တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ညွန့်ပေါင်းသတင်းလွှာ။ ယမုန်နာဆေးခန်း။ ၁၉၉၀ ရွေးကောက်ပွဲ။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ပုလဲသွယ်၊ နိုင်ငံရေး-စာမျက်နှာ။

Monday, March 2, 2009

၁၉၆၂ ခု ပြည်ထောင်စုမူနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ၊ ပမညတ ကိုယ်စားလှယ် ဝိဓူရသခင်ချစ်မောင်။

(၁၊ ၃၊ ၁၉၆၂)ရက်နေ့ဆွေးနွေးပွဲမှ တင်ပြဆွေးနွေးချက်များ

သြဘာသံများ

ဝိဓူရသခင်ချစ်မောင်

အခမ်းအနားမှူး။ ။မစခင် ကျနော် စကား တခွန်းနှစ်ခွန်းလောက် အစီရင်ခံချင်ပါတယ်။

အခု ကျနော်တို့နှီးနှောဖလှယ်ပွဲမှာ တာဝန်ခံကိုယ်စားလှယ်အသီးသီး ပြောကြမယ့်စကားတွေဟာ အင်မတန်ဘဲ အရေးကြီးတဲ့ စကားတွေဖြစ်ပါတယ်။ အဲဒီတော့ ကျနော် စိတ်ကူးထားတာက ဒီလောက်အရေးကြီးတဲ့စကားတွေကို တနေ့ထဲ ပြွတ်သိပ်ပြီးတော့ အပြီးပြောလိုက်ခြင်းအားဖြင့် အကျိုးရှိလိမ့်မယ်လို့ ကျနော်မထင်ပါဘူး။

ဒီစကားတွေကို တနေ့ကို(၂)ဦးစီလောက်၊ (၂)ဦးစီလောက်၊ အဲဒီလို (၂)ရက်(၃)ရက် ခွဲပြီးတော့ ပြောမယ်။ ပြီးတော့ ပြောတဲ့နေ့တွေကိုလည်း ကြားထဲမှာ (၅)ရက်စီလောက် (၅) ရက်စီလောက် ခြားခြားပြီးတော့ ကျနော်တို့အခုလို ပေးသွားမယ်ဆိုလို့ရှိရင်ဖြင့် ပြောသွားတဲ့ အရေးကြီးတဲ့အချက်တွေကို နားထောင်နေတဲ့ကိုယ်စားလှယ်အသီးသီးကရော၊ တိုင်းပြည်ကရော အင်မတန်လေးလေးစားစား သူတို့လေ့လာနိုင်ဖို့ အချိန်ရလိမ့်မယ်လို့ ကျနော် ဒီလိုယုံကြည်ပါတယ်။
အဲလိုယုံကြည်တဲ့အတိုင်းဘဲ ဒီကနေ့ဆိုလို့ရှိရင် ကျန်သေးတဲ့ကိုယ်စားလှယ်(၅)ဦး ကို တကြိမ်ထဲ၊ တနေ့ထဲ၊ တခါထဲ အပြီးမပြောလိုက်စေဘဲနဲ့ ကျနော်ဒီကနေ့ ပထမ ပမညတ ကိုယ်စားလှယ်၊ ပြီးတဲ့အခါကျလို့ဆိုလို့ရှိရင် ဖဆပလ ကိုယ်စားလှယ်၊ နှစ်ဦးပြောပြီးတော့ ကျနော်တို့ ဒီကနေ့ နှီးနှောဖလှယ်ပွဲကို ခဏရုတ်သိမ်းထားချင်ပါတယ်။

ပြီးတဲ့အခါကျလို့ဆိုလို့ရှိရင်ဖြင့် ကြားမှာ (၅)ရက်ပေးပြီးတဲ့နောက် မတ်လ(၇)ရက် နေ့ကျတော့မှ (၆)နာရီ ဒီအချိန်မှာဘဲ ကျနော်တို့ ဒီနေရာမှာ ပြန်ပြီးတော့ နှီးနှောဖလှယ်ပွဲကို ပြန်လည်စတင်ကျင်းပပါ့မယ်။

