တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ညွန့်ပေါင်းသတင်းလွှာ။ ယမုန်နာဆေးခန်း။ ၁၉၉၀ ရွေးကောက်ပွဲ။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ပုလဲသွယ်၊ နိုင်ငံရေး-စာမျက်နှာ။

Monday, March 2, 2009

ပြည်ထောင်စုနှင့်မွန်လူမျိုးတို့၏ ဒီမိုကရေစီစိတ်ဓာတ်၊ နိုင်ထောအိန်။

CRPP ၏ (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများစာအုပ် ကောက်နုတ်စာ။

ပြည်ထောင်စုနှင့်မွန်လူမျိုးတို့၏ ဒီမိုကရေစီစိတ်ဓာတ်၊ နိုင်ထောအိန်။

မွန်လူမျိုးတို့သည် ဘီစီ ၂ဝဝဝ ကျော်မှစ၍ ဤနိုင်ငံတွင် အခြေချနေထိုင်၍ မွန်ပဒေသရာဇ်ခေတ်ကို ထူထောင်ခဲ့ကြသည်။ သုဝဏ္ဏဘူမိခေတ်၊ ဟံသာဝတီခေတ်များတွင် ဗမာဘုရင်များနှင့် အချင်းချင်းစစ်ခင်းခြင်းဖြင့် ပဒေသရာဇ်တို့၏ အစဉ်အလာအတိုင်း ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုကာလများတွင် နယ်ချဲ့ကျူးကျော်မှုများကို ဝိုင်းဝန်းကူညီဖြေရှင်းပေးခဲ့သည်များ တွေ့နိုင်ပေသည်။

မွန်ပဒေသရာဇ်ခေတ်သည် ဗမာပဒေသရာဇ်ခေတ်နှင့် ယှဉ်တွဲ၍ ရပ်တည် ဖြစ်ထွန်းခဲ့သည်မှာ အထင်းအရှားဖြစ်ပေသည်။ သက္ကရာဇ် အေဒီ (၁၇၅၇)တွင် ဖြစ်ပွားသော မွန်နှင့် ဗမာတို့၏ ပဒေသရာဇ်တိုက်ပွဲသည် ပဒေသရာဇ် တန်ခိုးအာဏာ စွမ်းရည်ပြိုင်သည်ထက် ကျော်လွန်သွားပြီး အမျိုးသားဖိနှိပ်ရေးအသွင်သို့ဆောင်ခဲ့ပေသည်။ မွန်လူမျိုးအများအပြား ယိုးဒယားသို့ ထွက်ပြေးသွားခဲ့ရပေသည်။ ထိုသို့ မွန်နှင့်ဗမာ စိတ်ဝမ်း ကွဲပြားလာသည်ကို အခွင့်ကောင်းယူပြီး၊ ဗြိတိသျှများ မြန်မာပြည်ကိုသိမ်း ပိုက်လိုက် နိုင်သည်ဟု သာဓကများ ဖေါ်ပြနေပေသည်။

ပဒေသရာဇ်ခေတ်၏ ဒဏ်ရာဒဏ်ချက်သည် မွန်လူမျိုးများက မွန် ဟုပြောရန်ပင် ကြောက်ရွံ့သည်အထိ ဆိုးရွားပြင်းထန်ခဲ့ပေသည်။ ဗြိတိသျှ ကိုလိုနီခေတ်တွင် မွန်လူမျိုးများသည် မွန်အခွင့်အရေးများကို တောင်းဆိုရ စကောင်းဟု မသိရှိခဲ့ကြပေ။

လွတ်လပ်ရေးကြိုးပမ်းမှုကာလများတွင် မွန်လူမျိုးများသည် ပါဝင် ဆင်နွဲခဲ့ကြပေသည်။ ဥပမာ-ဂျီစီဘီအေတွင် မွန်ဦးချစ်လိုင်မှာ ထင်ရှားသော ခေါင်းဆောင်တဦးဖြစ်သည်။ (၁၉၂ဝ)တက္ကသိုလ်ကျောင်းသား သပိတ်တွင် ဆရာကြီးဦးသာဒင်(ပဲခူး)၊ ဦးလူဖေဝင်း၊ ဦးချစ်သောင်းတို့သည်မွန်လူမျိုးများ ဖြစ်ကြသည်။ ဒို့ဗမာ အစည်းအရုံးတွင် မွန်သခင်ကြီးမှာ ထင်ရှားခဲ့ပေသည်။ ထိုကာလတွင် မထင်မရှား မွန်အများအပြား ပါဝင်ခဲ့ကြပေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းတခုတွင် ထိုလွတ်လပ်ရေးကြိုးပမ်းမှု၌ ဗမာ (၅ဝဝဝ)၊ မွန်(၃ဝဝဝ)ပါဝင်သည်ဟု ဖော်ပြထားပေသည်။

