တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ညွန့်ပေါင်းသတင်းလွှာ။ ယမုန်နာဆေးခန်း။ ၁၉၉၀ ရွေးကောက်ပွဲ။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ပုလဲသွယ်၊ နိုင်ငံရေး-စာမျက်နှာ။

Monday, March 2, 2009

ပြည်-ထောင်-စု အမွေ၊ စိုင်းညွန့်လွင်။

CRPP ၏ (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများစာအုပ် ကောက်နုတ်စာ။

ပြည်-ထောင်-စု အမွေ၊ စိုင်းညွန့်လွင်။

လွန်ခဲ့သော နှစ်အစိတ်၊ သုံးဆယ်ကျော်ခန့်က ပြည်ထောင်စုနေ့ ရောက်ခါနီးတိုင်း ကျနော်တို့သည် တလနီးပါးခန့် ကြိုတင်၍ နေပူစပ်ခါးထဲတွင် ပြည်ထောင်စုအလံတော် သယ်ယူရေးအတွက် အဖွဲ့လိုက် လေ့ကျင့်ရပါသည်။ ရှမ်းအမျိုးသား တူညီဝတ်စုံ ချုပ်ရန်အတွက် ငွေကြေးရှာဖွေကြရသည်။ ကျနော်တို့၏ တဖွဲ့လျှင် တဆယ့်ငါးယောက်စီ ရှိကြသော ရှမ်းအမျိုးသား၊ အမျိုးသမီးအဖွဲ့နှစ်ဖွဲ့သည် ပြည်ထောင်စုအလံတော်ကို ကိုက်တရာမျှသော ခရီး (ပြေးချိန်-အချိန်အားဖြင့် တမိနစ်ပင်မပြည့်) အတွက် ညီညီ ညာညာ လှလှပပ သယ်ယူနိုင်ရေးအတွက် တလမျှအချိန်ယူကာ လေ့ကျင့် ကြခြင်းဖြစ်သည်။ တနှစ်တည်းမဟုတ်၊ နှစ်စဉ်ဖြစ်ပါသည်။

ပြည်ထောင်စုနေ့မတိုင်မီနှင့် ပြီးသည်အထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ဌာနပေါင်းစုံက ပြခန်းများ ပြည်နယ်နှင့် တိုင်းအလိုက် ပြခန်းများဖြင့် ကြိတ်ကြိတ်တိုးစည်းကားသော ပွဲတော်ကြီးကို ကျင်းပပေးမြဲဖြစ်ပါသည်။ အလွန်များပြား လှသောငွေကြေးကို နိုင်ငံတော်က ကျခံသုံးစွဲ၍ ကျင်းပပေးပါသည်။ ပြည်ထောင်စုနေ့ကို အလေးအမြတ်ထားခြင်းဟု ကျနော်နားလည် မိပါသည်။

ပြည်ထောင်စုနေ့၏ အရေးပါပုံကို ထိုစဉ်က မှုန်းဝါးဝါးသာသိခဲ့သည်။ သမိုင်းကြောင်းအရ နိုင်ငံရေးအရ အလွန်အရေးကြီးသောနေ့အဖြစ် လောက်သာသိခဲ့ပါသည်။ ပြည်ထောင်စုနေ့၏ အကျိုး၊ အသီးအပွင့်အဖြစ် လွတ်လပ်ရေးရခဲ့သည်ဟုလည်း သိခဲ့ဖူးပါသည်။ ထိုစဉ်က မဟာဗန္ဓုလပန်းခြံထဲရှိ လွတ်လပ်ရေး ကျောက်တိုင်တွင် လွတ်လပ်ရေးနေ့သစ္စာအဓိဋ္ဌာန်များကို ကျောက်တိုင်ပေါ်တွင် ထွင်းထုရေးသားထားကြောင်း၊ လူကြီးများပြောသံကြား၍ ကျနော်သွားရောက်ကြည့်ရှုသောအခါ ကျောက်တိုင်ပတ်ပတ်လည်တွင် စိမ်းလန်းသော မြက်ခင်းပြင်များက ဝန်ရံထားကြပြီး၊ “မြက်ခင်းပေါ် မနင်းရ” ဟူသော စာတမ်းကြောင့် ကျနော် မဖတ်ခဲ့ရပါ။ ထိုအချိန်က ကျနော် မရောက်ဖူးသေးသော ရှမ်းပြည်နယ်တွင် တိုက်ပွဲတွေဖြစ်နေကြသည်ဟု သတင်းကြားရပါသည်။ ဗကပ တွေလည်းပါသည်။ ရှမ်းတွေလည်းပါသည်ဟု ကြားသိရပါသည်။ ဘာကြောင့်မှန်းတော့ ကျနော် သေသေချာချာ မသိခဲ့ပါ။ ပြည်ထောင်စုနေ့ကိုတော့ ကျနော်နေထိုင်ရာ ရန်ကုန်မြို့တွင် တခမ်းတနား ကျင်းပပေးနေပါလျက်နဲ့ ဖြစ်မှဖြစ်ရလေခြင်းဟုသာ ရေရွတ်ခဲ့ပါသည်။

