယ်။

ကျနော်တို့ ရှမ်းအမျိုးသားများအနေနဲ့ အစီရင်ခံရမယ်ဆိုရင် ကျနော်တို့ဟာ ဗမာအမျိုးသားများနည်းတူ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ်အချာအာဏာနဲ့ နေထိုင်လာကြပါတယ်။ ခေတ်ဟောင်းရာဇဝင်မှာ ရှမ်းအမျိုးသားများနဲ့ ဗမာအမျိုးသားများ ဆက်ဆံရေးဟာ တဖက်နဲ့တဖက် နာကျည်းစရာတွေရှိသလို ချစ်ခင်မြတ်နိုးစရာတွေလည်း အမြောက်အများရှိပါတယ်။ လူမျိုးရေးအနွှယ်အရ ရှမ်းအမျိုးသားတွေဟာ ယိုးဒယားနဲ့ ပို၍ နီးစပ်သော်လည်း လက်တွေ့ ဆက်ဆံရေးအရ ဗမာနဲ့ပိုပြီးရင်းနှီးပါတယ်။ ခေတ်သစ်ရာဇဝင်ကို ကြည့်မယ်ဆိုရင်လည်း ဗြိတိသျှကျွန်သားပေါက်ဘဝကို ရှမ်းနဲ့ဗမာဟာ အတူတူဘဲ ကျခဲ့တယ်။ နယ်ချဲ့စိုးမိုးမှုအောက်မှာ အတူတူဘဲ ခံစားခဲ့ကြရတယ်။ လွတ်လပ်ရေးကိုလည်း ရှမ်း နဲ့ဗမာဟာ အတူတူဘဲ လက်တွဲပြီး ရယူခဲ့ကြတယ်။

ကျွန်သားပေါက်ဘဝတခုကနေ တခြား ကျွန်သားပေါက်ဘဝတခုကို ပခုံးပြောင်းမှုကို ဗမာအမျိုးသားများ မလိုလားသလို ကျနော်တို့ ရှမ်းအမျိုးသားများကလည်း နဲနဲမှ မလိုလားပါဘူး။ ဗမာအမျိုးသားများနဲ့ လက်တွဲ လွတ်လပ်ရေးအရယူခဲ့သလို လွတ်လပ်တဲ့ ရှမ်းပြည်အမျိုးသားများဟာ လွတ်လပ်တဲ့ ဗမာပြည်အမျိုးသားများနဲ့ တန်းတူညီတူပူးပေါင်းပြီး ပြည်ထောင်စုကြီး ဖွဲ့စည်း နေထိုင်ကြပါတယ်။

(၁၉၄၅)ခုနှစ်မှ (၁၉၄၇)ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ဆိုကျင်းပတဲနေ့အထိ ကျနော်တို့ရှမ်းအမျိုးသားများဟာ ဗမာပြည်မှ အမျိုးသားများနဲ့ ပူးတွဲလွတ်လပ်ရေးအရယူပြီး ပြည်ထောင်စုစစ်စစ်မူ ပူးပေါင်းဖွဲ့စည်းနေထိုင်လိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ သက်သေသာဓက အထောက်အထားတွေ၊ စာရွက်စာတမ်းတွေဟာ ယနေ့ မပျောက်ကွယ်နိုင်သေး ပါဘူး။ ရှမ်းမူခေါ်တဲ့ စာအုပ်ပြာထဲမှာ အပြည့်အစုံဖော်ပြထားပါတယ်။ ကျနော်တို့ ရှမ်းမုကို တင်လိုက်တာနဲ့ပတ်သက်ပြီး တချို့ပုဂ္ဂိုလ်က“ခင်ဗျားတို့ ရှမ်းတွေ ဘယ်စိတ်ကူးပေါက်လို့ ပြည်ထောင်စုစစ်စစ်ဆိုတဲ့မူကို အခုလို ကြိုးစားပြီး ထပ်တောင်းလာတာလဲ”လို့ မေးကြပါတယ်။ တချို့ပုဂ္ဂိုလ်ကလည်း“ခင်ဗျားတို့ကို ဘယ်သူမြှောက်ပေးလိုက်သလဲ။ ဘယ်သူ့ ပယောဂနဲ့တောင်းတာလဲ”လို့ မေးကြပါတယ်။ ဒီလိုအမေးခံရတဲ့အတွက် ကျနော်တို့ဟာ စိတ်ထဲ အတော် ထိခိုက်နာကျည်း မိခဲ့ကြပါတယ်။ အမှန်ကတော့ ကျနော်တို့ဟာလည်း ပုထု ဇဉ်သားတွေမဟုတ်ပါလား။ ပုထုဇဉ်တို့သဘာဝ စိတ်ထိခိုက် နာကျည်းတာဟာ အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ဟာ သဘောထားကြီးကြီးနဲ့ သည်းခံခဲ့ကြပါတယ်။ ဗမာ အမျိုးသားခေါင်းဆောင်ကြီးများ၊ သတင်းစာဆရာများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများဆီကို ကျနော်တို့ ရှမ်းပြည်နယ် ဥက္ကဋ္ဌကြီး စောခွန်ချိုကိုယ်တိုင် ဦးစီးပြီး ခယဝပ်တွားစွာ သွားရောက် ရှင်းပြခဲ့ပါတယ်။ ဒါကြောင့်လည်း အထင်မှားမှုတွေ၊ ဒီလို မလိုလားအပ်တဲ့ မေးခွန်းမျိုးတွေ နောက်ထပ် ပေါ်မလာတော့ပါဘူး။

နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ညီအကို ကိုယ်စားလှယ်တော်များခင်ဗျား။ ကျနော်တို့ ပြည်ထောင်စုစစ်စစ်မူ တင်ပြ တောင်းဆိုတာဟာ ဗမာပြည်မအပေါ် အနိုင်ကျင့်လိုတဲ့သဘောမျိုး၊ အကြပ်ကိုင်လိုတဲ့သဘောမျိုး၊ အခွင့်ထူး ပိုတောင်းလိုတဲ့သဘောမျိုးနဲ့ တောင်းဆိုခဲ့တာ မဟုတ်ပါဘူး။ ကျနော်တို့ပြည်နယ်များဟာ ပြည်မနဲ့ တန်းတူမရှိ ဖြစ်နေတာကို တန်းတူမှုရှိလာအောင် တောင်းဆိုနေကြခြင်းသာ ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ကျနော်တို့ကို ဗမာပြည်မနဲ့တန်းတူနေရာမှာမထားဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှာ ညီမျှတဲ့အခွင့်အရေးမပေးဘူး။ အဖက်ဖက်က နစ်နာစေတယ်လို့ ကျနော်တို့ ရိုးသားစွာ တွေ့မြင်ကြပါတယ်။ ဒါကြောင့် တန်းတူညီမျှမှုမရှိတဲ့ ဒီအခြေခံ ဥပဒေကြီးကို တန်းတူညီမျှမှုရှိလာအောင် ပြန်လည်ပြင်ဆင်ကြပါစို့လို့ ကျနော်တို့က မိသားစုစိတ်ဓါတ်နဲ့ ရိုးရိုးသားသား တောင်းဆိုနေကြခြင်းသာဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ ပြည်ထောင်စုစစ်စစ်မူရဲ့ လိုရင်းအတိုချုပ်ဘဲ ဖြစ်ပါတယ်။ ဒီအခြေခံဥပဒေကြီးကို တိုင်းပြုပြည်ပြုလွှတ်တော်တုန်းက ခင်ဗျားတို့ ရှမ်းပြည်က ကိုယ်စားလှယ်တွေ ပါဝင်ရေးဆွဲပြီး သဘောတူခဲ့တာ မဟုတ်လားလို့ တချို့ပုဂ္ဂိုလ်တွေက မေးကြပါတယ်။ မှန်ပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော်တုန်းက ကျနော်တို့ ရှမ်းပြည်က ကိုယ်စားလှယ်တွေဟာ ပါဝင်ရေးဆွဲပြီး သဘောတူထောက်ခံခဲ့ပါတယ်။ ဘယ်လို ခံယူချက်နဲ့ သဘောတူခဲ့တယ်ဆိုတာ ဆက်ပြီးရှင်းပြပါရစေ။