ထိုကာလများမှစ၍ မွန်အဖွဲ့အစည်းများဖွဲ့စည်းခြင်းဖြင့် မွန်လူမျိုး များစုစည်း၍ မွန်စာပေ၊ မွန်ယဉ်ကျေးမှုနှင့် မွန်လူမျိုးတို့၏ အခွင့်အလမ်းများအတွက် ဒီမိုကရေစီနည်းလမ်းအရ တောင်းဆိုမှု စတင်ခဲ့ကြပေသည်။

(၁၉၄၇)ခုနှစ်ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့၊ ရှမ်းပြည်နယ်ပင်လုံမြို့တွင် ရေးထိုးခဲ့ကြသည့် အမျိုးသားခေါင်းဆောင်များ၏ သဘောတူညီချက်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် အခြေခံကျသော အုတ်မြစ်ဖြစ်သည်။ ယင်း ပင်လုံသဘောတူညီချက်၏ ဦးတည်ချက်သည် လူမျိုးစုများ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ တန်းတူညီမျှရေးနှင့်အတူတကွ စုစည်းညီညွတ်စွာ နေထိုင်ရေးဖြစ်သည်။ တနည်းအားဖြင့် လူမျိုးစုတစုက အခြားလူမျိုးစုများအပေါ် ကြီးစိုးချယ်လှယ်မှုမရှိသော စစ်မှန်သည့် ပြည်ထောင်စုတည်ဆောက်ရေးပင် ဖြစ်ပေသည်။

(၁၉၄၇)ခုနှစ်ဧပြီလတွင် ကျင်းပသော တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲတွင် မွန်လူမျိုးများသည် ဒီမိုကရေစီကျကျ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ သို့သော် ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်ပါတီတို့၏ လက်နက် ဖြင့် ဖိနှိပ်ခြိမ်းခြောက်အနိုင်ကျင့်မှုများနှင့် ရင်ဆိုင်ခဲ့ကြရသည်။

လွတ်လပ်ရေးမရမီကာလတလျောက်လုံး မွန်လူမျိုးများသည် ဒီမိုကရေစီနည်းလမ်းအရ မိမိတို့၏ ကိုယ်ပိုင် ပြဌာန်းခွင့်ဖြစ်သော မွန်ပြည်နယ် ထူထောင်ရန်လူထုဆန္ဒဖေါ်ထုတ်ပွဲများဖြင့်တိုက်ပွဲဝင်ခဲ့ကြပေသည်။ ဖဆပလ သည် မွန်တို့၏တောင်းဆိုချက်ကို လျစ်လျူရှုခဲ့ပေသည်။ ထိုကာလတွင်လည်း မွန်လူမျိုးများသည် ဖမ်းဆီးမှုများ၊ ဖိနှိပ်သတ်ဖြတ်မှုများနှင့် တွေ့ကြုံခဲ့ကြရပေသည်။

ထိုကဲ့သို့ ဖိနှိပ်မှုများကြောင့် မွန်လူမျိုးများသည် (၁၉၄၉)ခုနှစ်တွင် လက်နက်ကိုင်တိုက်ပွဲဖြင့် မိမိတို့၏ ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြပေသည်။ (၁၉၅၅)ခုနှစ်တွင် မွန်လူမျိုးတို့၏စုစည်းသော၊ ညီညွတ်သော၊ စနစ်ကျသော မွန်ပြည်သူ့တပ်ဦးကို အောက်ပါ အခြေခံမူဝါဒများဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်-
(က) နယ်ချဲ့ပဒေသရာဇ်စနစ်ကို ဆန့်ကျင်၍ လုံးဝလွတ်မြောက်၍အချုပ် အခြာအာဏာပိုင်သော မွန်ပြည်သူ့သမတနိုင်ငံ ထူထောင်ရန်၊
(ခ) လူမျိုးစုံသွေးစည်းညီညွတ်ရေးကို တည်ဆောက်ရန်၊
(ဂ) ဒီမိုကရေစီအပြည့်အဝရှိရန်
(ဃ) ထာဝရငြိမ်းချမ်းရေးရရှိရန်၊