ယင်းကာလက သတင်းစာများတွင် လူထုအားကစားလ သတင်းများကို ဖေါ်ပြရာ၌ ဆိုက်ကားဆရာများက ဆိုက္ကားပေါ်ထိုင်လျက် အနေအထားဖြင့် ကိုယ်လက်လူပ်ရှား အားကစားနေကြသည့် ပုံများကို ကျနော်တွေ့ ရပါသည်။ နွေရာသီကာလများတွင် အသုံးလုံးကြေ စာတတ်မြောက်ရေး သင်တန်းများတွင် ယက္ကန်းယက်မပျက် ယက္ကန်းယက်ရင်း စာသင်နေကြသောပုံများကိုလည်း ကျနော်တွေ့ဖူးပါသည်။ စိတ်ထဲတွင် ထူးဆန်းလှသည်ဟု ထိုမျှလောက်သာ ခံစားမိခဲ့ပါသည်။

သည်ဖက်ပိုင်း အသက်အရွယ်တွင် ကျနော်သည် ရှမ်းပြည်ဒေသ အတော်များများထိ ရောက်ခဲ့ပါသည်။ ဒေသခံလူထု၏ မွန်းကြပ်လှသောဘဝများကို တွေ့လာရပါသည်။ သူတို့အတွက် ကောင်းမွန်သော အခြေအနေများ ဖန်တီးရရှိနိုင်အောင် ဘယ်လို လုပ်ပေးနိုင်မလဲဟု စဉ်းစားတတ်လာခဲ့သည်။ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဟုလည်း တွေးတောတတ် လာပါသည်။ ဘယ်သူတဦးတယောက်က တိုက်တွန်း စည်းရုံးခြင်းကြောင့်လည်း မဟုတ်၊ ဝါဒတခုအတွက်ကြောင့်လည်းမဟုတ်ဘဲ ဖြစ်ပေါ်နေသော အခြေအနေများကြောင့်သာလျှင် မမျှော်လင့်ဘဲ နိုင်ငံရေးလောကထဲကို ရောက်လာရခြင်းဖြစ်သည်။ ကျနော်သည် ရန်ကုန်တွင်မွေး၍ ရန်ကုန်တွင် ကြီးပြင်းခဲ့သော ရှမ်းအမျိုးသားတယောက်ဖြစ်ပါသည်။ ဗမာလူမျိုးများ အကြားတွင် ကြီးပြင်းခဲ့သူလည်းဖြစ်ပါသည်။ ဗမာစကားပြောလျှင်ရှမ်းသံဝဲပြီး၊ ရှမ်းစကား ပြောလျှင် ဗမာသံဝဲသူဖြစ်ပါသည်။ ရှမ်းပြည်နယ်ရှိလူထုများ၏ ဘဝကို ကိုယ်ချင်းစာနာစွာဖြင့် ကူညီချင်သည့် ဆန္ဒသည် သူ့အလိုလို ပေါ်လာခြင်းဖြစ်ပါသည်။ ထိုမှတဆင့်တက်လျက် ပြည်ထောင်စုသားများအားလုံးအတွက် ဆောင်ရွက်ပေးလိုခြင်းကို ရောက်ရှိလာပါသည်။ နိုင်ငံရေးလောကထဲသို့ ကျနော်ကဲ့သို့ မအူမလယ်ဖြင့် ရောက်လာသူ အများအပြားရှိလိမ့်မည်ဟု ကျနော်ထင်ပါသည်။

