တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ညွန့်ပေါင်းသတင်းလွှာ။ ယမုန်နာဆေးခန်း။ ၁၉၉၀ ရွေးကောက်ပွဲ။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ပုလဲသွယ်၊ နိုင်ငံရေး-စာမျက်နှာ။

Monday, March 2, 2009

၁၉၆၂ ခု ပြည်ထောင်စုမူနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ၊ ကချင်ပြည်နယ်ကိုယ်စားလှယ် ဒူးဝါးဇော်လွန်း။

အခမ်းအနားမှူး။ ။ ကချင်ပြည်နယ်ကိုယ်စားလှယ် ဒူးဝါးဇော်လွန်းက ထောက်ခံတင်ပြပါလိမ့်မယ်။

သြဘာသံများ

ဒူးဝါးဇော်လွန်း

နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များခင်ဗျား။ ဒီနှီးနှောဖလှယ်ပွဲ ကျင်းပရခြင်းဟာ ကျနော်များရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကြီးကို ဆန်းစစ်ရအောင်လို့ နိုင်ငံတော် ဝန်ကြီးချုပ်က စီစဉ်လိုက်ခြင်း ဖြစ်တယ်လို့ ယူဆမိပါတယ်။

အခုလို တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်ပေါင်းစုံ၊ နိုင်ငံရေးအဖွဲ့အစည်းအသီးသီး ခေါင်းဆောင်ပေါင်း စုံညီစွာ ဆုံမိကြခြင်းဟာ အကြောင်းမဲ့ ဆုံကြခြင်းမဟုတ်ပါ။ အကြောင်းရှိလို့သာ စုံညီစွာ ဆုံမိကြခြင်းဖြစ်ပါတယ်။ အနာတခုခုတော့ ဖြစ်နေပြီ။ ဒီအနာကို စောစောစီးစီး အချိန်မီ မကုဖြစ်လျှင် ဒုက္ခတွေ့ကြရတော့မယ်ဆိုတာကို တင်ကြိုမြင်တဲ့၊ မြင်မိတဲ့ နိုင်ငံတော် ဝန်ကြီးချုပ်က အနာတခြား ဆေးတခြားမဖြစ်ရလေအောင် မိသားစုဝင်တွေ ခေါ်ပြီး အနာနဲ့တည့်တဲ့ အားဆေး နည်းရှာရအောင်လို့ ဖိတ်ခေါ်ခြင်းဖြစ်တာဘဲလို့လည်း ယူဆမိပါတယ်။ ကျနော်များတတွေ ဒုက္ခတွေ့ရုံမက ကာလနာကျပြီး တရွာလုံး ပျက်နိုင်မယ့် ဘေးအန္တရာယ်ဆိုးကြီးကို အဝေးကမြင်မိပြီး ကာကွယ်တဲ့ဆေး ဖော်ဖို့စီစဉ်လိုက်သော ဝန်ကြီးချုပ်အား ကျနော်များ ကျေးဇူးမတင်ဘဲ မနေနိုင်ပါ။

ဤနှီးနှောဖလှယ်ပွဲကြီးဟာဖြင့် ပြည်ထောင်စုကြီးအတွက် အဘိုးမဖြတ်နိုင်တဲ့ အမြတ်ထွက်လိမ့်မယ်လို့ ယုံကြည်မိတဲ့အတွက် အလွန်လေးနက်လှသော နှီးနှောဖလှယ်ပွဲ ကြီးဟု လေးစားမိပါတယ်။

အနာတခုခုတော့ဖြစ်နေပြီဆိုတာ လူတိုင်းသိနိုင်ပါပြီ။ ဒီအနာဟာ ဘာအနာမျိုးလဲ၊ ဘယ်ကပေါ်လာတဲ့အနာလဲဆိုတာကို ဇစ်မြစ်ရှာပြီးမှ ဆေးကုရလွယ်ပါလိမ့်မယ်။ ပြည် ထောင်စုအတွင်းမှာ ပြည်ထောင်စုတခုလုံးကို ထိခိုက်စေတဲ့ အနာအဆာ ပေါ်လာလျှင် ဝိုင်းဝန်းကာကွယ် ကုစားဖို့ တာဝန်ရှိကြတဲ့အတိုင်း ပြည်နယ်များညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌကြီး၏ တင်ပြချက်များကို ထောက်ခံရင်း အနည်းငယ် ထပ်ဖြည့်တင်ပြလိုက်ပါတယ်။