အဲဒါကြောင့် အခု ပမညတ ကိုယ်စားလှယ် ကြွပြီးတော့ပြောပါ။

လေးစားအပ်သော သဘာပတိကြီးခင်ဗျား။ လေးစားအပ်သော ပြည်ထောင်စု လူမျိုးပေါင်းစုံ ညီတော် နောင်တော် ကိုယ်စားလှယ်အပေါင်းတို့ခင်ဗျား။ ပြည်ထောင်စု ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တည်ဆောက်ခဲ့တဲ့ လူမျိုးပေါင်းစုံ ချစ်ကြည်သွေးစည်းရေး ဗိမ္မာန်ကြီးဟာ ကျနော်တို့ရဲ့လက်ထက်မှာ အတော်ဘဲ ယိုင်နဲ့လျက် ရှိနေပါပြီ။

လူသားတို့ရဲ့ နောင်တခေတ်ဆိုတဲ့ နှစ်ပေါင်းနှစ်ဆယ် အစိပ်မျှပင် ဆက်လက် မထိန်းသိမ်းနိုင်တဲ့အတွက် မိဘအမွေကို မရိုသေတတ်တဲ့ သားဆိုးသမီးဆိုးများအဖြစ်နဲ့ ကျ နော်တို့အားလုံးဟာ ရာဇဝင်မှာ တာဝန်မကင်း ဖြစ်နေကြရပါပြီ။ တာဝန်ကို အချိန်မှီပြန် လည်ထမ်းဆောင်နိုင်ကြရန်အတွက် အခုလို လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲကြီးကို ကြီးစွာသော နောင်တ၊ နက်နဲသော မိသားစုစိတ်ဓါတ်နှင့် ကျင်းပရခြင်းဖြစ်တယ်လို့ ကျနော်တို့ လှိုက်လှဲစွာ ခံယူပါတယ်။
ကျနော်တို့အားလုံးဟာ တစိမ်းတရံဆံလူတွေမဟုတ်တဲ့အတွက် ကျနော်တို့ရဲ့ ပြဿနာကို ကျနော်တို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းနှင့် ဝေဖန်ဆွေးနွေးပါရစေ။ အမှားများ ရှိရင်လည်း နက်နက်နဲနဲဝန်ခံပါရစေ။ တယောက်ရဲ့ချို့ယွင်းချက်ကို တယောက်က မိသားစု စိတ်ဓါတ်နဲ့ ဖော်ထုတ်ဖွင့်ဟနိုင်ပါစေ၊ ပြုပြင်နိုင်ပါစေလို့ ကျနော်က ခုကတည်းက ကြိုတင် တောင်းပန်ပါတယ်။