ပြည်ထောင်စုဖြစ်ပေါ်လာပုံများ လွတ်လပ်ရေးရရှိလာပုံများကို စာအုပ်များတွင်သာ ဖတ်ဖူးခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရစဉ်က ကျနော် မမွေးသေးပါ။ နယ်ချဲ့အင်္ဂလိပ်ကိုလည်း ကျနော်မတွေ့ဖူးလိုက်ပါ။ ဖက်ဆစ် ဂျပန်ဆိုတာလည်း ကြားဖူးဖတ်ဖူးရုံဘဲရှိပါသည်။ ယနေ့တိုင် နိုင်ငံခြားသား မိတ်ဆွေ တယောက်မျှမရှိသေးပါ။ ကျနော်သည် လွတ်လပ်သော နိုင်ငံသားတယောက်အဖြစ် မွေးဖွားခဲ့သည်ဟု ကျနော်၏ အစ်ကိုအစ်မများရှေ့တွင် ကျနော့်မိဘများက အမြဲပြောဖူးပါသည်။ ကျနော့်မိဘများကို သတိရသောအခါတိုင်း ထိုစကားကိုလည်း အမြဲတမ်းပြန်လည် ကြားယောင်နေမြဲ ဖြစ်ပါသည်။ လက်ရှိ ကျနော့်ဘဝအခြေအနေနှင့်လည်း ဆက်စပ် တွေးတော ကြည့်မြဲဖြစ်ပါသည်။ ပြီးတော့ ကျနော့်ဇနီးအပါအဝင် ဘယ်သူ့ကိုမှ ကျနော်မှာ ဘယ်တော့မှ မပြောရန် ဆုံးဖြတ်ထားသော တိုင်တည်စကားများကို ဘုရားရှိခိုးတိုင်း ကျနော့်မိဘများထံ ကျနော်အမြဲ တိုင်ကြားလေ့ရှိပါသည်။

သည်ကနေ့ စစ်မှန်သော ပြည်ထောင်စုကို တည်ဆောက်ကြရန် ကျ နော်တို့ကြိုးစားကြသောအခါ ပြည်ထောင်စု၏ သဘောသဘာဝကို ပြန်စဉ်း စားကြည့်ပါသည်။ ပြည်ထောင်များကို စုစည်းခြင်း ဖြစ်သည့်အတွက် တခုထဲဖြင့် လုပ်မရ၊ အများကို စုစည်းရမည်သာဖြစ်ပါသည်။ သမိုင်းကြောင်းအရ သီးခြားစီ ဖြစ်ခဲ့သည်များကို စုစည်းခြင်းသာဖြစ်ပါသည်။ ထိုစုစည်းခြင်းတွင် ချစ်ကြည်ရေး၊ တန်းတူညီမျှရေး၊ အပြန်အလှန် လေးစားရေးများဖြင့် တည်ဆောက်ရမည်ဖြစ်ပါသည်။ ချစ်ကြည်ရေးကို တဦးထဲ တခုတည်းက မလုပ်နိုင်ပေ။ အနည်းဆုံးနှစ်ဦးရှိမှ ချစ်ကြည်ရေးကို လုပ်နိုင်ပေမည်။ ထို့အတူ တန်းတူညီမျှရေးနှင့် အပြန်အလှန် လေးစားရေးသည်လည်း မတူညီကြသော အခြေအနေများကို စုစည်းရာ၌ မရှိမဖြစ်ကျင့်သုံးကြရမည်ဖြစ်ပါသည်။

