တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ညွန့်ပေါင်းသတင်းလွှာ။ ယမုန်နာဆေးခန်း။ ၁၉၉၀ ရွေးကောက်ပွဲ။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ပုလဲသွယ်၊ နိုင်ငံရေး-စာမျက်နှာ။

Monday, March 2, 2009

၁၉၆၂ ခု ပြည်ထောင်စုမူနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ၊ ချင်းဝိသေသတိုင်း ကိုယ်စားလှယ် ကပ္ပတိန်မန်းတုံနုံး။

အခမ်းအနားမှူး။ ။အစီအစဉ်(၆)အရ ချင်းဝိသေသတိုင်း ကိုယ်စားလှယ် မဟာသရေစည်သူ ‘ကပ္ပတိန်မန်းတုံနုံး’ က ထောက်ခံတင်ပြရန် ဖြစ်ပါတယ်။ ။

သြဘာသံများ

ကပ္ပတိန် မန်းတုံနုန်း

လေးစားအပ်သော သဘာပတိ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝန်ကြီးများ၊ နိုင်ငံရေးအဖွဲ့အစည်းများမှ ခေါင်းဆောင် ကိုယ်စားလှယ်များ၊ ပြည်နယ်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ခုလို နှီးနှောဖလှယ်ပွဲ ညီလာခံမှာ ကျနော် စကားပြောခွင့် ရတဲ့အတွက် အထူးဘဲကျေးဇူးတင်ပါတယ်။

ကျနော် တင်ပြဆွေးနွေးလိုတာကတော့ ဖက်ဒရယ်မူကိစ္စနဲ့ပတ်သက်ပြီး ဘာ့ကြောင့် ကျနော်တို့ ဖက်ဒရယ်မူ၊ ပြည်ထောင်စုမူကို လိုလားနေရတယ်ဆိုတဲ့ အကြောင်းဘဲ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ‘ပြည်နယ်များ ညီညွတ်ရေးအဖွဲ့’ ဥက္ကဋ္ဌကြီး စောခွန်ချို မိန့်ကြားသွားသည့်အတိုင်း ဆက်လက်ပြီး ထောက်ခံသွားလိုပါတယ်။ လွန်ခဲ့တဲ့ (၁၉၄၇)ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပတဲ့ ပင်လုံညီလာခံက အစပြုပြီး ပြည်ထောင်စုကြီးပေါ်ပေါက်လာ တယ်ဆိုတာ မှန်ပါတယ်။ ထိုအချိန်က တောင်တန်းဒေသများနဲ့ ဗမာပြည်မမှာရှိတဲ့ ခေါင်းဆောင်တွေဟာ ပူးပေါင်းပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။

ဒီလို တိုင်းရင်းသားစည်းလုံးညီညွတ်မှုနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြလို့ လွတ်လပ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရယ်လို့ ဖြစ်ပေါ်လာရတယ်ဆိုတာလည်း အမှန်အတိုင်းဘဲ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ပြည်ထောင်စုစနစ်ကို ကြိုက်နှစ်သက်လို့ ပြည်ထောင်စု ရယ်လို့ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ (၁၉၄၇)ခုနှစ် စက်တင်ဘာလမှာ ကျင်းပခဲ့တဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ပြည်ထောင်စု သဘောသက်ရောက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တင်ပြစဉ်က ကျနော်တို့အားလုံး လွယ်လွယ်ကူကူနဲ့ ဝိုင်းဝန်း ထောက်ခံခဲ့ကြပါတယ်။ ဒီဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ပြည်ထောင်စုစိတ်ဓါတ်၊ ပြည်ထောင်စုသဘောထားများနဲ့အညီ လက်ခံကျင့်သုံးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ ယုံကြည်မျှော်လင့်ထားသလို ဖြစ်မလာဘူးလို့ ဆိုချင်ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေဟာ ပြည်ထောင်စုသဘော မသက်ရောက်သလိုဖြစ်နေတာ အတော်ကြာကြာ လက်တွေ့ ခံစားလာတဲ့အခါမှာ သိရှိလာရပါတယ်။ ကျနော်တို့ တောင်တန်းဒေသ လူနည်းစုတွေဟာ ပင်လုံးစိတ်ဓါတ်နဲ့ ပြည်ထောင်စုကြီး တည်ဆောက်ကြတာဖြစ်တော့ ပြည်ထောင်စုကြီးမှာ အဓိကဦးဆောင်နေတဲ့ နောင်တော် ပြည်မက ခေါင်းဆောင်တွေအပေါ်မှာ ယုံကြည် အားထားကြပါတယ်။