ယခုအချိန်အခါမှာ ပြည်နယ်သားများဟာ မကျေမနပ်မှုများပြားလာပြီး ပြည်မသားများအပေါ် ထင်ယောင်ထင်မှား ဖြစ်လာတဲ့ ပွစိပွစိရောဂါဟာ တခြားအကြောင်းကြောင့်ပေါ်လာတာ မဟုတ်ပါဘူး။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ချမှတ်ခဲ့တဲ့ ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ယခုအမှန်တကယ် ဖြစ်တည်နေတဲ့ ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံဟာ များစွာကွဲပြား ခြားနားနေတာကြောင့်တကြောင်း၊ လွတ်လပ်ရေးမရမီ အချိန်နဲ့ လွတ်လပ်ရေး အရယူပြီးသော စပ်ကူးမတ်ကူးအချိန်တွင် တောင်တန်းဒေသ လူနည်းစုများဖြစ်သော ရှမ်း၊ ကချင်း၊ ချင်း အစရှိတဲ့ လူနည်းစုများက လွတ်လပ်ရေး ရတဲ့အခါ ဘယ်လို ပြည်ထောင်စုမျိုးကို ဖွဲ့စည်း၍ နေထိုင်လိုကြောင်း ဗမာ့ ခေါင်းဆောင်များကို မိမိတို့ဆန္ဒ အကြိမ်ကြိမ်ထုတ်ဖော်ခဲ့သော ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ အမှန်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံမှာ အတော်ကွဲလွဲနေခြင်းကြောင့်တကြောင်း ဝမ်းနည်းဖွယ် မကျေမနပ်မှုအမျိုးမျိုး ပေါ်လာခဲ့ပါတယ်။ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ချမှတ်ခဲ့တဲ့ ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ပြည်နယ်သားများလိုလားတဲ့ ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံမှာ အဓိကအခြေခံသဘောနဲ့တူညီကြတဲ့အတွက် များစွာ သဘော တိုက်ဆိုင်မှုဖြစ်ပါတယ်။