(၁၉၉၃)အမျိုးသားညီလာခံကာလက ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် နေထိုင်သော နိုင်ငံရေးသမားကြီးတဦးက ကျနော့်အား ”မင်းတို့တတွေ ခွဲထွက် ခွင့်ကိစ္စ မပြောကြနဲ့နော်”ဟု စိုးရိမ်ကြီးစွာဖြင့် သတိပေးပါသည်။ “ဟိုတုန်းက မင်းတို့လူကြီးတွေ စကားပြောမှားခဲ့လို့ ပွဲပျက်ခဲ့ရဖူးပြီးပြီ။ ဒီ တခါတော့ရှောင်ပါကွာ”ဟု ချော့မော့ ပြောပါသည်။ ကျနော်လည်း ရုတ်တရက် နှုတ်မစောင့်စည်းဘဲ၊ “အဲဒီ ခွဲထွက်ခွင့်ဆိုတာ၊ အဲဒီတုန်းက ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း(၁ဝ)မှာ ဖေါ်ပြထားတဲ့ ပုဒ်မ မဟုတ်လား”ဟု လွှတ်ကနဲ ပြန်ပြောလိုက်မိရာ ထိုဝါရင့်ပုဂ္ဂိုလ်ကြီးမှာ ကျနော့်အား နှုပ်မဆက်တော့ပဲ ချာကနဲလှည့်ထွက်သွားပါသည်။ ကျနော်က “ဟုတ်ကဲ့ပါ”ဟု တခွန်းထဲ ရှင်းရှင်းလင်းလင်း မပြောခြင်းအပေါ် သူစိတ်ပျက် သွားပုံရပါသည်။ လွှတ်ကနဲ အရဲစွန့်ပြောလိုက်ရသော ကျနော့်မှာလည်း ထိုပုဂ္ဂိုလ်၏ အပြုအမှုကြောင့် မလုံမလဲဖြစ်ကာ ကြောက်သလိုလိုရွံ့သလိုလိုဖြစ် သွားရသည်။ ထိုပုဂ္ဂိုလ်သည် ကျနော့်အား ဒုက္ခပေးနိုင်သော အခွင့်အာဏာ ရှိသူမဟုတ်ပေမယ့် အရိုးစွဲနေသောကြောင့်လားမသိ ကျနော် စိုးရိမ်သွားမိသည်။ ထူးဆန်းလှပါသည်။ ကျနော် သူ့စေတနာကို ကောင်းစွာနားလည် ပါသည်။ သူ့ကိုငြင်းပယ်ခြင်းလည်း မဟုတ်ပါ။ ငယ်ရွယ်သူက ကိုယ့်ထက် အသက်ကြီးသူကို အတွန့်တက်ကြည့်ခြင်းသာဖြစ်ပါသည်။ အခုတော့ ဘယ် နေရာတွင် မှားနေသည်ကို ကျနော်မသိပါ။

ကျနော်သိသလောက်တော့ ခွဲထွက်ရေးကို ကျင့်သုံးကြမည်ဟု စွပ်စွဲခံရသော ပုဂ္ဂိုလ်များသည် ဟို-(၁၉၄၇)ခုနှစ် ကာလတုန်းဆီက၊ တောင်တန်းဒေသနှင့် ပြည်မတို့ပူးပေါင်းရေး (ပြည်ထောင်စုထူထောင်ရေး)အတွက် ပင်လုံစာချုပ်ကြီး ဖြစ်မြောက်အောင်၊ အားကြိုးမာန်တက် တက်ကြွစွာဆောင်ရွက်ခဲ့ကြသောပုဂ္ဂိုလ်များနှင့် တအုပ်စုထဲဟု ကျနော်ထင်ပါသည်။ ပြည်ထောင်စုမှာ ပူးပေါင်းအောင် ဆောင်ရွက်ခဲ့သူများက ချက်ချင်း စိတ်ပြောင်း သွားသည်ဟုဆိုလျှင် မှန်နိုင်ပါမည်လား၊ ဘာများမှားနေတာလဲ၊ ဘာကြောင့်များလဲဟု ကျနော် သွားတွေးကြည့်နေမိပါသည်။ မိတ်ဆွေကကော ဘယ်လို သုံးသပ်မိပါလဲ။