တိုင်းပြုပြည်ပြုလွှတ်တော်ကို တက်ခဲ့ကြတဲ့ ကျနော်တို့ရှမ်းပြည်က ကိုယ်စားလှယ်တွေဟာ နိုင်ငံရေးအတွေ့အကြုံများ မရှိခဲ့ကြပါဘူး။ ဥပဒေလည်း မကျွမ်းကျင်ကြဘူးဆိုတာကို ကျနော် ရိုးသားစွာဝန်ခံလိုပါတယ်။ ကျနော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်ကို တက်ကြတာဟာ ဥပဒေရေးဆွဲဖို့ထက် ကျနော်တို့ နယ်စပ်ဒေသမပါတဲ့ လွတ်လပ်ရေးဟာ အဓိပ္ပါယ် မရှိသလို၊ ဗမာမပါတဲ့ နယ်စပ်ဒေသအရေးဟာလည်း အဓိပ္ပါယ်မရှိဘူးလို့ ကျနော်တို့ ယုံကြည်တဲ့အတိုင်း ဗမာပြည်မနဲ့ တန်းတူပူးတွဲပြီး လွတ်လပ်သောပြည်ထောင်စု တည်ဆောက်လိုတဲ့ ဇောက ပိုပြီးကြီးနေပါတယ်။ နယ်ချဲ့လက်အောက်က အမြန်လွတ်ဖို့အရေးကြီးတယ်၊ နယ်ချဲ့သမားတွေမရှိတဲ့နောက် သွေးချင်း သားချင်းတွေ အထူးပြောစရာမလိုဘူးလို့ ရိုးရိုးဘဲ ယူဆခဲ့ကြပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော် လုပ်ငန်းဆောင်ရွက်နေစဉ်တုန်းက ကော်မတီ အစည်းအဝေးတခုမှာ ကျနော်တို့ အလွန်ယုံကြည်၊ အလွန်ကြည်ညိုလေးစားတဲ့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ စကားတခွန်းကို ကျနော်တို့ ယနေ့ထက်တိုင် ကြားယောင်နေပါသေးတယ်။ ကော်မတီအစည်းအဝေးတခုမှာ အခြေခံဥပဒေအကြံပေးအရာရှိ ဦးချန်ထွန်းက အခြေခံဥပဒေပြဌာန်းချက်တွေ တပုံတခေါင်းကြီး ရေးဆွဲတင်ပြလာတဲ့အခါ ဗိုလ်ချုပ် အောင်ဆန်းက “ဦးချန်ထွန်းခင်ဗျား။ လန်ဘားကြော်ကသလားတွေ ရေးနေလို့ ဘယ်ဖြစ်မလဲ။ (Broad Principle) ကျယ်ပြန့်တဲ့ သဘောတရားလောက်ပါရင် တော်ရောပေါ့။ လွတ်လပ်ရေးရပြီးတဲ့နောက် လိုတာတွေကို (By Act) ပါလီမန်မှာ အက်ဥပဒေလုပ်ရင် ပြီးတာဘဲ။ ဒီလောက် ရှည်ရှည်လျားလျားနဲ့လုပ်နေရင် နှစ်လ သုံးလနဲ့ ဘယ်မှာ ပြီးနိုင်ပါ့မလဲ။” လို့ ပြောခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလခေါင်းဆောင်များကို ကျနော်တို့ အင်မတန်ချစ်ခင် ကြည်ညိုလေးစားသလို အင်မတန်လည်း ယုံကြည်အားကိုးခဲ့ကြပါတယ်။ ဗိုလ်ချုပ်ရဲ့သဘောက အခြေခံဥပဒေကို ပုဒ်မတွေအများကြီးနဲ့ ရှည်ရှည်လျားလျား ရေးနေစရာမလိုဘူး။ ကျယ်ပြန့်တဲ့ သဘောတရားနဲ့အင်္ဂါစုံရင် တော်လောက်ပြီ။ လွတ်လပ်ရေးရပြီးတဲ့နောက် အခြေအနေနဲ့ အချိန်အခါ ကြည့်ပြီး လိုသလိုဆောင်ရွက်သွားမယ်။ အဲသလို သဘောထားပါတယ်။ ကျနော်တို့ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလခေါင်းဆောင်များကို အကြွင်းမဲ့ ယုံကြည်တဲ့အလျောက် လုံးဝဥဿုံ ပုံအပ်ခဲ့ပါတယ်။

အဲဒီတုန်းက ရှမ်းပြည်က ကိုယ်စားလှယ်တချို့ဟာ ဒီနေ့ပေါ်ပေါက်နေတဲ့ပြဿနာမျိုး ပေါ်ပေါက်လာမှာ စိုးတဲ့အတွက် နိုင်ငံခြားသား ဥပဒေပါရဂူတဦးကို ငှါးရမ်းဖို့ စီစဉ်ခဲ့ပါတယ်။ ဖဆပလရဲ့စေတနာကို ယုံမှားရာကျမှာစိုးတဲ့အတွက် ကျနော်တို့ဟာ ဒီအစီအစဉ်ကို တိုက်ဖျက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အဲဒီအချိန်တုန်းက သတင်းစာတွေမှာလည်း ပါတယ်။ ဗိုလ်ချုပ်အမှူးပြုတဲ့ ဗမာခေါင်းဆောင်တွေလည်း သိပါတယ်။ ရှမ်းပြည်နယ်ကိုယ်စားလှယ်တွေဟာ ဗမာခေါင်းဆောင်တွေအပေါ် ဘယ်လောက် အယုံကြည်ကြီးခဲ့တယ်ဆိုတာ ဒီ သာဓကက အထင်အရှားပြခဲ့ပါတယ်။

ဗိုလ်ချုပ်တို့ ကျဆုံးသွားပြီးတဲ့နောက် ဆက်လက်ရေးဆွဲကြတဲ့အခါ အခြေခံဥပဒေဟာ ဗိုလ်ချုပ်လိုလားတဲ့အခြေခံဥပဒေမျိုး မဟုတ်တော့ဘူး။ ဗိုလ်ချုပ်မူနဲ့ ကွဲလာတယ်ဆိုတာကတော့ ထင်ရှားပါတယ်။ ဖဆပလ ပဏာမညီလာခံကရေးဆွဲတဲ့ အခြေခံဥပဒေမူကြမ်းနဲ့ ယှဉ်တွဲဖတ်ကြည့်ရင် ကွဲပြားမှုတွေ တပုံတခေါင်းကြီးတွေ့ရပါ့မယ်။

ဗိုလ်ချုပ်အောင်ဆန်းမရှိတဲ့နောက် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုအမှူးပြုတဲ့ ဗမာခေါင်းဆောင်တွေအပေါ် ကျနော်တို့ဟာ ဆက်လက်ပြီး ယုံကြည်ကိုးစားခဲ့ပါတယ်။ အခြေခံဥပဒေမှာပါရှိတဲ့ ပြဌာန်းချက်တွေအပေါ် ကျနော်တို့ အလွန်အမင်း အလေးအနက်မထားခဲ့ပါဘူး။ ကောင်းကောင်းလည်း နားမလည်ခဲ့ကြပါဘူး။ အခုထိ အခြေခံဥပဒေမှာ ချွတ်ယွင်းချက်တွေ ရှိသည့်တိုင်အောင် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သကဲ့သို့ Letter and Spirit of the Constitution ဥပဒေစကားလုံးနဲ့ စိတ်စေတနာ ခွဲခြားနားလည်ပြီး ကျင့်သုံးသွားရင် ဖြစ်မြောက်နိုင်မှာဘဲလို့ ယုံကြည်စိတ်ချနေခဲ့ကြပါတယ်။ ကျနော်တို့ဟာ အဲဒီလိုစိတ်ထား၊ အဲဒီ လိုယုံကြည်ချက်နဲ့ ဒီအခြေခံဥပဒေကြီးကို သဘောတူလက်ခံခဲ့ကြခြင်းဖြစ်ပါတယ်။

ဒါပေမယ့် လွတ်လပ်ရေးရပြီးတဲ့နောက် ဒီအခြေခံဥပဒေကို လက်တွေ့ကျင့်သုံးတဲ့ အခါမှာ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ထားရှိခဲ့တဲ့ မိသားစုစိတ်ဓါတ်တွေဟာ စုန်းစုန်းမြုပ် ပျောက်ကွယ်နေပါတယ်။ အခြေခံဥပဒေရေးဆွဲစဉ်က ဥပဒေ စကားလုံးနောက်မှာထားရှိတဲ့ စိတ်စေတနာတွေဟာလည်း ပျောက်ကွယ်ကုန်ပါတယ်။ ဥပဒေစကားလုံးတွေပေါ်မှာသာ အတိအကျ အဓိပ္ပါယ်ကောက်ပြီး ကျင့်သုံးလာကြတဲ့အခါမှ ကျနော်တို့ဟာ အထင်နဲ့အမြင် တက်တက်စင် လွဲမှားကုန်တာကို သိလာရပါတယ်။

တနေ့ထက်တနေ့ နစ်နာချက်တွေ ပို၍ပို၍ပေါ်လွင်လာပါတယ်။ ကျနော်တို့ရဲ့အခွင့်အရေးတွေကို အရေးဆိုတိုင်း အခြေခံဥပဒေ စာအုပ်ကြီးနဲ့ ကိုင်ပေါက်တာကိုဘဲ ခံခဲ့ကြရပါတယ်။ ဒီတော့ ကျနော်တို့ပြည်နယ်များအနေနဲ့ ဘယ်အခြေအနေ ရောက်ခဲ့ပါသလဲဆိုရင် ဗမာပြည်မ အာဏာရပါတီခေါင်းဆောင်များရဲ့ စိတ်စေတနာနဲ့ဆန္ဒအပေါ် အစဉ်အမြဲမှီခို အားထားနေရမယ့် အခြေမျိုးဆိုက်လာပါတယ်။ အဲဒီလိုမှီခိုအားထားနိုင်မှဘဲ ပြည်နယ်များဟာ အသက်ရှူချောင်မယ့်ဘဝမျိုးသို့ ကျရောက်လာပါတယ်။ ဒါကြောင့် ကျနော်တို့အခြေ အနေတွေကို ကျနော်တို့က ဗမာပြည်မရဲ့ Vassal State ပဏ္ဏာဆက်နိုင်ငံလို့ သမုတ်လာတယ်၊ လာခဲ့ကြခြင်းဖြစ်ပါတယ်။ ကျနော်တို့ရပိုင်ခွင့်ရှိတဲ့ အခွန်တော်ငွေကိုဘဲ ထောက်ပံ့ကြေးဆိုပြီး နှစ်စဉ်လက်ဖြန့်ခံတောင်းနေရတာလည်း အမောပါဘဲ။ အချိန်မှီမရလို့ ပြည်နယ် များအုပ်ချုပ်ရေးမှာ အခက်အခဲကြုံရပေါင်းလည်း မရေမတွက်နိုင်တော့ပါဘူး။ အဲဒီထောက်ပံ့ကြေးပေးရတာနဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်တချို့က ကျနော်တို့ပြည်နယ်တွေကို မီးရထားကုန်တွဲကြီးတွေလို သဘောထားကြတယ်။ ဗမာပြည်မက အလွန်တရာ အနစ်နာခံပြီး ပင်ပန်းကြီးစွာနဲ့ ကျနော်တို့ကို ဒရွတ်တိုက်ဆွဲနေရသလို ယူဆကြတယ်။