ပြည်နယ်သားလူနည်းစုများက ဘယ်လိုပုံစံမျိုး ပြည်ထောင်စု တည်လိုတယ်ဆိုတာကို လွတ်လပ်ရေးမရမီ (၁၉၄၇) ခု၊ ဖေဖော်ဝါရီလ၊ တောင်ပိုင်းရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံ၌ ဗိုလ်ချုပ်ခေါင်းဆောင်သော အမျိုးသားခေါင်းဆောင်များနှင့် လူနည်းစုခေါင်းဆောင်များတွေ့ဆုံ၍ လွတ်လပ်ရေးရလာတဲ့အခါ တန်းတူညီမျှရေးကို အဓိကအခြေခံထား၍ ပြည်ထောင်စုဖွဲ့စည်းရေး ဆွေးနွေးနားလည်မှုရရှိခဲ့ကြပါတယ်။ ပြည်ထောင်စုကြီး မွေးထုတ်သော အမျိုးသား ညီလာခံကြီးဖြစ်ခဲ့တယ်။ ရာဇဝင်တွင်လောက်သော ပင်လုံစာချုပ်ကိုလည်း ချုပ်ဆိုခဲ့ကြပါတယ်။ ၄င်းပြင် (၁၉၄၇) ဧပြီလ၊ မေမြို့၌ Dr. Reese William ခေါင်းဆောင်သော နယ်စပ်ဒေသ စုံစမ်းရေးကော်မတီ ရှေ့မှောက်တွင်လည်း ရှမ်း၊ ကချင်ကိုယ်စားလှယ်များက မိမိတို့ရဲ့လိုအင်ဆန္ဒကို မည်ကဲ့သို့အစစ်ခံကြောင်း၊ အဆိုပါကော်မတီရဲ့ အစီရင်ခံစာ၌ နယ်စပ်ဒေသများ၏ အနာဂတ်အရေး၊ ရှမ်းပြည်၊ ကချင်ပြည် တောင်တန်းနယ်များမှ သက်သေများသည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ပါဝင်သော ပြည်ထောင်စုအတွင်းရှိ မိမိတို့ ပြည်နယ်များအတွက် ကိုယ်ပိုင် အုပ်ချုပ်ရေးရရှိရန် ဆန္ဒရှိကြောင်း၊ သို့သော် အများနှင့်သက်ဆိုင်သောဌာနအချို့ကို ပြည်ထောင်စု ဗဟိုအစိုးရသို့လွှဲအပ်ရန် သဘောတူကြောင်း စသဖြင့် ရှမ်း၊ ကချင်များ၏ လိုအင်ဆန္ဒကို ပြခဲ့ကြပါတယ်။ တောင်တန်းသား လူနည်းစုများရဲ့ လိုအင်ဆန္ဒအရဆိုလျှင် ပြည်ထောင်စု စစ်စစ် ဖွဲ့စည်းရန်ပင်ဖြစ်ပါတယ်။ လွတ်လပ်ရေးမရမီ အချိန်များ၌ အင်္ဂလိပ်နယ်ချဲ့ရဲ့ သွေးခွဲစနစ်ကြောင့် လူနည်းစုများဟာ လူများစုဖြစ်သော ဗမာလူမျိုးများအပေါ် အထင်အမြင်မှားမှုများ ရှိခဲ့ကြပါတယ်။ လွတ်လပ်ရေး အတူရယူရအောင်လို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖိတ်ခေါ်စုစည်းတဲ့အခါ တွေဝေနေကြပါသေးတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကချင်အမျိုးသားခေါင်းဆောင်များ (၁၉၄၆)ခု နိုဝင်္ဘာလ(၂၉)ရက်နေ့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံကြတဲ့အခါ၌လည်းကောင်း၊ ပင်လုံညီလာခံတွင် လူနည်းစုခေါင်းဆောင်များနှင့် တွေ့ဆုံတဲ့အခါ ၌လည်းကောင်း၊ ဖဆပလ အဖွဲ့ချုပ် ပဏာမပြင်ဆင်မှုညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရေးဆွဲရမယ့်အခြေခံဥပဒေနဲ့ ပတ်သက်ပြီး လမ်းညွှန်ပြဌာန်းချက်များတွေ့ရှိသော အခါ၌လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ မှန်ကန်သော အမျိုးသားရေး ဝါဒဖြစ်သော (၁)တိုင်းရင်းသားလူမျိုးစုများရဲ့ တန်းတူရေး၊ (၂)လူမျိုးစုတိုင်း ရပိုင်ခွင့်အပြည့်အဝရရှိစေရေး၊ (၃)လူမျိုးစုများရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရေးကို ကျနော်များ ကြားသိလာကြတဲ့အခါ ချက်ချင်း စိတ်ပြောင်းလဲ၍ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဗမာခေါင်းဆောင်များကို အယုံကြီးယုံ၍ အားကိုး အားထား ပြုလာကြပါတယ်။ ရာဇဝင်တွင် မကြုံစဖူးအောင် အမျိုးသား စည်းလုံးညီညွတ်ခြင်း ရခဲ့ကြပါတယ်။