ထိုကိစ္စအား ရှင်းလင်းခွင့်မပေးပဲ ဖယ်ဒရယ်မူဆိုတာ ခွဲထွက်ရေး မူဖြစ်သည်ဟု ထပ်ခါတလဲလဲ ပြောသံ ရေးသံကို ကျနော်ငယ်စဉ်မှ ကြီးသည်အထိ ကြားနားခဲ့ရပါသည်။ စင်စစ် ရှင်းပြခွင့်တော့ ရှိသင့်ပါသည်။ တာဝန်ရှိသူတွေ ရှင်းပြတာကို ကျနော်တို့ ဖတ်ချင်သိချင်ခဲ့ပါသည်။ ကျနော်ငယ်စဉ်က ရေနံဆီမီးခွက်ဖြင့် စာကြည့်ရပါသည်။ ကျနော့်မိဘများက ကျနော်မီးခွက်ကို ကိုင်ပြီး၊ ဟိုရွှေ့သည်ရွှေ့လုပ်လျှင် လုံးဝမကြိုက်ပါ၊ တားပါသည်။ မကိုင်ရ-ပြောတာကို ကျနော်ကလည်း လက်မခံနိုင်ပါ။ ထိုကြောင့် အဖေက ”မင်းလက် ကလှုပ်တယ်၊ မင်းကိုင်လို့ ရေနံဆီမီးခွက် မှောက်ကျသွားရင် တအိမ်လုံး မီးလောင်လိမ့်မယ်” ဟု ရှင်းပြပါသည်။ ကျနော် နားလည်သွားပြီး၊ ချက်ခြင်း လိုက်နာပါသည်။

အမျိုးသားညီလာခံသို့ တက်ရောက်ခွင့်ရသော နိုင်ငံရေးပါတီများ အရေအတွက်မှာ ပါတီတဆယ်ဖြစ်ပါသည်။ ထိုပါတီ တဆယ်တွင် ပါတီနှစ်ခု မှလွဲ၍ ကျန်ရှစ်ပါတီမှာ ရှမ်းပြည်နယ်တွင် စည်းရုံးရေးနယ်မြေ ဖွင့်လှစ်ထားသောပါတီများ ဖြစ်ကြပါသည်။ ရှမ်းပြည်နယ် အခြေစိုက်ပါတီမှာ ခြောက်ပါတီဖြစ်ပါသည်။ အခြား မွန်ပြည်နယ်၊ ချင်းပြည်နယ် စသည့်ပြည်နယ်များတွင် အခြေစိုက်သောပါတီများ မတက်ရောက်ရပါ။ ထိုကာလတွင်မှာပဲ ပုံနှိပ် ဖေါ်ပြထားသော ဆောင်းပါးတပုဒ်တွင် “အထက်လွှတ်တော်လို့ ခေါ်တဲ့ လူမျိုးစု လွှတ်တော်မှာ ပြည်နယ်တွေက ကိုယ်စားလှယ်အရေအတွက် အညီအမျှဘဲ စေလွှတ်ခွင့်ရကြမယ်ဆိုရင် ဗမာတွေကလည်း ကိုယ်စားလှယ်တချိုးသာ ရမှာမို့ လူနည်းစုဖြစ်တဲ့ လူမျိုးစုတွေက ပေါင်းပြီးတော့ လူများစုဖြစ်တဲ့ဗမာ ကိုယ်စားလှယ်တွေကို အနိုင်ယူရင် ဘယ်လိုလုပ်မလဲ” ဟူသော အဓိပ္ပါယ်မျိုးရသည့် အရေးမျိုးကို ရေးသားတာကို တွေ့ရပါသည်။ ပြည်ထောင်စုကို ဘယ်လို တည်ဆောက်ကြမလဲဆိုတာ မေးခွန်းကို ဖြေကြားရန် သင်ဘယ်လို စိတ်ကူးပါမည်လဲ။ သင့်ဖြေကြားချက်သည် ကျနော်တို့ ချစ်မြတ်နိုးသော ပြည်ထောင်စုကြီးအတွက် ဘယ်လောက်အထိ အကျိုးပြုမည်ကို သင် စဉ်းစားရန် ကျနော်က တိုက်တွန်းလိုပါသည်။