အဲဒီပုဂ္ဂိုလ်တွေကို ကျနော် အစီရင်ခံလိုပါတယ်။ ကျနော်တို့ရဲ့ ပြည်ထောင်စုစစ်စစ်မူဟာ ခင်ဗျားတို့ ကျနော်တို့ကို ဒီလောက် ပင်ပန်းကြီးစွာနဲ့ ဒရွတ်တိုက်ဆွဲမနေစေဖို့ဖြစ်ပါတယ်။ ကျနော်တို့ကို ဖြတ်ပစ်ခဲ့ပါ။ ခင်ဗျား။တို့(၁၃)နှစ်လုံးလုံး ဆွဲခဲ့လို့ ကျနော်တို့မှာ ခရီးထင်သလောက် မပေါက်ပါဘူး။ ကိုယ့်စွမ်းအင် ကိုယ့်လုံ့လနဲ့ဘဲ သွားပါရစေ။

သဘာပတိကြီး နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ကိုယ်စားလှယ်တော်များခင်ဗျား။ လွတ်လပ်ရေးရပြီး(၁ဝ)နှစ်ကျော်ကာလအတွင်း လက်တွေ့ ခံစားချက်အရ ကြုံတွေ့လာရတဲ့နစ်နာချက်တွေ၊ ဆုံးရှုံးချက်တွေ တပုံတခေါင်းကြီး စုပုံလာတိုင်း အခြေခံဥပဒေ ပြန်လည် စီစစ်ရေးကိစ္စကလည်း ပေါ်ပေါက်လာတဲ့အတွက် ကျနော်တို့ဟာ ဒီအခွင့်အရေးကို အမိအရယူပြီး ဒီနေ့ ဆွေးနွေးနေတဲ့ ပြဿနာကြီးကို တင်ပြလိုက်ခြင်းဖြစ်တယ်။ ‘တခါသေဖူး ပျဉ်ဖိုးနားလည်’ ဆိုတဲ့စကားပုံလို ခေါင်းဆောင်တဦး (သို့မဟုတ်) ပါတီတခုရဲ့ စိတ်စေတနာအပေါ် ယုံကြည်ကိုးစားနေလို့ မရတော့ပါဘူး။ လူဆိုတာ သင်္ခါရပါ။ ပါတီအဖွဲ့ကြီးလည်း မတည်မြဲပါဘူး။ ဒါကြောင့် ကျနော်တို့အခွင့်အရေးတွေကို အဖြူအမဲခွဲခြားပြီး ရေပက်မဝင်အောင် ရေးဆွဲထားဖို့ လိုအပ်တယ်လို့ ကျနော်တို့နားလည်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်ခင်ဗျား။ အခြေခံဥပဒေကိုပြင်ဆင်တဲ့အခါမှာ အချို့ပုဒ်မလောက် ပြင်လိုက်ရင် ဖြစ်နိုင်စရာ ကောင်းရဲ့လို့ ကျနော်တို့ အစပထမတွင် ယူဆခဲ့ကြပါသေးတယ်။ ဒါပေမယ့် လက်တွေ့ခံစားရတဲ့အတွေ့အကြုံနဲ့ယှဉ်တွဲပြီး အခြေခံဥပဒေကို စီစစ်တဲ့အခါ ပုဒ်မတခုနဲ့တခု ဆက်စပ်နေတာ တွေ့လာရပါတယ်။ အခြေခံမူတွေကို မပြင်ရင်မဖြစ် တာတွေကို သိမြင်လာရပါတယ်။ ဒါကြောင့်လည်းဘဲ အခြေခံမူကြီးတွေကို ပြုပြင်ပစ်ဖို့ ကျနော်တို့ တင်ပြလာကြခြင်း ဖြစ်ပါတယ်။ ဥပဒေပြုစာရင်း၊ အခွန်တော်စာရင်းတွေကို ပြုပြင်ပေးခြင်းဖြင့် အခွင့်အရေးတွေ ပိုမရနိုင်ဘူးလားလို့မေးရင် ရသင့်သလောက် ရပါတယ်လို့ဖြေရပါမယ်။ ဒါပေမယ့် ဒီနည်းဟာ အခြေအမြစ်ကို မကုစားနိုင်ပါဘူး။ Palliative ခေါ်တဲ့ အပေါ်ယံ လိမ်းဆေးနည်းဘဲဖြစ်ပါတယ်။ အခြေအမြစ်ကို မကုစားနိုင်တဲ့အတွက် မကြာခဏ ဟိုကယောင်၊ ဒီကဖောင်းနဲ့ ပြဿနာတွေဟာ အစဉ်အမြဲပေါ်လာမှာ မလွဲပါဘူး။ ကျနော်တို့ ပြည်ထောင်စုစစ်စစ်မူဟာ အနာကို အခြေအမြစ်က ကုစားနိုင်တဲ့နည်းဘဲလို့ ကျနော်တို့ ရိုးရိုးသားသား ယုံကြည်ကြပါတယ်။

ဒါပေမယ့် ကျနော်တို့ရဲ့ပြည်ထောင်စုစစ်စစ်မူကို ခေါင်းဆောင်တချို့ဟာ ကျနော်တို့မြင်သလို မမြင်ကြပါဘူး။ ကျနော်တို့ တင်ပြတဲ့ အဓိပ္ပါယ်ကိုလည်း သဘောမပေါက်ကြပါဘူး။ တချို့ပုဂ္ဂိုလ်တွေက ပြည်ထောင်စုမူနဲ့ပတ်သက်ပြီး ကောင်းကောင်း မဝေဖန်ဘူး။ ဥပဒေရေးရာအချက်အလက်တွေပေါ်မှာ တရားသေစွဲပြီး အကြပ်ကိုင်နေကြပါတယ်။ တချို့ပုဂ္ဂိုလ် တွေကတော့ ကျနော်တို့ရဲ့ နစ်နာချက်တွေဟာ အမှန်တကယ် နစ်နာချက်တွေရယ်လို့ သဘောမပေါက်ကြဘူး။ ကျနော်တို့ရဲ့မူကို တင်ပြပြီးတဲ့နောက် ပြည်မက မိတ်ဆွေတချို့က “ခင်ဗျားတို့ ရှမ်းပြည်သူလူထု နစ်နာနေတယ်ဆိုတာ သဘောပေါက်လက်ခံပါတယ်။ ဗမာပြည်မမှာလည်းဘဲ လူများစုဖြစ်တဲ့ တောင်သူလယ်သမား၊ အလုပ်သမားတွေဟာ လွတ်လပ်ရေးသက် တမ်းတလျှောက်မှာ ဘာမှမယ်မယ်ရရ မခံစားရသေးဘူး။ ဒါကြောင့် ရှမ်းပြည်အတွက် သီးခြား တောင်းမယ့်အစား ရှမ်းပြည်သူတွေဟာ ဗမာပြည်သူတွေနဲ့ လက်တွဲပြီး တိုက်ပွဲဝင်ရင် မကောင်းဘူးလား”လို့ ဆိုပါတယ်။

ဒီအကြံပေးချက်ဟာ အလွန်ကောင်းပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေထက် မြင့်မားနေတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဆိုရှယ်လစ်ပန်းတိုင်သို့ ချီတက်ရာမှာ အရင်းရှင်စနစ်နဲ့ ဆိုရှယ်လစ်စနစ်အကြား ကြားခုလပ်စခန်းတွေ ရှိသလို ပြည်နယ်များနဲ့ ပြည်မလူထု တနေ့လက်တွဲနိုင်ရေးအတွက် အခု ကျနော်တို့တောင်းဆိုနေတဲ့ ပြည်ထောင်စု စစ်စစ်မူဟာ ကြားခုလပ်စခန်းဘဲလို့ ကျနော်တို့ယုံကြည်ကြပါတယ်။ လက်ရှိအခြေအနေတိုင်းသာ ဆက်သွားရင် ပြည်နယ်များနဲ့ ပြည်မလူထု လက်တွဲနိုင်ဖို့ မဆိုထားနဲ့ လူမျိုးချင်း မမုန်းတီးလာအောင် အင်မတန် သတိကြီးစွာနဲ့ ထိန်းသိမ်းကြရပါလိမ့်မယ်။

နိုင်ငံတော်ဝန်ကြီးချုပ်ခင်ဗျား။ ကျနော်တို့တင်ပြတဲ့ ပြည်ထောင်စုစစ်စစ်မူမှာ Fundamental Principles ခေါ်တဲ့ အခြေခံမူကြီးတွေ ပါဝင်နေပါတယ်။ အဲဒီအခြေခံမူကြီးတွေဟာ (၁)ဗမာပြည်နယ်ဖွဲ့စည်းရေး၊ (၂)လွှတ်တော်နှစ်ရပ် အာဏာတူပေးရေး၊ (၃)အထက်လွှတ်တော်သို့ တူညီတဲ့ကိုယ်စားလှယ် စေလွှတ်ရေး၊ (၄)ဗဟိုအာဏာကို ကန့်သတ်ပေးပြီး ပြည်နယ်များက ကျန်အာဏာများကို ရယူရေးတို့ဖြစ်ပါတယ်။

ဒီအခြေခံမူကြီး(၄)ရပ်ရဲ့ အဓိပ္ပါယ်နဲ့ ဒီအခြေခံမူကြီး(၄)ရပ်ကို တန်းတူမှုအတွက် အဘယ်ကြောင့် လိုလားအပ်တယ် ဆိုတာကို ကျနော် မရှင်းပြခင် ခံစားမှုသဘောကို အနည်းငယ်ထပ်ပြီး ဖော်ပြပါရစေ။ ကျနော်တို့တင်ပြချက်မှာ ထိပ်ဆုံးက ဖော်ပြထားတဲ့ ဗမာပြည်နယ် ဖွဲ့စည်းရေးကိစ္စကို ပြည်မခေါင်းဆောင်တချို့ဟာ မကျေလည်ကြပါဘူး။ သဘောလည်း မပေါက်ကြပါဘူး။ ဒီဟာလည်း ခံစားမှုရဲ့ သဘောသဘာဝဘဲဖြစ်ပါတယ်။ ကျနော်တို့ ပြည်နယ်များဖက်ကတော့ ကျေကျေလည်လည်ကြီး သဘောပေါက်ကြပါတယ်။