(၁၉၅၈)ခုနှစ်တွင် ဖဆပလအစိုးရ၏ လက်နက်နှင့် ဒီမိုကရေစီလဲ လှယ်ရေးအစီအစဉ်အရ မွန်ပြည်သူ့တပ်ဦးသည် လက်နက်များ ပေးအပ်၍ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နှင့် ဥပဒေအတွင်း တရားဝင် နိုင်ငံရေးလူပ်ရှားမှု သဘောတူညီချက်များ ရယူခဲ့ပေသည်။ မွန်ပြည်သူ့တပ်ဦးသည် ဥပဒေ အတွင်း ဒီမိုကရေစီအရ မွန်တို့၏ ရပိုင်ခွင့်များအတွက် ဆောင်ရွက်နေသော အဖွဲ့ဖြစ်သည့် မွန်တိုင်းရင်းသားအစည်းအရုံးနှင့်ပူးပေါင်းပြီး “မွန်ပြည်သူ့ညီ ညွတ်ရေးတပ်ပေါင်းစု”ကို ဖွဲ့စည်းတည်ထောင်၍ ဒီမိုကရေစီရေးနှင့် ထာဝစဉ် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့ကြပေသည်။ (၆၊ ၂၊ ၁၉၆ဝ)တွင် ကျင်းပသော ရွေးကောက်ပွဲသို့ “မွန်ပြည်သူ့ညီညွတ်ရေး တပ်ပေါင်းစု” အမည်ဖြင့် ဝင်ရောက်အရွေးခံရာ မွန်ပြည်သူ့ တပ်ဦးဥက္ကဋ္ဌ နိုင်အောင်ထွန်းနှင့် ဆရာ ဖိုးဖိန်၊ မွန်တိုင်းရင်းသား အစည်းအရုံးမှ ဆရာမွန်ဖိုးချိုနှင့် နိုင်အောင်လှငွေတို့ အနိုင်ရသည်။

နိုင်အောင်ထွန်းအား (၂၇၊ ၄၊ ၁၉၆၁)တွင် မွန်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံရပေသည်။ ဒီမိုကရေစီ၏ အသီးအပွင့်ကို မွန်လူမျိုးများသည် ကြာမြင့်စွာမခံစားခဲ့ရပေ။ တပ်မတော်မှ (၂၊ ၃၊ ၆၂)တွင် အာဏာသိမ်းမှု ဖြစ်ပွားသည်နှင့် မွန်ရေးရာဝန်ကြီးလည်း အဖမ်းခံရပေသည်။ အာဏာ သိမ်းပြီးနောက် တော်လှန်ရေး တပ်မတော်အစိုးရက တောတွင်းရှိလက်နက် ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားသွားသဖြင့် (၁၉၆၃)ခုနှစ်၊ အောက်တိုဘာလတွင် မွန်ပြည်သူ့ တပ်ဦး အလုပ်အမှုဆောင်အဖွဲ့ တဖွဲ့လုံးနှင့် ဥက္ကဋ္ဌနိုင်အောင်ထွန်း၏သား နိုင်တင်အောင်ပါ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရသည်မှာ (၁၉၇၃)ခုနှစ်အထိ ဖြစ်လေသည်။

(၁၉၈၈)ခုနှစ်၊ အရေးအခင်းပြီးနောက် တပ်မတော်အာဏာသိမ်း၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရ ဖွဲ့စည်းပြီးသောအခါ ပါတီစုံဒီမိုကရေစီစနစ်ကို ခွင့်ပြုခဲ့သဖြင့် နိုင်ငံရေး အဖွဲ့အစည်းများ ဖွဲ့စည်းကြသည့်အချိန်တွင် မွန်တို့ကလည်း မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကို ဖွဲ့စည်းကြလေသည်။ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့တွင် မွန်ပြည်သူ့တပ်ဦးမှ ခေါင်းဆောင်ဟောင်းများနှင့် မွန်မျိုးဆက်သစ်များဖြင့် စုစည်း၍ ဒီမိုကရေစီ နှင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခိုင်အမာ ထုတ်ဖေါ် ပြသခဲ့ကြပေသည်။ (၂၇၊ ၅၊ ၁၉၉ဝ)တွင်ကျင်းပသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင်(၅)နေရာအနိုင်ရရှိခဲ့သော်လည်း ယခုအခါတွင်မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့ကိုလည်း ဖျက်သိမ်းခြင်းခံရပြီး လွှတ်တော်ကိုယ်စားလှယ် (၅)ဦးစလုံးလည်း ဖမ်းဆီး ထောင်ချခြင်း ခံခဲ့ကြရသည်။ ယခုအချိန်အထိ ဖမ်းဆီးခံထား ရဆဲ(၂)ဦးနှင့် (၁)ဦးမှာ ထိန်းသိမ်းခံထားရဆဲ ရှိပေသေးသည်။