ကျနော်တို့ပြည်ထောင်စုအတွင်းမှာရှိတဲ့ လူမျိုးစုများအားလုံးဟာ အတော်ဘဲ မကျေမနပ်ဖြစ်ပြီး လှုပ်ရှားထကြွလျက် ရှိနေကြပါတယ်။ ဗမာကလည်း ဗမာလိုမကျေနပ်ဖြစ်ပြီး၊ ကရင်ကလည်း ကရင်နည်းနဲ့ မကျေမလည်နဲ့ ရှမ်းကလည်း ရှမ်းလို ကျိတ်မနိုင်ခဲမရဖြစ်ပြီး ထို့အတူ အခြားလူမျိုးစုအသီးသီးတို့ကလည်း ကိုယ့်ဘဝ ကိုယ့်ဆန္ဒမပြည့်နိုင် ဖြစ်နေကြရပါတယ်။
ဒါတွေ ဘာကြောင့်ဖြစ်လာကြရသလဲဆိုတာကို နက်နက်နဲနဲ ပြန်ပြီးစစ်ဆေးဖို့ရန်ဟာ ပထမပြဿနာကြီးဖြစ်သင့်တယ်လို့ ကျနော်ယူဆပါတယ်။ ပြည်ထောင်စုစစ်စစ်မူ ဖွဲ့ စည်းရေးဆိုတာလည်း ‘အရင်းစစ် အမြစ်မြေက’ဆိုသလို ဒီ အထွေထွေ မကျေနပ်မှုကြီးကဘဲ အကြောင်းခံပေါက်ဖွားလာတယ်လို့ ယူဆပါတယ်။ ဒီပြဿနာကြီးဟာ ဥပဒေကြောင်း ရှာဖွေ ရုံမျှ၊ ဖွဲ့စည်းပုံဖွဲ့စည်းနည်းဆိုတဲ့ ပုံစံမှားလို့ဆိုရုံမျှနဲ့ ဘယ်နည်းနဲ့မှ ပြည့်ဝတဲ့စစ်ဆေးချက် မဖြစ်နိုင်ပါဘူး။ ဒီတော့ ပြည့်ဝတဲ့ စစ်ဆေးချက်ရရှိအောင် ကျနော်တို့ရဲ့ဘဝမှာ တကယ်တွေ့ထိ ခံစားလာရတဲ့ အဖြစ်မှန် ဘဝမှန် ရာဇဝင်အကြောင်း အရသာ တဆင့်ပြီးတဆင့် ပြန်လည်စစ်ဆေးသင့်ကြတယ်လို့ ကျနော်တို့ယူဆပါတယ်။

ကျနော်တို့ ပမညတရဲ့ အဆင့်ဆင့်သော စစ်ဆေးချက်များကို ဒီလိုတင်ပြပါရစေ။

၁။ ကျနော်တို့အချင်းချင်း မကျေနပ်မှု၊ မယုံကြည်မှုအခြေခံများဟာ မနေ့တနေ့ကမှစပြီး ဖြစ်လာတဲ့ကိစ္စမဟုတ်ပါဘူး။ ရှေးပဒေသရာဇ်ခေတ်၊ နယ်ချဲ့ခေတ်များကစပြီး နှစ်ပေါင်းများစွာ စုပုံလာခဲ့ကြတဲ့ အမွေဆိုး အနှစ်ဆိုးကြီးများဘဲ ဖြစ်ပါတယ်။

ကျနော်တို့လူမျိုးစုတွေ၊ ပြည်သူအချင်းချင်းတွေ စပ်ဟပ်လို့မရအောင် သွေးကွဲခဲ့မှုတွေ၊ ရန်သူလို မုန်းတီးမှုကြီးတွေ ဖြစ်အောင် ထိုးနှက်ဖျက်ဆီးခဲ့ကြသူတွေဟာ ခေတ်သစ် ခေတ်ဟောင်း ပဒေသရာဇ်တွေ၊ နယ်ချဲ့တွေရဲ့ ရာဇဝင်တလျှောက် လုပ်ခဲ့ကြတဲ့ လက်ချက်ကြီးတွေသာဖြစ်ပါတယ်ဆိုတာ ပထမဆုံး နစ်နစ်နာနာကြီး ကောက်ချက်ချထားဖို့ အလွန် အရေးကြီးပါတယ်။

ဒီလောက်ကြီးကျယ်တဲ့ ဟုတ်တိုင်းမှန်ရာ ရာဇဝင်ဖြစ်ရပ်ကြီးကို မေ့ပျောက်နေကြပြီး၊ အချင်းချင်းကိုဘဲ ရန်သူလိုထင်မှားပြီး စွပ်စွဲချေပနေကြမယ်ဆိုရင် ပြဿနာဟာ ဘယ်တော့မှ မပြေလည်နိုင်ပါဘူး။ ဗမာကြောင့်ဘဲ၊ ကရင်ကြောင့်ဘဲ၊ ရှမ်းကြောင့်ဘဲဆိုပြီး ရန်သူကို ရန်သူ့ဘောင်အတွင်းမှာမရှာဘဲ ရန်သူကို မိတ်ဆွေဘောင်တွင်းမှာဘဲ လှည့်ရှာပြီး အချင်းချင်းကို ရန်သူလိုထင်မှားနေသမျှ နောက်ဆုံး ရန်သူ့အကြိုက် ပြည်ထောင်စုကြီးပြိုကွဲရေးမှာဘဲ နိဂုံးချုပ်ကြရပါလိမ့်မယ်။