လွန်ခဲ့တဲ့နှစ် တောင်ကြီးညီလာခံကို တက်ရောက်လာကြတဲ့ ကချင်၊ ချင်း၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်အမျိုးသား ကိုယ်စားလှယ်များ အားလုံးလည်း ကြေကြေညက်ညက်သဘော ပေါက်နားလည်ကြပါတယ်။ ဗမာပြည်နယ် ဖွဲ့စည်းရေးကိစ္စဟာ လေနဲ့ကင်းကွာပြီး ကျနော်တို့ အသက်မရှင်နိုင်သလို ပြည်ထောင်စုဖွဲ့စည်းရေးမှာ တန်းတူ အရေအတွက် မပါလျှင် မပြီးပါဘူး။ ဗမာပြည်နယ် ဖွဲ့စည်းရေးကိစ္စမှာ မကြေညက်သမျှ ကျနော်တို့တင်ပြထားတဲ့ ကျန်တဲ့ ပါလီမန်ဖွဲ့စည်းရေးကိစ္စ၊ အာဏာခွဲဝေရေးကိစ္စတွေမှာလည်း ကြေညက်တော့မှာမဟုတ်ပါ ဘူး။ ဘာကြောင့်လဲဆိုရင် ဗမာအမျိုးသားခေါင်းဆောင်တွေဟာ ကိစ္စရပ်တွေကို စဉ်းစားဆင်ခြင်တဲ့အခါမှာ ပြည်နယ်တနယ်ဘဝကနေပြီး မကြည့်နိုင်မမြင်နိုင်ဘဲ ဗဟိုအာဏာကိုပါ ကိုင်ထားချင်တဲ့ ပြည်မဘဝကနေပြီးတော့ ကြည့်ရှု သုံးသပ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဗမာပြည်မဟာ ပြည်နယ်တနယ်ရဲ့ဘဝကို မခံယူသမျှ၊ မခံစားသမျှ တန်းတူမှုကိစ္စတွေပေါ်မှာ အမြင်ဟာ တမျိုးချည်း ဖြစ်နေမှာ မလွဲပါဘူး။ ဒီနေ့နှီးနှောဖလှယ်ပွဲကြီးမှာ ကြွရောက်နေကြတဲ့ ပြည်နယ်/ပြည်မ ကိုယ်စားလှယ်တော်တွေဟာ အသဲနှလုံးတွေကို ပွင့်လင်းစွာ ဖွင့်ထားပြီး ကျနော်တို့ တင်ပြချက်တွေကို နားဆင်တော်မူကြပါရန် မေတ္တာရပ်ခံပါတယ်။ အသဲနှလုံးပွင့်လင်းစွာနဲ့ ဆွေးနွေးစဉ်းစားမယ်လို့လည်း အထူးမျှော်လင့်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ကျနော်တို့ ပြည်ထောင်စုစစ်စစ်မူမှာ တင်သွင်းဖော်ပြထားတဲ့ အခြေခံမူကြီး(၄)ချက်ကို အနည်းငယ် ရှင်းလင်းခွင့်ပြုပါရန် အစီရင်ခံပါတယ်။ ဒီနေ့ ကျနော်တို့ဟာ ပြည်ထောင်စုစနစ်နဲ့ တပြည်ထောင်စနစ်ဟာ ဘယ်ဟာ ကောင်းတယ်ဆိုပြီး အငြင်းပွားနေဖို့ရာ ပြဿနာမပေါ်ပါဘူး။ ကျနော်တို့အဖို့ ပြည်ထောင်စု စနစ်ကလွဲပြီး တခြားဘယ်စနစ်နဲ့မှ ဖွဲ့စည်းလို့မဖြစ်ပါဘူး။ ဒီနေ့ဒီနေရာမှာ ကျနော်တို့ရဲ့ လက်ရှိ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ပြည်ထောင်စုပုံစံ ဟုတ်တယ်/မဟုတ်ဘူးဆိုတာကို အငြင်းမပွားလိုပါဘူး။ ဒါပေမယ့် ပြည်ထောင်စုစစ်စစ် မဟုတ်ဘူးဆိုတာတော့ အားလုံးက လက်ခံကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ပြည်ထောင်စုစစ်စစ် ဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတဲ့ကိစ္စကို ဆန်းစစ်ကြည့်ရင် ကမ္ဘာမှာ စံတင်ပြီးကြည့်ကြတဲ့ ပြည်ထောင်စုနိုင်ငံ(၆)နိုင်ငံရှိပါတယ်။ ဒီ(၆)နိုင်ငံကတော့
(၁)အမေရိကန်၊
(၂)ကနေဒါ
(၃)ဆွီဇာလန်
(၄)ၾသစေၾတးလ်
(၅)ေတာင္အာဖရိက
(၆)ဆိုဗိယက်ယူနီယံ တို့ဖြစ်ပါတယ်။

အဲဒီပြည်ထောင်စု(၆)နိုင်ငံကို ဖွဲ့စည်းပုံသဘောတရားနဲ့ ပြည်နယ်တွေ စုပေါင်းဖွဲ့စည်းထားတဲ့အတွက် ပြည်ထောင်စု နိုင်ငံတွေလို့ ခေါ်နိုင်ဝေါ်ပေမယ့် အာဏာခွဲဝေရေးသဘောတရားနဲ့ ပိုင်းခြားကြည့်ရင် ဒီ(၆)နိုင်ငံထဲက ကနေဒါနဲ့ တောင်အာဖရိကဟာ ပြည်ထောင်စုသဘော မသက်ရောက်ပါဘူး။ ကမ္ဘာ့ဥပဒေပညာရှင်ကြီးများကလည်း ကနေဒါနဲ့ တောင်အာဖရိကဟာ ပြည်ထောင်စုရယ်လို့ တိတိကျကျမခေါ်ဝေါ်နိုင်တဲ့အကြောင်း ဖော်ပြကြပါတယ်။ ဘာကြောင့် ဒီနှစ်နိုင်ငံဟာ ကမ္ဘာ့ပြည်ထောင်စုစာရင်းတွင် ပါဝင်နေရသလဲဆိုရင် ပြည်ထောင်စုသဘောတရားကို တင်ပြကြတဲ့အခါ ဒီနှစ်နိုင်ငံဟာ ကျန်(၄)နိုင်ငံနဲ့ အာဏာခွဲဝေတဲ့နည်းမှာ ဆန့် ကျင်နေတဲ့အတွက် သာဓကနှိုင်းယှဉ်တင်ပြရာမှာ အလွန် ကောင်းတဲ့နိုင်ငံတွေ ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ပြည်ထောင်စုနိုင်ငံဆိုတာဟာ ပြည်နယ်တွေဆန္ဒအလျောက် သဘောတူပူးပေါင်းဖွဲ့ စည်းထားတာဖြစ်ပါတယ်။ ဒီလို ပြည်ထောင်စုအဖြစ် ပူးပေါင်းကြတဲ့အခါ နဂိုမူလကရှိခဲ့တဲ့ အချုပ်အချာအာဏာနယ်မြေကို မပျက်မစီး ဆက်လက် ထိန်းသိမ်းထားကြပါတယ်။ ဒါဟာ ပြည်ထောင်စုစနစ်နဲ့ တပြည်ထောင်စနစ်တို့ရဲ့ အဓိကခြားနားချက်ဘဲဖြစ်ပါတယ်။

ဒီကနေ့ အမေရိကန်ပြည်ထောင်စုမှာ (၅၁)ပြည်နယ်၊ ကနေဒါမှာ (၄)ပြည်နယ်၊ ဆွီဇာလန်မှာ (၆)ပြည်နယ်၊ တောင်အာဖရိကမှာ (၄)ပြည်နယ်၊ ဆိုဗီယက်ယူနီယံမှာ (၁၆) ပြည်နယ် အသီးသီး ပါဝင်ဖွဲ့စည်း တည်ဆောက်ထား ကြပါတယ်။ ပြည်ထောင်စုဆိုတာ ပြည်နယ်တွေ ပေါင်းစည်း စုပေါင်းဖွဲ့စည်းထားရမှာဖြစ်တဲ့အတွက် ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံဟာလည်း ပြည်နယ်တွေ စုပေါင်းဖွဲ့စည်းရမှာဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်တုန်းက အခြေအနေက တမျိုးတမည်ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ တမူဆန်းပြီး ပုံစံတမျိုးနဲ့ ဖွဲ့စည်းခဲ့ကြတယ်။

ကျနော်တို့ရဲ့တမူဆန်းတဲ့ပုံစံဟာ ဘယ်လိုပုံစံမျိုးလဲဆိုရင် ကမ္ဘာ့ ဘယ်ပြည်ထောင်စုမှာမှ မရှိတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ကျနော်တို့မှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်ဆိုပြီး ပြည်နယ်တွေ ဖွဲ့စည်းလိုက်ပေမယ့် ပြည်မကျတော့ ပြည်နယ်တနယ်အနေနဲ့ မဖွဲ့ စည်းဘဲ ဗဟိုအစိုးရနဲ့ တပေါင်းတစည်းထဲ ထားလိုက်ပါတယ်။ အမှန်ကတော့ ပြည်ထောင်စု သဘောတရားအရဆိုရင် အဲဒီတုန်းကတည်းက ကျနော်တို့မှာ ဗမာပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်ဆိုပြီး ပြည်နယ်(၄)ပြည်နယ်စုပေါင်းပြီးမှ ပြည်ထောင်စု ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ဒီပြည်နယ်တွေဟာ အသီးသီး ကိုယ့်အချုပ်ချာအာဏာနဲ့နယ်မြေ ရှိကြရမယ်။ အားလုံးရဲ့အပေါ်မှာမှ ဗဟိုအစိုးရဖြစ်တဲ့ ပြည်ထောင်စုအာဏာ ရှိရမယ်။ ဒါပေမယ့် ကျနော်တို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ဒီတမူဆန်းပြီး ပုံစံတမျိုးဖြစ်တဲ့ ဖွဲ့စည်းမှုပုံစံကိုဘဲ လက်ခံခဲ့ကြတယ်။ ဒီပုံစံနဲ့ဘဲ လက်တွေ့လုပ်ဆောင်တဲ့နေရာမှာ အောင်မြင်နိုင်စရာကောင်းရဲ့လို့ ယူဆခဲ့ကြပါတယ်။