ဖမ်းဆီးချုပ်နှောင်မှုအမျိုးမျိုးကို ယခုထက်တိုင် ခံစားနေရသည့်အနက် လက်နက်နှင့် ဒီမိုကရေစီ လဲလှယ်ရေး အစီအစဉ်အရ လက်နက်ပေးအပ်ပြီး ဥပဒေအတွင်းဝင်ရောက်ခါ နိုင်ငံရေး လုပ်ဆောင်သော မွန်ပြည်သူ့တပ်ဦး၊ ဗဟိုအလုပ်အမှုဆောင်တဖွဲ့လုံးကို (၁၉၆၃)ခုနှစ်မှ (၁၉၇၃)ခုနှစ်အထိ ဆယ် နှစ်နီးပါး ဖမ်းဆီးထိန်းသိမ်းထားခြင်းမှာ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီအစိုးရ လက်ထက်တို့တွင် လက်နက်မဲ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီနည်းအရ နိုင်ငံရေးလုပ်ဆောင်သဖြင့် ဤကဲ့သို့ အချိန်ကြာမြင့်စွာ ဖမ်းဆီးချုပ်နှောင်ထားခြင်းခံရသည်ကို မတွေ့ကြုံဖူးသဖြင့် အလွန်တရာမှ ထိတ်လန့်စရာကောင်းသော အတွေ့အကြုံပင်ဖြစ်ပါသည်။

ယနေ့အခြေအနေတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို အသိအမှတ်ပြု ခြင်းမရှိဘဲ ဖိနှိပ်ဝါးမျိုနေပေသည်။ “မြန်မာ”ဆိုသော ဝေါဟာရတခုကို ဖေါ်ထုတ်ပြီး၊ လူမျိုးပေါင်းစုံကိုယ်စားပြုသယောင် သာတူညီမျှ အခွင့်အရေးရနေသယောင် လှည့်စားအော်ဟစ်နေသည်။ နိုင်ငံရေးပြဿနာကို မည်သို့ ဖြေရှင်း သွားမည်ဆိုသည့် ရေရာ တိကျသော အစီအစဉ် မရှိသည့် အပစ်အခတ် ရပ်စဲနည်းဖြင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်သယောင် ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။

စစ်အင်အားကို အားကိုးပြီး အရာရာကို စိုးမိုးချယ်လှယ်နေသော စနစ်ဆိုးအောက်တွင် တရားဥပဒေစိုးမိုးရေး၊ လူမျိုးများဆိုင်ရာ အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေးတို့သည် ရှင်သန်ခွင့်မရှိနိုင်ပါ။ “လက်နက်မရှိက နိုင်ငံရေး လုပ်၍မရပါ”ဟူသော အတွေးအခေါ်ဆိုးကို မျိုးဆက်သစ်များအား မီးမောင်း ထိုးပြနေသကဲ့သို့ရှိပေသည်။

ထိုအတွေ့အကြုံများသည် မွန်လူမျိုးများကို ဒီမိုကရေစီစိတ်ဓာတ်နှင့် ငြိမ်းချမ်းရေး စိတ်ဓာတ်သွတ်သွင်းရန် အခက်ကြုံစေပါသည်။ နောင် မျိုးဆက်သစ်များအတွက် ရင်လေးဖွယ်ကောင်းလှပေသည်။ ထို့ကြောင့် အနာဂတ်မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် ပေါင်းစည်း ညီညွတ်ရေးအတွက် စစ်မှန်သော ပြည်ထောင်စုကြီးတည်ဆောက်သောအခါ အထက်ပါ ကဲ့သို့သောဖိနှိပ်မှုမရှိရလေအောင် အကာအကွယ် ပေးနိုင်သောအစီအစဉ်များကို စနစ်တကျ ဥပဒေပြဌာန်းပေးထားရန်လိုအပ်လှပေသည်။ တိုင်းရင်း သား အချင်းချင်း အပြန်အလှန် လေးစားချစ်ခင်မှုစိတ်ထားများ၊ ရှင်သန်ဖွံ့ဖြိုး လာအောင် အဖက်ဖက်မှ ကြိုးစားတည်ဆောက်ခြင်းဖြင့် ဒီမိုကရေစီ ပြည့်ဝသော ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပေလိမ့်မည်။ ဒီမိုကရေစီမရှိဘဲ ပြည်ထောင်စုကြီးမရှိနိုင်ဟု အလေးအနက် ယုံကြည်သည့်အတိုင်း မွန်တိုင်းရင်းသားတို့သည် ဆက်လက်ကြိုးပမ်းသွားကြမည်သာဖြစ်သည်။

ထိုကြောင့် နိုင်ငံရေးပြဿနာကိုစစ်အင်အားဖြင့် ဖြေရှင်းခြင်းသည် စစ်မီးကို ပိုမိုတောက်လောင်စေရုံမှတပါး အခြားရလဒ်မရှိနိုင်ပါ။ လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာကို သုံးပွင့်ဆိုင်ဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်းနိုင်မည်ဟု မွန်လူမျိုးအားလုံးက ယုံကြည်သည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ ချစ်ကြည် သွေးစည်းရေးအတွက်လည်း ပင်လုံကဲ့သို့စနစ်တကျသောညီလာခံတရပ် ကျင်းပနိုင်ရန် အထူးအရေးကြီး လိုအပ်နေပါကြောင်း တင်ပြလိုက်ရပါသည်။ ။

နိုင်ထောအိန်

No comments:

Post a Comment