ကျနော်တို့ လိုလား ယုံကြည်ထားတဲ့ ပြည်ထောင်စုပုံစံဟာလည်း ပြည်မနဲ့ တောင်တန်းဒေသက လူနည်းစုတွေ ညီတူညီမျှ အခွင့်အာဏာရှိတဲ့ ပုံစံမျိုးဖြစ်ကြမှာဘဲလို့ ထင်မှတ်ကြပါတယ်။ သို့သော်လည်း ကျနော်တို့ထင်မှတ်သလို လက်ရှိ ပြည်ထောင်စုရဲ့ ပြည်နယ်များရဲ့အခြေအနေက ဒီလိုဖြစ်မလာတာ ကျနော်တို့တွေ့မြင်ရတဲ့အတိုင်း အစီရင်ခံပါရစေ။

လွတ်လပ်ပြီးခါစ၊ လွတ်လပ်ရေးရပြီးလို့ (၁၄)နှစ်အတောအတွင်းမှာ ကျနော်တို့ ဆန်းစစ်ကြည့်လိုက်တော့ ပြည်နယ် တောင်တန်းဒေသတွေရဲ့ မူလကိုယ်ပိုင်ပြဌာန်းခွင့်တွေဟာ ပျောက်ကွယ်ရတော့မလိုဖြစ်နေတာကို တွေ့ရပါတယ်။
ပြည်ထောင်စုကြီးမှာ ပြည်ထောင်စုစိတ်ဓါတ်တွေ ကျဆင်းနေပြီး ပြည်ထောင်စုသဘောထားဆိုတာလည်း ဘာကိုယုံရမှန်း မသိအောင် ဖြစ်နေပါတယ်။ ပြည်ထောင်စုဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနိဒါန်းမှာပါတဲ့ ‘တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှု’ ဆိုတဲ့ စကားတွေဟာလည်း အဓိပ္ပါယ် နည်းနည်းဘဲရှိတော့တယ်လို့ ကျနော်တို့ထင်မပါတယ်။ ကျနော်တို့ ပြည်နယ် တောင်တန်းဒေသက လူနည်းစုတွေဟာ လက်ရှိ ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံ အပေါ်မှာ သံသယရှိနေကြတယ်။

ပြည်ထောင်စုအဖွဲ့ဝင်ဆိုတာကို အဓိပ္ပါယ်ပိုင်းခြားတဲ့အခါမှာ ‘ပြည်နယ်နဲ့ပြည်မ’ မဟုတ်ဘဲ ‘ပြည်နယ်နဲ့ ကျန်နယ်မြေဒေသ’ ဆိုတဲ့ ပြည်ထောင်စုအဖွဲ့ဝင် နှစ်မျိုးဘဲရှိတယ်။ အခု ကျနော်တို့ ပြည်မလို့ခေါ်နေတာဟာ စင်စစ်တော့ ပြည်ထောင်စု အဖွဲ့ဝင်ဖြစ်ပါတယ်။ ပြည်နယ်တွေဟာလည်း ပြည်ထောင်စုအဖွဲ့ဝင်တွေဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စုအဖွဲ့ အာဏာကို ချုပ်ကိုင်စိုးမိုးနိုင်တာကတော့ ပြည်မသာလျှင်ဖြစ်နေတော့ ပြည်ထောင်စုအဖွဲ့ဝင်အချင်းချင်းတွေမှာ အငြင်းပွားစရာ၊ မကျေနပ်စရာတွေဖြစ်လာကြပါတယ်။ ဒီလိုအငြင်းပွားမှု၊ မကျေနပ်မှုတွေ မကြာခဏဖြစ်လာတော့ ဘယ်သူက ဘယ်လို ဖြေရှင်းပေးမလဲ။ မဖြေရှင်းနိုင်လို့ ပြဿနာတွေ စုပုံပြီးဖြစ်လာရင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို မထိခိုက်ပေဘူးလား။ ဒါကို အလေးအနက် စဉ်းစားကြစေချင်ပါတယ်။