အဲဒီလို လက်ခံခဲ့ရာမှာ ကျနော်စောစောက အစီရင်ခံသလို ကျနော်တို့ ရှမ်းပြည်နယ် ကိုယ်စားလှယ်တွေမှာ ချွတ်ယွင်းချက် တွေရှိတယ်။ ပြီးတော့ အခြေအနေအရပ်ရပ်ကို လွှမ်းမိုးနေတဲ့ဖြစ်ရပ်ကြီးနှစ်ရပ်လည်းရှိပါတယ်။ ဒီဖြစ်ရပ်ကြီးနှစ်ရပ်က ဘာလဲဆိုရင် ကျနော်တို့ တိုင်းပြည်မှာ ဘယ်လိုမှ အစားထိုးလို့မရနိုင်တဲ့ ခေါင်းဆောင်ကြီးတွေ ကျဆုံးကုန်တယ်။ အဲဒီ ခေါင်းဆောင်ကြီးတွေ ကျဆုံးကုန်တဲ့အတွက် ကျနော်တို့မှာ ယူကြုံးမရ ပူဆွေးနေရတယ်။ ဒါရယ်ပြီးတော့ ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့အတိုင်း တနှစ်အတွင်း လုံးဝလွတ်လပ်ရေး အရယူမယ်ဆိုတဲ့စိတ်ဇောရယ်၊ ဒီဖြစ်ရပ်နှစ်ရပ်ဟာ ကျန်တဲ့အခြေအနေတွေအားလုံးကို လွှမ်းမိုးနေခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ ဒီပုံစံနဲ့ ဒီအခြေခံဥပဒေကို လွယ်လွယ်ပေါ့ပေါ့နဲ့ဘဲ လက်ခံခဲ့ကြပါတယ်။ ဒီ တမူဆန်းပြီးဖွဲ့စည်းတဲ့ပုံစံကို ကျနော်တို့ လက်တွေ့ စမ်းသပ်ခဲ့တာ (၁၃)နှစ်ကျော်လာပါပြီ။ ကျနော်တို့ပြည်နယ်များအနေနဲ့ ဒီပုံစံကို တနေ့တခြား ပို၍ပို၍ မကြေမနပ် ဖြစ်လာပါတယ်။

ပြည်မနဲ့ပြည်နယ်များဟာ တန်းတူညီတူမဟုတ်ဘူးဆိုတာ တနေ့တခြား ပိုပြီးထင် ရှားစွာတွေ့မြင်လာပါတယ်။ ဘယ်လို တန်းတူညီတူ မရှိသလဲဆိုတာကို အခြားအကြောင်းအရာတွေထက် အစိုးရအာဏာတခုတည်းကို သာဓကတင်ပြပါရစေ။

ကျနော်ဟာ ဥပဒေပညာရှင် မဟုတ်တဲ့အတွက် ဥပဒေအချက်အလက်နဲ့ မတင်ပြတတ်ပါ။ အရပ်သား အတွေးအခေါ်နဲ့ တင်ပြလိုပါတယ်။ ဥပမာ ရှမ်းပြည်ဟာ ပြည်နယ်တနယ်ဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရကို လွှဲအပ်ထားတဲ့ ကိစ္စရပ်များနဲ့ ပတ်သက်သမျှတို့မှာ ပြည်ထောင်စုအစိုးရရဲ့သြဇာအာဏာ အောက်မှာရှိပါတယ်။ ဗမာပြည်မဟာ ပြည်ထောင်စုအဖွဲ့ဝင်တခုဖြစ်ခဲ့သော်လည်း ပြည်နယ်တနယ်မဟုတ်ဘဲ ဗဟိုပြည်ထောင်စုအစိုးရနဲ့ တပေါင်းတစည်းတည်း ဖွဲ့စည်းထားတဲ့အတွက် ပြည်ထောင်စုအစိုးရကို လွှဲအပ်ထားတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်သမျှတွေမှာ ကျနော်တို့ ရှမ်းပြည်ဟာ ဗမာပြည်မရဲ့သြဇာအောက်မှာ သက်ရောက်နေပါတယ်။

တနည်းအားဖြင့် ဗဟိုအစိုးရအာဏာကိုပါ တွဲဖက်ယူထားတဲ့ဗမာပြည်မဟာ ပြည်နယ်တွေအပေါ်မှာ စိုးမိုးချယ်လှယ် နေပါတယ်။ ဥပဒေအကျိုးသက်ရောက်မှုတွေ၊ ဥပဒေအကျိုး ခံစားမှုတွေကို ဘေးဖယ်ထားပြီး ဒီအမြင်တခုထဲနှင့်ပင် ပြည်နယ်/ပြည်မ တန်းတူရေး ကင်းမဲ့မှုဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်းထင်းကြီးတွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ပြည်ထောင်စုမူမှာ တန်းတူရေးအတွက် ဗမာပြည်မကို ပြည်နယ်တနယ်အနေနဲ့ဖွဲ့စည်းဖို့ရန် ရှေ့ဆုံးက ဖော်ပြထားခြင်းဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ သွေးချင်းညီအကို ကိုယ်စားလှယ်တော်များခင်ဗျား။ ကျ နော်တို့ရဲ့ ပြည်ထောင်စုမူကို ‘ပြည်ထောင်စုစစ်စစ်’လို့ ဝိသေသနထူးပြီးခေါ်တာဟာ အကြောင်းရှိပါတယ်။ အထက်က ကျနော်ဖော်ပြခဲ့တဲ့ ပြည်ထောင်စု (၆)နိုင်ငံမှာ ကနေဒါနဲ့ တောင်အာဖရိကဟာ ကျန်(၄)နိုင်ငံနဲ့မတူတဲ့အကြောင်း အစီရင်ခံခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလို မတူပုံနဲ့ပတ်သက်ပြီး တိုင်းပြုပြည်ပြု လွှတ်တော်ညီလာခံမှာ ကျနော်တို့ရဲ့မိတ်ဆွေကြီး ဦးချန်ထွန်းက ကနေဒါကို အလတ်စား ပြည်ထောင်စု၊ အမေရိကန် အစရှိတဲ့ နိုင်ငံတွေကို ပြည် ထောင်စုစစ်စစ်လို့ ခေါ်ခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ ကျနော်တို့လိုလားတဲ့ ပြည်ထောင်စုကို ဦးချန်ထွန်းရဲ့ အခေါ်အဝေါ်အတိုင်း ပြည်ထောင်စုစစ်စစ်လို့ နာမဝိသေသနထည့်ပြီး ခေါ်ဝေါ်ထားခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုစစ်တာနဲ့ မစစ်တာကို အာဏာခွဲဝေပုံ ပုံစံကိုကြည့်ပြီး ပိုင်းခြားကြပါတယ်။ Unitary State ခေါ်တဲ့ တပြည်ထောင်နိုင်ငံမှာဆိုရင် အခြေခံဥပဒေမှာ အာဏာခွဲဝေရေးပြဿနာဟာ မပေါ်ပါဘူး။ တပြည်ထောင်စစ်ဖြစ်တဲ့အတိုင်း ပြည်နယ်တွေစုပေါင်းထား ခြင်းမရှိတဲ့အတွက် အာဏာခွဲဝေနေစရာ မလိုပါဘူး။ ဗဟိုအစိုးရနဲ့ ဗဟိုအစိုးရက အာဏာလွှဲအပ်ခြင်းခံရတဲ့ ဒေသန္တရအုပ်ချုပ်ရေးဘဲရှိတယ်။

‘ဖက်ဒရယ်စတိတ်’ခေါ်တဲ့ ပြည်ထောင်စုကျတော့ ပြည်နယ်တွေ စိတ်တူ သဘောတူ ပါဝင်ဖွဲ့စည်းကြတဲ့အတွက် အခြေခံ ဥပဒေမှာ အာဏာခွဲဝေပေးထားရပါတယ်။ ပြည်နယ်တွေအတွက် သူတို့မှာရှိတဲ့အချုပ်အချာအာဏာလည်း မပျက်စီးရအောင် တဖက်က ထိန်းသိမ်းပြီး၊ တခြားတဖက်က ဗဟိုကို အားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စတွေကို လွှဲအပ်ရပါတယ်။ ဒါဟာ အာဏာခွဲဝေရေးရဲ့ အခြေခံသဘောတရားဘဲဖြစ်တယ်။

အာဏာခွဲဝေရေးမှာ နည်းနှစ်နည်းတွေ့ရပါတယ်။
(၁)ဗဟိုအာဏာကို သတ်မှတ်ပေးပြီး ကျန်အာဏာများကို ပြည်နယ်များအားအပ်တဲ့နည်း၊
(၂)ပြည်နယ်များကို အာဏာကန့်သတ်ပေးပြီး ကျန်အာဏာများကို ဗဟိုအားအပ်တဲ့နည်း။
နှစ်နည်းဖြစ်ပါတယ်။ စံတင်ထားတဲ့(၆)နိုင်ငံကိုကြည့်ရင် အမေရိကန်၊ ဆွီဇာလန်၊ သြစတြေး လျ၊နဲ့ဆိုဗီယက်ယူနီယံတို့မှာ ဗဟိုကို အာဏာကန့်သတ်ပေးပြီး ကျန်အာဏာများကို ပြည် နယ်များက ယူထားကြပါတယ်။ ကနေဒါနဲ့ တောင်အာဖရိကကျတော့ ပြည်နယ်များကို အာဏာကန့်သတ်ပေးပြီး ကျန်အာဏာများကို ဗဟိုက သိမ်းထားပါတယ်။