အမျိုးသားညီလာခံကာလမှာပင် နိုင်ငံရေးပါတီကြီးတခု၏ ညီလာ ခံကိုယ်စားလှယ်များနှင့် ကျနော်သည် ပုဂ္ဂိုလ်ရေးအားဖြင့် အတော်ပင် ရင်းနှီးခင်မင်ခဲ့ပါသည်။ တန်းတူညီမျှသော ပြည်ထောင်စု ဖွဲ့စည်းရေးကိစ္စကို စကားစပ်ရင်း ဆွေးနွေးကြသောအခါ ပြည်နယ်နှင့်တိုင်းကိစ္စ ရောက်လာပါသည်။ ယခင်က တိုင်းနှင့် ပြည်နယ်ဟူသော အသုံးအနှုံးကို ယခုအခါ ပြည်နယ်နှင့်တိုင်းဟု သုံးစွဲကြောင်း၊ ပြည်နယ်တွေကို ဦးစားပေးသည့်အနေဖြင့် တိုင်းကို နောက်တွင်ထားပြီး သုံးစွဲကြောင်းပြောဆိုပါသည်။ ထိုသို့ ဦးစားပေး ခြင်းခံရသည်ကို ပြည်နယ်ရှိ ပုဂ္ဂိုလ်များ၏ သဘောထားမည်သို့ရှိသည်ကို ကျနော့်အားမေးပါသည်။ ကျနော်ခေါင်းခါလိုက်သည်။ ပြီးတော့ ကျနော်က တိုင်းတွေ အများကြီးနဲ့ ပြည်ထောင်စုဖွဲ့စည်းတာကို နားမလည်ကြောင်း၊ ယခင်ပြည်ထောင်စုမဖွဲ့မီကတော့ ပြည်မဆိုတာ ဗမာပြည်ဖြစ်သည်။ “ယခု ဗမာပြည်နယ် ဘယ်မှာလဲ”ဟု ပြန်မေးသောအခါ ဘာမှမပြောတော့ပဲ ကျနော့်အား ခပ်စိမ်းစိမ်းကြီး စိုက်ကြည့်တာကို ခံလိုက်ရပါသည်။ လွှတ်ကနဲ ပြောလိုက်မိပြီးမှ ကျနော့်မှာဘာကြောင့်မှန်းမသိ ထုံးစံအတိုင်း ကြောက်စိတ် ကလေးတခုက စိတ်ထဲကို ရိပ်ကနဲ ဖြတ်သွားတာခံလိုက်ရသေးသည်။

ပြည်ထောင်စုကြီးတည်ထောင်ဖို့ ပြောစဉ်ကရော၊ လွတ်လပ်ရေး ရယူခဲ့စဉ်ကရော ကျနော်မပါဝင်ခဲ့သော်လည်း၊ ယနေ့ မပြီးဆုံးသေးသော ပြည်ထောင်စုတည်ဆောက်ရေးကာလမှာ လူလားမြောက်လာရသည့် အခြေ အနေကြောင့် ကျနော်တို့မှာ ရှောင်ထွက်သွားဖို့မစွမ်းသာပါ။ ယခုဆိုလျှင် ပြည်ထောင်စုကြီးကို တည်ထောင်ခဲ့သည်မှာ နှစ်ငါးဆယ်ကျော်ခဲ့ပြီ။ ရာစုနှစ်တဝက် ကျော်ခဲ့ပါပြီ။ ကိုယ့်နောက်က တိုင်းပြည်များက ကိုယ့်ကိုကျော် တက်ကုန်ကြပြီ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ထောင်သောနေ့ဖြစ်သည့် လွတ်လပ်ရေး ရသောနေ့က ကြွေးကြော်ခဲ့ကြသော သစ္စာအဓိဋ္ဌာန်များကို ယခုဖတ်ရသောအခါ ကြက်သီးမွှေးညှင်းများ ထလာရပါသည်။ အရင်က လူကြီးတွေ တကယ့်ကို ပြောခဲ့ကြပါလားဟု တွေးမိပါသည်။

လူကြီးတွေရဲ့ ပြည်ထောင်စုအမွေကို နောက်လူတွေက ဆက်လက် အကောင်အထည်ဖေါ်ကြရမည်ဟု ကျနော် နားလည်ပါသည်။ ကျနော်တို့ တိုင်းပြည်မှာ တက်ညီလက်ညီ လက်တွဲလုပ်ကိုင်နိုင်ဖို့ရာမှာ တန်းတူညီမျှသော ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးသည် အဓိကအကြောင်းတရားကြီးဖြစ်သည်ဟု ကျနော် လေးလေး နက်နက် ယုံကြည်ထားပါသည်။