နောက်ပြီးတော့ မကျေနပ်မှု၊ နစ်နာမှုရှိတယ်ဆိုတာလည်း ပြည်နယ် ပြည်ထောင်စု အဖွဲ့ဝင်တွေက ခပ်များများဖြစ်နေတော့ ပြည်မအနေနဲ့ စဉ်းစားတဲ့အခါမှာ ဒါတွေဟာ အသေးအဖွဲတွေပါလို့ မယူဆစေချင်ဘူး။ ဒီလိုယူဆရင် အမှားကြီး မှားပါလိမ့်မယ်။ ကျနော်တို့ အနေနဲ့ မြင်တာကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲကြတဲ့အခါမှာ ပြည်ထောင်စုစနစ်ကြီး ပီပီသသဖြစ်အောင် ရေးဆွဲကြစေလိုပါတယ်။ ဒီလိုမှ မပြင်အဆင်ရင် ထပ်တလဲလဲ ပြဿနာတွေ ဖြစ်ဦးမှာဘဲ။ ပြည်ထောင်စုစိတ်ဓါတ်နဲ့ ပြည်ထောင်စု သဘောတရားတွေဟာ ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ သတ်မှတ်ချက်တွေနဲ့ တိတိကျကျ ကိုက်ညီစေမှ ဖြစ်တော့မယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။

ဥပမာဆိုရင် ကျနော်တို့ချင်းဒေသဟာ ပြည်ထောင်စုကြီးထဲမှာ ဘယ်လိုအဖွဲ့ဝင်မျိုး ဖြစ်ထိုက်တယ်ဆိုတာ သတ်မှတ် သီးသန့်ပြီး ဖြစ်ပါတယ်။ ပြီးတော့ ပြည်ထောင်စုပါလီမန် နဲ့ ပြည်နယ်ကောင်စီတွေရဲ့ ဆက်သွယ်မှု သဘောတရား တွေကိုလည်း ပြည်ထောင်စုစနစ်နဲ့ ကိုက်ညီအောင် ထားရှိစေချင်ပါတယ်။ ဒီလို ပြည်နယ်/ပြည်မဆိုပြီး ဆက်လက် ပိုင်းခြားမယ်ဆိုရင်တော့ ဒီပြည်ထောင်စုကြီးရဲ့ တည်တန့်ခိုင်မြဲရေးဟာ ရှိနိုင်ပါဦးမလား။ ဒီ ဒီမိုကရေစီရဲ့အနှစ်သာရကိုရော ရှာလို့ တွေ့ပါဦးမလားဆိုတာ စိုးရိမ်စရာဖြစ်လာရပါတယ်။

ဒါတွေကြောင့် ကျနော်အကြံပေးထောက်ခံသွားချင်တာက ပြည်နယ်/ပြည်မ ရယ်လို့မခွဲဘဲ ပြည်နယ်ချည်းဘဲ စုပေါင်း ထားတာ ဖြစ်ကြအောင် ပြည်မကိုလည်း ပြည်နယ်တခု အဖြစ်ဖွဲ့ပါ။ ဒါမှသာ ပြည်ထောင်စုအဖွဲ့ဝင်အချင်းချင်း ညီမျှမှုဖြစ်ပြီး ပြည်နယ်တွေရဲ့ သံသယ ရှိမှုတွေဟာ ပြေပျောက်သွားနိုင်ပါတယ်လို့ ကျနော်ယုံကြည်ပါတယ်။ အခုကျနော်တင်ပြသလို ပြည်နယ်အချင်းချင်း စုပေါင်းတဲ့မူကို လက်ခံမှ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာဏာ၊ ဥပဒေပြုမှုအာဏာဆိုတဲ့ အဓိကမဏ္ဍိုင်ဖြစ်တဲ့ အာဏာ(၃)ရပ်ကို တန်းတူမျှတမှုရှိအောင် ခွဲဝေပြီး ဗဟိုပြည်ထောင်စုကို သင့်လျော်တဲ့အာဏာတွေ သတ်မှတ်ပေးထားခြင်းဖြင့် စစ်မှန်တဲ့ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ကျနော်တို့ရဲ့ နောင်တော်ကြီးတွေဖြစ်တဲ့ ပြည်မခေါင်းဆောင်ကြီးများကို ကျနော် အလေးအနက် မေတ္တာရပ်ခံချင်တာက နောင်တော်တွေရဲ့ သဘောထားကြီးမှုကို ထင်ရှား အောင်ပြကြပါ။ ပညာရှိသတိနဲ့လည်း စဉ်းစားဝေဖန်ကြပါ။ ကျနော်တို့ ဝိုင်းဝန်းတည်ဆောက်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကြီး မပြိုကွဲအောင်လည်း ထိန်းသိမ်း စောင့်ရှောက်တော်မူကြပါလို့ လေးနက်စွာ တောင်းပန်ပြောရင်း ကျနော် နိဂုံးချုပ်လိုက်ပါတယ်။ ။

သြဘာသံများ

No comments:

Post a Comment