ကျနော်တို့ရဲ့ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုကြည့်ရင်(၁)ဥပဒေ၊ ပြည်ထောင်စု ဥပဒေပြုစာရင်း၊ (၂)ပြည်နယ် ဥပဒေပြုစာရင်းဆိုပြီး သတ်မှတ်ပေးထားတဲ့အတွက် တမူထူးခြားနေသလို ထင်ရပါတယ်။ ဒီဥပဒေပြု စာရင်းတွေမှာ အရေအတွက် ဖော်ပြထားတာကို သေသေချာချာ လေ့လာကြည့်မယ်ဆိုရင် ပြည်နယ်တွေကို အာဏာကန့်သတ်ပေးပြီး ဗဟိုက ကျန်အာဏာအားလုံးကို ယူထားတဲ့နည်းဘဲဖြစ်ပါတယ်။ တနည်းအားဖြင့် ကနေဒါ ပုံစံမျိုးဘဲဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့လက်ရှိပြည်ထောင်စုဟာ ပြည်ထောင်စုစစ်စစ် မဟုတ်ဘဲ ကနေဒါလို အပျော့စားဖြစ်နေပါတယ်။ ကနေဒါကို ပြည်ထောင်စုမဟုတ်ဘူးဆိုရင် ကျနော်တို့လည်း ပြည်ထောင်စုမဟုတ်တော့ပါဘူး။

ဒါတင်မကသေးပါဘူး။ ပြည်မဟာ ပြည်နယ်တနယ်မဟုတ်ဘဲ ဗဟိုအစိုးရအာဏာကို ပူးတွဲယူထားတဲ့အတွက် အာဏာအားလုံးကို ခံစားနေရပါတယ်။ ဒီနေရာမှာလည်း ပြည်နယ်/ပြည်မ တန်းတူရေးကင်းမဲ့နေတယ်လို့ ကျနော်တို့ ထပ်ပြီးမြင်ပါတယ်။ အဲဒီ ကနေဒါ နည်းဖြစ်တဲ့ အာဏာခွဲဝေရေးပုံစံကို ကျနော်တို့စမ်းသပ်ခဲ့တာ (၁၃)နှစ် ရှိလာပါပြီ။ ဒီ ပုံစံမျိုးကို ကျနော်တို့ မလိုလားတော့ပါဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ ပြည်ထောင်စုစစ်စစ်မူမှာ အမေရိကန်၊ ဆွီဇာလန်၊ သြစတြေးလျ၊ ဆိုဗီယက်ပြည်ထောင်စုများမှာကဲ့သို့ ဗဟိုကို အာဏာသတ်မှတ်ပေးပြီး ကျန်အာဏာများကို ပြည်နယ်များသို့ လွှဲအပ်ရန် တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ ကျနော်တို့ ပြည်ထောင်စုစစ်စစ် ပြန်လည်ဖွဲ့စည်းကြတဲ့အခါ ဗမာပြည်နယ်အပါ အဝင် ပြည်နယ်ပေါင်းစုံကိုယ်စားလှယ်တွေဟာ ဗဟိုကို ဘယ်လိုဌာန၊ ဘယ်လိုကိစ္စရပ်တွေ လွှဲအပ်သင့်တယ်ဆိုတာကို ကြေကြေလည်လည် ဆွေးနွေးညှိနှိုင်းရမှာသာဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်ခင်ဗျား။ ပြည်ထောင်စုမူထဲမှာပါတဲ့ နောက်အခြေခံမူတခုက ပါလီမန်ဖွဲ့စည်းရေးကိစ္စဖြစ်ပါတယ်။ Unitary State ခေါ်တဲ့ တပြည်ထောင်နိုင်ငံတွေမှာ ဥပဒေ ပြုလွှတ်တော်တရပ်လည်း ထားကြတယ်။ နှစ်ရပ်လည်း ထားကြပါတယ်။ လွှတ်တော် နှစ်ရပ် ထားရတဲ့ အကြောင်းရင်းက ဘာလဲဆိုရင် လွှတ်တော်တရပ်က တရပ်ကို ထိန်းကွပ်ဖို့ဘဲ ဖြစ်ပါတယ်။ ဒါကြောင့် သဘောတရားအရ အာဏာတူပေးဖို့လိုလာပါပြီ။ ပြည်ထောင်စုနိုင်ငံမှာတော့ လွှတ်တော်နှစ်ရပ် မထားလို့မဖြစ်ပါဘူး။ လူဦးရေနဲ့ အကျယ်အဝန်းချင်း မတူညီတဲ့ ပြည်နယ်တွေပေါင်းစည်းထားတဲ့အတွက် လွှတ်တော်နှစ်ရပ်ဟာ လိုအပ်နေပါတယ်။ ပြည်ထောင်စုမှာထားရှိတဲ့ လွှတ်တော်နှစ်ရပ်ကျတော့ တရပ်နဲ့တရပ် ထိန်းကွပ်ရုံတင် မကတော့ပါဘူး။ ပြည်နယ်တွေရဲ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရမယ့် တာဝန်တွေလည်း ပါလာပါတယ်။ လွှတ်တော်တရပ်ကို လူဦးရေအပေါ်မှာအခြေခည်ပြီးဖွဲ့စည်းတာဟာ ဒီမိုကရေစီ သဘောတရား အရဖြစ်ပါတယ်။ ပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုပြီး ပြည်သူလူထု အားလုံးကို ကိုယ်စားပြုစေဖို့ဖြစ်ပါတယ်။ ပြည်ထောင်စုမှာ ဒါလောက်နဲ့ မလုံလောက်ပါဘူး။

ပြည်ထောင်စုထဲမှာ လူဦးရေအင်မတန်များတဲ့ပြည်နယ်၊ လူဦးရေနဲတဲ့ပြည်နယ်တွေ ပါဝင်နေတဲ့အတွက် လူဦးရေ အပေါ်အခြေတည်တဲ့ ဒီမိုကရေစီသဘောတရားတခုထဲ ထားလျှင် လူဦးရေများတဲ့ပြည်နယ်ကြီးက ခေါင်းဆောင်တွေ စိတ်ထားမကောင်းရင် ပြည်နယ်ငယ်တွေအပေါ် အစဉ်အမြဲအနိုင်ကျင့် လက်ဝါးကြီးအုပ်နေမှာ မလွဲပါဘူး။ ဒါကြောင့် နောက် လွှတ်တော်တရပ်ဖွဲ့စည်းတဲ့အခါမှာ လူဦးရေအချိုးအစားအလိုက် ဖွဲ့စည်းလို့မဖြစ်ပါဘူး။ လူဦးရေ နဲသည်ဖြစ်စေ များသည်ဖြစ်စေ ကိုယ်စားလှယ်အရေအတွက် အညီအမျှနဲ့ ဖွဲ့စည်းရပါမယ်။

ဒါကြောင့် အမေရိကန်ပြည်ထောင်စုကို စတင်ဖွဲ့စည်းတဲ့အခါ ဆီးနိတ်(ခေါ်)လွှတ်တော်တရပ်ကို ပြည်နယ်တနယ်လျှင် ကိုယ်စားလှယ်(၂)ဦးစီ အညီအမျှစေလွှတ်ရမယ်လို့ သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။ အဲဒီမူအတိုင်းဘဲ နောက် ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုများဟာလည်း လွှတ်တော်တရပ်ကို နယ်ကြီးသည်/ငယ်သည်မဟူ ကိုယ်စားလှယ် အညီအမျှ စေလွှတ်ကြတယ်။ ကနေဒါမှာ တပြည်နယ်လျှင်(၂၄)ဦးစီ၊ ဆွီဇာလန်မှာ(၂)ဦးစီ၊ သြစတြေးလျ မှာ(၆)ဦးစီ၊ တောင်အမေရိကမှာ(၈)ဦးစီ အညီအမျှ စေလွှတ်ကြတယ်။

ဆိုဗီယက်ယူနီယံဟာ ဒီအခြေခံမူကို မပစ်ပယ်သော်လည်းဘဲ တမူထူးတဲ့ ကိုယ်စားလှယ်စေလွှတ်နည်းကို တီထွင်ထားပါတယ်။ ဆိုဗီယက်ယူနီယံမှာ ပါဝင်နေတဲ့ ပြည်နယ် တချို့ဟာ တခြားပြည်ထောင်စုတွေမှာပါဝင်နေတဲ့ ပြည်နယ်တွေနဲ့ မတူတဲ့အချက်ရှိပါတယ်။ ဆိုဗီယက်ယူနီယံမှာပါဝင်နေတဲ့ ပြည်နယ်(၁၆)နယ်အနက် (၈)ပြည်နယ်ဟာ ရိုးရိုးပြည်နယ် တွေမဟုတ်ပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ရေး သမတနိုင်ငံ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ လူမျိုးစု ဒေသများ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုတွေဖြစ်ပါတယ်။

တဖန် အဲဒီပြည်ထောင်စုတွေထဲမှာပါတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး သမတနိုင်ငံတွေဟာလည်း ပြည်ထောင်စုလေးတွေဘဲ ဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံဟာ ပြည်ထောင်စု(၃)ဆင့်ဟု ခေါ်ဆိုရင် ခေါ်ဆိုနိုင်ပါတယ်။ ဒါကြောင့် ဆိုဗီယက်ယူနီယံရဲ့ လူမျိုးစုလွှတ်တော်ကို ဖွဲ့စည်းတဲ့အခါ အခြေခံမူဖြစ်တဲ့ ကိုယ်စားလှယ်အညီအမျှစေလွှတ်ရေးမူကို လက်ခံ ကျင့်သုံးသောအားဖြင့် ပြည်နယ်(၁၆)ပြည်နယ်စလုံး တပြည်နယ်လျှင်(၂၆)ဦးစီ အညီအမျှစေလွှတ်ကြတယ်။