နံနက်စောစော ကျနော် ရေဒီယိုဖွင့်လျှင် မြန်မာ့အသံက ပထမဆုံး ထုတ်လွှင့်ပေးသောသီးချင်းကို မရိုးနိုင်အောင် ကျနော် နားထောင် နေတတ်ပါသည်။
“ တရားမျှတ၊ လွတ်လပ်ခြင်းနဲ့ မသွေ -- ဒို့ပြည် ဒို့မြေ၊
များလူခပ်သိမ်းငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ၊ ဝါဒဖြူစင်တဲ့ပြည်--ဒို့ပြည်ဒို့မြေ၊
ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ အဓိဌာန်ပြုမလေ -- ထိန်းသိမ်းစို့လေ၊
ကမ္ဘာမကြေ-ဗမာပြည်-ဒို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ၊
ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ---”

ထိုသီချင်းကို ကျနော် လေးလေးနက်နက် နားထောင်ပါသည်။ လက်ရှိအခြေအနေနဲ့လည်း ဆက်စပ် ကြည့်ပါသည်။ ကျနော်တို့ အိမ်နီးနားချင်း နိုင်ငံတခုမှာ နံနက်စောစောတွင် သူတို့၏ နိုင်ငံတော်သီချင်းကို အသံချဲ့စက်ဖြင့် ဖွင့်ပေးသည်ဟု သိရပါသည်။ သီးချင်းသံကြားသည်နှင့် သူတို့နိုင်ငံသားများသည် ရောက်ရာအရပ်မှာ ငြိမ်သက်စွာ ရပ်လိုက်ကြပြီး အလေးပြု နားထောင်သည်ဟု ကြားဖူးပါသည်။ ကျနော်တို့ နိုင်ငံတွင်လည်း ဤမျှ အဓိပ္ပါယ်လေးနက်လှသော နိုင်ငံတော်သီးချင်းကို အလေးအနက်ထားကြရမည်။ ကျနော်တို့ အချင်းချင်းချစ်ကြည် လေးစားကြရပါမည်။ အပြန်အလှန် အကျိုးပြုကြရပါမည်။

ရှမ်းအမျိုးသားဝတ်စုံ အပြည့်အစုံ ဝတ်ထားသော လူတယောက် စည်းနဲ့ဝါးကို လက်တွင်ကိုင်တီးလျက် အလွန်ခက်ခဲလှသော မြန်မာသီးချင်းကြီးတပုဒ်ကို ပိုင်ပိုင်နိုင်နိုင်ကြီး သီဆိုနေတာကို မြန်မာ့ရုပ်မြင်သံကြားမှာ မြင်လိုက်ရတော့ ကျနော် အလွန်အံ့သြသွားပြီး “တယ်ဟုတ်ပါလား” ဟု ပြောမိပါသည်။ ပြီးတော့ ကျနော့်စိတ်ထဲမှာ ဗမာအမျိုးသားဝတ်စုံ အပြည့်အစုံ ဝတ်ထားသူတယောက်က ရှမ်းရိုးရာ ရှေးသီးချင်းတပုဒ်အား ပိုင်ပိုင် နိုင်နိုင်ကြီး သီဆိုနေတာကို မြင်ရရင် ကောင်းမှာပဲဟု တွေးမိလိုက်ပါသည်။

ဤဆောင်းပါးရေးနေရင်းက ဤနေရာအရောက်တွင် ဘာကြောင့် မှန်းမသိ ကျနော့်မှာ ကတုန်ကယင်နှင့် ရင်တုန်ပန်းတုန် ဖြစ်လာသောကြောင့် လူမသိအောင် ဣနြေ္ဒဆယ်ကာ ရေးလက်စ စာရွက်ကို ကမန်းကတန်း ခေါက်လိုက်ပြီး စာမူလာယူသူ မိတ်ဆွေထံသို့ အမြန်လှမ်းပေးလိုက်ပါသည်။ ။

စိုင်းညွန့်လွင်
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
၁၂ ဖေဖေါ်ဝါရီ ၂ဝဝဝ

No comments:

Post a Comment