တိုင်းပြည်ပြုလွှတ်တော်ခေါ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲကြစဉ် အခါကလည်း ဗမာခေါင်းဆောင်များကို ဘယ်လောက် ယုံသွားသလဲဆိုတာတော့ ပုံပြီးအပ်တဲ့အထိ ဖြစ်ခဲ့ကြတာပါဘဲ။ တိုင်းပြုပြည်ပြုညီလာခံ ကျင်းပနေဆဲ အချိန်တွင် လူမသမာတစုရဲ့ လက်ချက်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ခေါင်းဆောင်အချို့ လုပ်ကြံခံရပြီး နောက်ပိုင်းတွင် အဆုံးသတ်ရေးဆွဲသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့တဲ့ မှန်ကန်သော အမျိုးသားရေးဝါဒနဲ့လည်း မညီညွတ်၊ လူနည်းစုများ လိုလားသောမူနဲ့လည်း ကွဲလွဲနေတာကို တစတစ တွေ့မြင်လာကြပါတယ်။ ဤဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို (၁၄)နှစ်ပါတ်လုံး ကျင့်သုံးလာတဲ့အခါ အခက်အခဲ အမျိုးမျိုး တွေ့ကြုံ၍ မပြည့်မစုံဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကျင့်သုံးလာတဲ့အခါ မူလအဓိကအခြေခံများ ပါမလာသောကြောင့် ‘မှန်းချက်နဲ့ နှမ်းထွက် မကိုက်’ ဆိုသလို ပြည်ထောင်စုရဲ့အနှစ်သာရ ကွယ်ပျောက်ပြီး ဆားမခပ်သောဟင်းလျာကဲ့သို့ ပေါ့ပျက်ပျက်ဖြစ်နေပါတယ်။ လွတ်လပ်ရေး ရခါစအချိန်တွင် လူနည်းစုများဟာ ဝမ်းသာမဆုံးဖြစ်ကာ မိမိတို့ ကံကြမ္မာကို မိမိတို့ဖန်တီးနိုင်တော့မယ်၊ ကိုယ့်ပြည်နယ်ရဲ့တိုးတက်ကြီးပွားမှု အစွမ်းကုန် လုပ်နိုင်တော့မယ်လို့ အားတက်ကြပါတယ်။ မျှော်လင့်ကြပါတယ်။ သို့သော် တနှစ်မှ နှစ်နှစ်သို့ တစတစ ကြာလာတဲ့အခါ မိမိတို့ မျှော်မှန်းချက်နဲ့ ကွာခြားလာသောအဖြစ်နဲ့ ရင်ဆိုင်ကြရသောအခါ မကြေမနပ်မှု ဖြစ်လာကြပါတယ်။ စိတ်ပျက်လာကြပါတယ်။ ဗမာပြည်မသားများနဲ့ ဆက်ဆံတဲ့နေရာမှာလည်း မကြာခဏ အဆင်မပြေမှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။ ပြည်မသားများက ပြည်နယ်သားများအပေါ် ဖိနှိပ်တယ်၊ ချုပ်ချယ်တယ်၊ ဝင်စွက်တယ်။ လူမျိုးကြီး ဝါဒကျင့်သုံးတယ်လို့ ထင်မြင်ကာ အတင်းအဖျင်း ပြောလာကြပါတယ်။

ထိုကဲ့သို့သော အမြင်မျိုးဟာ ကချင်တမျိုးထဲနဲ့သာဖြစ်တာ မဟုတ်ပါဘူး။ ရှမ်းလည်း ဖြစ်ပေါ်တယ်။ အခြား လူမျိုးတိုင်းလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးတယ်လို့စွပ်စွဲလျှင် ဗမာခေါင်းဆောင်များက “မဟုတ်ဘူး” လို့ ငြင်းဆန်ကြမှာဘဲ။ လူမျိုးကြီးဝါဒမရှိမှန်းကို ကျနော်များက ယုံကြည်ကြသော်လည်း လက်ရှိအခြေခံဥပဒေက လူမျိုးကြီးဝါဒကို ရှိအောင် ဖန်တီးပေးနေတယ် ဆိုတာကိုတော့ ငြင်းနိုင်ကြမယ်မထင်ပါ။ အခြေခံ ဥပဒေ ပုဒ်မ(၂၂၂)တွင် ဗမာဟာ ပြည်ထောင်စုအဖွဲ့ဝင်တဦးသာဖြစ်ရမယ် ဖြစ်သော်လည်း၊ အခြေခံဥပဒေပုဒ်မ(၈)အရ အခြားအဖွဲ့ဝင် ပြည်နယ်များ အပေါ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအနေနှင့် စိုးမိုး၍ အာဏာလွှမ်းမိုးထားခြင်းကို တွေ့ရပါလိမ့်မယ်။ ဤအချက်သည်ပင် လျှင် ပြည်မသားများကို လူမျိုးကြီးဝါဒ အတင်းထိုးပြီး ပေးသကဲ့သို့ဖြစ်စေ၍ လူမျိုးကြီးနဲ့ လူမျိုးငယ် နှစ်စားရှိအောင် ခွဲခြားစေသော အချက်ဖြစ်ပါတယ်။ ဒီအချက်သည်ပင်လျှင် တန်းတူရေး၊ မှန်ကန်သည့် အမျိုးသားရေးဝါဒနှင့် ဖီလာ ဆန့်ကျင်နေပါပြီ။ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဥပဒေရေးရှုဒေါင့်၊ အုပ်ချုပ်ရေးရှုဒေါင့်၊ အမျိုးသားရေး ရှုဒေါင့်က ကြည့်လျှင် အမျိုးသားလက္ခဏာမဆောင်၊ ချို့ယွင်းနေတဲ့အတွက် ယ္ခုအခါ အမျိုးသားများ စည်းလုံး ညီညွတ်မှုဟာ လျော့လျဲလာခြင်းဖြစ်ပါတယ်။ ကချင်ပြည်နယ်နဲ့သက်ဆိုင်သော အခြေခံဥပဒေ၌ အခြားပြည်နယ်များနဲ့ တမူထူးခြားပြီး လူမျိုးရေးခွဲခြား၍ အခွင့်အရေးကာကွယ်ပေးထား သောပုဒ်မများ ထည့်သွင်းထားတာကို တွေ့ရှိရပါတယ်။ ဒီအချက်ဟာလည်း အမျိုးသားရေးကိုမဆောင်၊ လူမျိုးရေးပဋ္ဋိပက္ခဖြစ်မှုကို အစဉ်ဖန်တီးပေးရာရောက်စေပါတယ်။