ဒါပေမယ့် ပြည်နယ်တွေရဲ့ထူးခြားတဲ့ ဖွဲ့စည်းပုံကြောင့် အဲဒီပြည်နယ်တွေထဲမှာ ပါဝင်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး သမတနိုင်ငံ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနှင့် လူမျိုးစုဒေသတွေကို ကိုယ်စားလှယ်စေလွှတ်ခွင့် ပေးထားပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး သမတ နိုင်ငံတခုလျှင် (၁ဝ)ဦးစီ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတခုလျှင်(၅)ဦးစီ၊ လူမျိုးစုဒေသ တခုလျှင်(၁)ဦးစီ စေလွှတ်ခွင့်ရကြပါတယ်။ ယူဂိုစလားဗီးယားပြည်ထောင်စုဟာလည်းဘဲ ဆိုဗီယက်ရဲ့မူကို ယူထားပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ပြည်ထောင်စုမူထဲမှာ အခြေခံမူနဲ့သဘောတရားအရ လွှတ်တော်နှစ်ရပ် အာဏာတူပေးရမယ်၊ အောက်လွှတ်တော်ကို လူဦးရေအလိုက် ရွေး ကောက် တင်မြှောက်ရမယ်၊ အထက်လွှတ်တော် ကိုတော့ ပြည်နယ်တိုင်း ကိုယ်စားလှယ် အညီအမျှ စေလွှတ်ရမယ်လို့ တင်ပြထားခြင်းဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ကိုယ်စားလှယ်တော်များခင်ဗျား။ ကျနော်တို့ရဲ့ ပြည် ထောင်စုမူထဲမှာ ဖော်ပြသင့်တဲ့ နောက်ဆုံး အရေးကြီးတဲ့ အခြေခံမူကြီးကတော့ ပြည်ထောင်စု ဘဏ္ဍာရေးကိစ္စဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ပြည်ထောင်စု နိုင်ငံတော်တိုင်း ကြုံတွေ့ရတဲ့ အခက်ခဲဆုံးပြဿနာဟာ ပြည်ထောင်စုဘဏ္ဍာတော်ခွဲဝေရေးကိစ္စဘဲဖြစ်ပါတယ်။ တခြား ပြည်ထောင်စုတွေမှာတောင်မှ ခက်ခဲနေတဲ့ ပြဿနာကို ကျနော်တို့ဆီမှာ လွယ်လွယ်နဲ့ ဖြေရှင်းလို့ရမယ်လို့ ကျနော်တို့ မမျှော်လင့်ပါဘူး။ ဒါပေမယ့် အခြေခံမူနဲ့ သဘောတရား ကတော့ သတ်မှတ်ထားသင့်တယ်လို့ကျနော်တို့ယူဆပါတယ်။ ပြည်ထောင်စုကို ပြည်နယ်တွေ စိတ်တူ သဘောတူ ပူးပေါင်း ဖွဲ့စည်းကြတယ်။ နောက်ပြီး အများနဲ့ဆိုင်တဲ့ကိစ္စရပ်တွေကို စိတ်တူ သဘောတူ ဗဟိုကိုအပ်နှင်းကြတယ်။ ကျန်တာတွေကို ကိုယ့်ဖာသာကိုယ် စီမံခန့်ခွဲကြတယ်။ ဒါဟာ ပြည်ထောင်စု ဖွဲ့စည်းခြင်းရဲ့ အခြေခံသဘောတရားဘဲ ဖြစ်ပါတယ်။

ပြည်ထောင်စုဘဏ္ဍာရေးဆိုတာကလည်း ဒီပြည်ထောင်စုသဘောတရားပေါ်မှီပြီး စီမံခန့်ခွဲရပါတယ်။ ဗဟိုအစိုးရကို အပ်နှင်းထားတဲ့ကိစ္စရပ်တွေထဲမှာ အခွန်တော်ဝင်ငွေ မြောက်များစွာရှိတဲ့ဌာနတွေ ပါဝင်သလို၊ အသုံးစရိတ် အမြောက်အများ ကုန်ကျတဲ့ဌာနတွေလည်း ပါဝင်ပါတယ်။

ပြည်နယ်တွေအနေနဲ့ ဥပမာ အကောက်တော်ခွန်ဌာနမျိုးကို ဗဟိုသို့လွှဲပေးရတဲ့ အတွက် အခွန်တော်ငွေအများအပြား နစ်နာသွားသလို၊ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးလို ဌာနမျိုး ဗဟိုသို့လွှဲပေးရတဲ့အတွက် အသုံးစရိတ် အများကြီး သက်သာသွားပါတယ်။ ဒီလိုနည်းနဲ့ ချေလိုက်လို့ ပြည်ထောင်စုဘဏ္ဍာရေးကိစ္စဟာ ပြီးမသွားပါဘူး။

ကျနော်တို့လို လွတ်လပ်ခါစ တိုင်းပြည်တွေ အထူးသဖြင့် စစ်ပြီးခေတ်၊ နယ်ချဲ့ပဒေ သရာဇ်စနစ်အောက်က လွတ်မြောက်ခါစ၊ လွတ်မြောက်လာကာစ နိုင်ငံတွေအဖို့ ပြန်လည် ထူထောင်ရေးကိစ္စ၊ နိုင်ငံဖွံ့ဖြိုးရေးကိစ္စတွေအတွက် အမြောက်အများ ဆောင်ရွက်စရာတွေရှိပါတယ်။ သာမန်အားဖြင့် ဗဟိုနဲ့ပြည်နယ် ဘဏ္ဍာရေးဆက်ဆံရေးမှာ ဗဟိုကို ပေးအပ်လိုက်တဲ့

အခွန်တော်ဝင်ငွေထဲမှ ပြည်နယ်များက အချိုးကျပြန်ရရန် တာဝန်ရှိသလို၊ ဗဟိုကို လွှဲအပ်လိုက်တဲ့ဌာနများရဲ့ ကုန်ကျစရိတ်အတွက်လည်း ပေးရန်တာဝန်ရှိပါတယ်။ အဲဒီလို ရရန်တာဝန်နဲ့ ပေးရန်တာဝန်လို့ ရှိတဲ့အနက် အကယ်၍ ပြည်နယ်များဖက်က ရရန်တာဝန်ကများပြီး ပေးရန်တာဝန်က နဲနေရင် ဗဟိုက ပြည်နယ်များကို ပိုတဲ့ငွေထဲက အချိုးကျ ပြန်ပေးရပါတယ်။ ထိုနည်းတူစွာ ပြည်နယ်များက ပေးရန်တာဝန်ကများပြီး ရရန်တာဝန်က နဲနေရင် ဗဟိုက အချိုးကျ ပါဝင်ကူညီရပါတယ်။

လွန်ခဲ့တဲ့နှစ်က စပြီး တီထွင်လိုက်တဲ့ ‘ရှမ်းတကျပ်၊ ဗမာတကျပ်’ မူဟာ ဒီသဘော တရားက ဆင်းသက်လာတဲ့မူဘဲ ဖြစ်ပါတယ်။ ပြည်ထောင်စုစစ်စစ် ဖွဲ့စည်းတဲ့အခါ ဒီမူကို တသမတ်တည်းလိုက်နာဖို့ မလိုပါဘူး။ အမှန်ကတော့ ဗဟိုဟာ သူ့ဘဏ္ဍာတော်နဲ့သူ သီးခြားရပ်တည်နိုင်သလို၊ ပြည်နယ်များဟာလည်း သူ့ဘဏ္ဍာတော်နဲ့သူ ရပ်တည်နိုင်ရပါမယ်။ တဦးအပေါ်တဦး အမှီအခိုကင်းတဲ့အခြေအနေမျိုးမှာ ရှိရပါတယ်။ ဒီအခြေအနေမျိုးဟာ ရုတ်ချည်း မရောက်နိုင်ပါဘူး။

ပြည်နယ်များမှာ သစ်တော၊ သတ္တု၊ စက်မှုလက်မှုစတဲ့ ပြည်သူပိုင်စီးပွားရေးလုပ်ငန်းတွေ၊ ဗဟိုမှာလည်း သူ့ဆိုင်ရာ ပြည်သူပိုင်စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာတဲ့အချိန်မှာ ဒီ ရရန်တာဝန်၊ ပေးရန်တာဝန်ဆိုတဲ့ကိစ္စဟာ အလိုအလျောက် ပပျောက်သွားပါလိမ့်မယ်။

ဒါပေမယ့် ပြည်နယ်တနယ်နဲ့တနယ်ဟာ ဆူကြုံနိမ့်မြင့်ချင်း မတူပါဘူး။ သယံဇာတ၊ သဘောဝပစ္စည်းပေါကြွယ်ချင်းလည်း မတူပါဘူး။ အဲဒီတော့ မဖွံ့ဖြိုး အားနဲတဲ့ပြည်နယ်တွေအတွက် ဗဟိုက ကူပံ့ငွေဆိုတာမျိုးဟာ ရှိရပါတယ်။ တချိန်ထဲမှာ အဲဒီ အားနဲတဲ့ ပြည်နယ်တွေအတွက် ခေတ်မှီတိုးတက်လာအောင် ဆောင်ရွက်ပေးဖို့ ဗဟိုမှာတာဝန်ရှိပါတယ်။ ပြည်ထောင်စု ဘဏ္ဍာတော် ခွဲဝေရေးကိစ္စကို စဉ်းစားတဲ့အခါ ကျနော်တို့မှာ ကျဉ်းမြောင်းတဲ့ နယ်စိတ် ပယ်စိတ်ထားဖို့ မလိုပါဘူး။ ထားလို့မရပါဘူး။ ကျနော်တို့ရဲ့ပြည်ထောင်စုကြီးဟာ ဆိုရှယ်လစ်စီးပွားရေးလောကသို့ ချီတက်မယ်ဆိုတာကိုလည်း ကျနော်တို့စိတ်မှာ မေ့ပျောက် ထားလို့မရပါဘူး။ ဆိုရှယ်လစ်လောကသို့ ချီတက်ရန် စီးပွားရေးစီမံကိန်းတွေ မြောက်များစွာ လုပ်ရမယ်ဆိုတာကိုလည်း ကျနော်တို့ သတိပြုရပါမယ်။

အဲဒီစီးပွားရေးစီမံကိန်းတွေ ဆောင်ရွက်ရာမှာ ကုန်ကျမယ့်ဘဏ္ဍာတော်ငွေ အမြောက်အများအတွက် ဗမာပြည်နယ် အပါအဝင် ကျနော်တို့ပြည်နယ်အားလုံးဟာ တညီတညွတ်တည်း ဝိုင်းဝန်းတာဝန်ယူကြရမှာဘဲဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ပြည်ထောင်စုစစ်စစ်မူမှာ မျှတတဲ့ဘဏ္ဍာရေးကိစ္စ လိုအပ်ကြောင်း ဖော်ပြခြင်းဖြစ်ပါတယ်။ အခု ကျနော် ရှင်းပြခဲ့တဲ့ အချက်တွေဟာ ကျနော်တို့လိုလားတဲ့ ပြည်ထောင်စုမူမှာ ပါဝင်စေလိုတဲ့အချက်တွေရဲ့ လိုရင်းအဓိပ္ပါယ် ဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ညီအကို ကိုယ်စားလှယ်တော်များခင်ဗျား။ ကျနော်တို့ဟာ အဲဒီအဓိပ္ပါယ်အတိုင်း ရိုးရိုးသားသား ယုံကြည်ကြပါတယ်။ ဒါတင်မကသေးပါဘူး ကျနော်တို့ ရိုးရိုးသားသားယုံကြည်တဲ့အချက်တချက် ရှိပါသေးတယ်။ ဒီနည်း ဒီပုံအတိုင်း ကျနော်တို့ ပြည်ထောင်စုကြီးကို ပြည်လည်ဖွဲ့စည်းပါမှ ပြည်ထောင်စုအတွင်းရှိ လူမျိုးပေါင်းစုံဟာ ပိုမိုချစ်ခင် စည်းလုံးလာကြမယ်၊ ပြည်ထောင်စုကြီးလည်း ပိုမိုခိုင်မာလာမယ်၊ ဒါမှလည်း ပြည်ထောင်စုကြီး အဓွန့်ရှည်မယ်လို့ ရိုးရိုးသားသား ယုံကြည်ကြပါတယ်။ လက်ရှိအခြေအနေအတိုင်း တဦးအပေါ်တဦး မယုံမကြည်မကျေမနပ်ဖြစ်နေကြရင် ပြည်ထောင်စုကြီးဟာ အနှေးနဲ့အမြန် ပြိုကွဲမယ်လို့ ကျနော်တို့ ပြောရဲပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ကြွရောက်လာကြတဲ့ ကိုယ်စားလှယ်တော်များခင်ဗျား။ ကျနော်တို့ရဲ့မူနဲ့ပတ်သက်ပြီး တချို့ ပုဂ္ဂိုလ်တွေက ဥပဒေအရ အဓိပ္ပါယ်ပြန်ကြတယ်၊ ဥပဒေ အရ စကားပြောကြပါတယ်။ ကျနော်တို့ဟာ လက်ရှိ အခြေခံ ဥပဒေနဲ့ အဓိပ္ပါယ် ကောက်ယူချက်တွေကို မကျေမနပ် မနှစ်သက်လို့ ပြင်ဆင်ရန် တင်ပြနေခြင်းဖြစ်ပါတယ်။

တချို့ ပုဂ္ဂိုလ်တွေက ကျနော်တို့ရဲ့တောင်းဆိုချက်တွေကို “တည်ဆဲဥပဒေဘောင် အတွင်းက လုပ်လို့မဖြစ်နိုင်ဘူး” လို့ ဆိုပါတယ်။ ကျနော်တို့အနေနဲ့ ဥပဒေအချက်အလက်တွေအပေါ်မှာ ပြိုင်ပြီး ငြင်းမနေလိုပါဘူး။ ဥပဒေဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ပြောသကဲ့သို့ (Telescopic) နီးချင်ရင်လည်း ရတယ်၊ ဝေးချင်ရင်လည်းရတယ်။ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းက ထပ်ပြီးပြောခဲ့တာ ရှိပါသေးတယ်။ “ဥပဒေ ဆိုတာ (Gospel Truth) ဘုရားဟောတွေ မဟုတ်ဘူး။ လူက လုပ်ထားတဲ့ဥပဒေကို လူက ပြင်လို့မရဆိုတာ မဖြစ်နိုင်ဘူး။” တည်ဆဲဥပဒေအရ ကျနော်တို့ရဲ့တင်ပြချက်တွေကို ပြင်နိုင်တယ်/မပြင်နိုင်ဘူး၊ ဖြစ်နိုင်တယ်/မဖြစ်နိုင်ဘူးဆိုတာက ကျနော်တို့အနေနဲ့ ဘာမှမပြောလိုပါဘူး။ ပြင်ဆင်ချင်တဲ့ စေတနာ ရှိ/မရှိက အရေးကြီးပါတယ်။

ကျနော်တို့အားလုံးက ပြင်ဆင်သင့်တယ်လို့ တညီတညွတ်တည်းသဘောတူကြရင် တည်ဆဲဥပဒေဘောင်အတွင်းက ပြင်ဆင်နိုင်အောင် ဥပဒေပညာရှင်ကြီးများက ဖန်တီးပေးကြပါလိမ့်မယ်။ ဒီနေရာမှာ ကျနော် ဥပမာတခု တင်ပြပါရစေ။ ဗြိတိသျှပါလီမန် ဥပဒေထဲမှာ မြန်မာပြည်ကို လွတ်လပ်ရေးပေးဖို့ တပုဒ်တပါဒမှ ရေးထားတာ မရှိပါဘူး။ ဗြိတိသျှအစိုးရက ခန့်အပ်တဲ့ ဘယ်အကြံပေး ကော်မတီကလည်း ဗမာပြည်ကို လွတ်လပ်ရေးပေးသင့်တယ်လို့ အကြံပေး ထောက်ခံမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဗမာပြည်ကို လွတ်လပ်ရေးမပေးလို့ မဖြစ်တဲ့အခါ တည်ဆဲဥပဒေဖြစ်တဲ့ (၁၉၃၅)ခုနှစ် ဗမာပြည် အက်ဥပဒေဘောင် အတွင်းကဘဲ အာဏာအပြည့်အစုံရှိတဲ့ ကြားဖြတ် အစိုးရကို ဖွဲ့ပေးခဲ့တယ်။ တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ပေးခဲ့တယ်။

တချို့ပုဂ္ဂိုလ်တွေက“အခြေခံဥပဒေဆိုတာ ခဏခဏပြင်လို့မကောင်းဘူး”လို့ ပြောကြပါတယ်။ မျက်မှောက်ကမ္ဘာမှာ နိုင်ငံပေါင်းများစွာဟာ အခြေအနေနဲ့အချိန်အခါအလိုက် အခြေခံဥပဒေတွေကို ပြင်ဆင်ရေးဆွဲခဲ့တာ ကြွရောက်တဲ့ လူကြီးမင်းများအားလုံး သိကြပါတယ်။

သဘာပတိကြီး နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ကိုယ်စားလှယ်တော်များခင်ဗျား။ (၁၃) နှစ်လုံးလုံး စမ်းသပ်ပြီးလို့ မအောင်မြင်တဲ့ ဒီအခြေခံ ဥပဒေကြီးကို ပြင်ဆင်ပေးရန် သင့်တော်ပြီလို့ ကျနော်တို့ယူဆပါတယ်။ ကျနော်တို့ရဲ့ပြည်ထောင်စုမူအပေါ်မှာ ကျနော်တို့ ပြည်နယ် အမျိုးသားများဟာ အင်မတန်စည်းလုံးညီညွတ်နေပါတယ်။ ကျနော်တို့ဟာ ပြည်ထောင်စုစစ် စစ်မူခေါ်တဲ့ တန်းတူရေး တောင်းဆိုမှုအပေါ်မှာ အလွန်ခိုင်မာတဲ့ အမျိုးသားညီညွတ်ရေးကြီး တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုစစ်စစ်မူကြီး အကောင်အထည်ပေါ်လာရေးအတွက် မမှိတ်မသုံချီတက်ဖို့ ကျနော်တို့အားလုံး ခိုင်မာတဲ့ သန္နိဋ္ဌာန်ချထားကြပြီးဖြစ်ပါတယ်။

ကျနော်တို့အနေနဲ့ ဒီပြည်ထောင်စုစစ်စစ်မူကြီးကို ပြည်နယ်များနဲ့ ပြည်မရှိ ပြည်ထောင်စုသားအားလုံး သဘောပေါက် လက်ခံလာတဲ့အထိ မိသားစုစိတ်ဓါတ်နဲ့ စိတ်ရှည်လက်ရှည် ဆက်လက်ပြီး ကြိုးပမ်းကြပါမယ်။ ကျနော်တို့ရဲ့ ပြည်ထောင်စု စစ်စစ်မူကို သဘောတူ လက်မခံနိုင်ကြသေးတဲ့ ပြည်နယ်များနဲ့ ပြည်မရှိပုဂ္ဂိုလ်များကလည်း မိသားစုစိတ်ဓါတ်နဲ့ စိတ်ရှည် လက်ရှည် ဆက်လက် နွေးနွေး ညှိနှိုင်းကြပါလို့ အနူးညွတ်တောင်းပန်ရင်း နိဂုံးချုပ်ပါတယ်။

ရှမ်း၊ ဗမာ၊ ကချင်၊ ချင်း၊ ကရင်၊ ကယား၊ ရခိုင်၊ မွန် တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ။ ပြည်ထောင်စုစစ်စစ် အမြန်ပေါ်ပေါက်လာပါစေ။ ။

သြဘာသံများ

No comments:

Post a Comment