အထက်တွင် ဖော်ပြခဲ့တဲ့အတိုင်း လက်ရှိအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖွဲ့စည်းပုံဟာ ချို့ယွင်းချက် ပြည့်နှက်နေတဲ့အတွက် မကျေနပ်မှုတွေ၊ အထင်လွဲမှားမှုတွေ ပေါ်ထွက်လာပြီး အမျိုးသားများရဲ့စည်းလုံးမှုကို ထိခိုက် လျော့လျဲစေခဲ့ပါတယ်။ ဤအတိုင်းသာ ဆက်လက်သွားကြမယ်ဆိုရင် ပြည်ထောင်စုကြီးပြိုကွဲရန်ပင် စိုးရိမ်ပူပန်ခဲ့ပါတယ်။ အမျိုးသားစည်းလုံး ညီညွတ်မှုခိုင်မြဲ၍ ပြည်ထောင်စုကြီးတည်တံ့ရန်မှာ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုပါတယ်။ ပြင်တဲ့အခါမှာလည်း မှန်ကန်တဲ့အမျိုးသားရေး လက္ခဏာကိုဆောင်သော တန်းတူရေးနဲ့ ရပိုင်ခွင့် အပြည့်အဝရရှိရေးကို အဓိက အခြေခံထားလျက်(၁) ဗမာပြည်မကို ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်ဖွဲ့ရေး၊ (၂)လွှတ်တော် နှစ်ရပ်အား အာဏာတူပေးရေး၊ (၃)လူမျိုးစုလွှတ်တော်တွင် တူညီသော ကိုယ်စားလှယ်စေလွှတ်ရေး၊ (၄)အများနှင့် စပ်ဆိုင်သောဌာနတချို့ကို ဗဟိုအစိုးရသို့ အာဏာလွှဲအပ်၍ ကျန်အာဏာများ အားလုံးကို ပြည်နယ်၌ထားရှိရေး၊ (၅)ပြည်ထောင်စုဘဏ္ဍာတော်ကို မျှတစွာခွဲဝေရေး စသောအချက်များပါဝင်သည့် ပြည်ထောင်စု ကြန်အင်လက္ခဏာနှင့် ပြည့်စုံသည့် ပြည်ထောင်စု ပြုပြင်ဖွဲ့စည်းမှသာလျှင် အမျိုးသား စည်းလုံးညီညွတ်မှုကြီး ခိုင်မြဲမယ်၊ ပြည်ထောင်စုကြီးလည်း တည်တန့်မယ်လို့ တထစ်ချယုံကြည်ကြပါတယ်။

ကျနော်များ ဖက်ဒရယ်ခေါ်တဲ့ ပြည်ထောင်စုစစ်စစ် ပြန်လည်ဖွဲ့စည်းရန် အဆိုပြုခြင်းဟာ လူမျိုးရေးကို နှိုးဆွပေးခြင်း မဟုတ်ပါ။ (Confederation)ခေါ်တဲ့ အလွန်မြင့်မားတဲ့ ပြည်ထောင်စုဖွဲ့ရန် အရေးဆိုခြင်းတလည်း မဟုတ်ပါ။ အမျိုးသား စည်းလုံးညီညွတ်မှုကို တကယ်ရယူနိုင်သော ပြည်ထောင်စုစစ်စစ်ကို ဖွဲ့စည်းခြင်းသာ မှန်ကန်သည်ဟု ယုံကြည်ခြင်း ဖြစ်သည့်အတွက် တင်ပြရခြင်းဖြစ်ပါတယ်။

သြဘာသံများ

No comments:

Post a Comment