ကျနော်တို့ရဲ့ လူမျိုးပေါင်းစုံချစ်ကြည့်ရင်းနှီးရေးပြဿနာကို ဒီလောက်ကြီးမားတဲ့ ရာဇဝင်ဒုဒယ်အခြေခံပေါ်မှာမရှာဖွေဘဲ၊ (တနည်းအားဖြင့် ရန်သူမှန်းသိသည့်အခြေခံပေါ်မှာ အဖြေမှန်မရှာဖွေဘဲ)မိတ်ဆွေကို ရန်သူလုပ်ပြီးတော့ အဖြေရှာရင် ကျနော်တို့ ကနေ့ခံစားနေ ကြရပြီဖြစ်တဲ့ ဒုက္ခမျိုးထက် ကြီးကျယ်ပြင်းထန်တဲ့ဒုက္ခမျိုးတွေကို ဆက်လက်ခံစားကြရဦးမယ် ဆိုတာ ကျနော် အတိအလင်းဘဲ တင်ပြပါရစေ။

၂။ ပြည်ထောင်စုဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ လူမျိုးပေါင်းစုံ ချစ်ကြည် သွေးစည်းရေးကို ကျွန်ခေတ်မှာ နယ်ချဲ့ကို ရန်သူထားပြီး ရှာဖွေတည်ဆောက်ခဲ့ပါတယ်။ ဂျပန်ဖက်ဆစ်တို့ခေတ်မှာ ဖက်ဆစ်ဝါဒကို ရန်သူထားပြီး တည်ဆောက်ခဲ့ ပါတယ်။ စစ်ကြီးပြီး နောက် အမျိုးသားလွတ်လပ်ရေးတိုက်ပွဲကြီးမှာ ဗြိတိသျှနယ်ချဲ့သမားကို ရန်သူထားပြီး အပြင်းအထန် ကြိုးပမ်းတည်ဆောက်ခဲ့ပါတယ်။ ရန်သူကို ရန်သူလိုအခြေခံပြီး အဖြေမှန်ရှာဖွေခဲ့ကြခြင်းရဲ့ အောင်ပွဲအထွဋ်အထိပ်ဟာ (၁၉၄၇)ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှာ ချုပ်ဆိုခဲ့ကြတဲ့ ရာဇဝင်ကျော် ‘ပင်လုံစာချုပ်ကြီး’ဘဲ ဖြစ်ပါတယ်။

ရန်သူမှန်းသိတဲ့အချိန်မှာ အဖြေမှန်ထွက်တယ်ဆိုတဲ့ ရာဇဝင်သင်္ခန်းစာကြီးတရပ်ပါဘဲ။ ဒါကြောင့်လည်း နယ်ချဲ့သမားတို့ ဖက်မှာ ကြီးစွာအရှုံးထွက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း အပေါ်မှာ ဒင်းတို့ ကြီးစွာမကျေမနပ်ဖြစ်ခဲ့ရခြင်းဖြစ်ပါတယ်။

ရန်သူကို ရန်သူလိုသိတဲ့ ယနေ့နိုင်ငံတကာမှာရှိတဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေကို နယ်ချဲ့သမားများဟာ ခဏခဏ လုပ်ကြံသတ်ဖြတ်နေကြသကဲ့သို့ နယ်ချဲ့သမားနဲ့ နယ်ချဲ့လက်ပါးစေများဟာလည်း လူမျိုးပေါင်းစုံ သွေးစည်း ညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတဲ့တကွ ခေါင်းဆောင်ကြီးများကို ဦးဦးဖျားဖျား လုပ်ကြံ သတ်ဖြတ်ခဲ့ကြခြင်းဘဲ ဖြစ်ပါတယ်။

သူတို့ရဲသွေးနဲ့တည်ဆောက်ခဲ့တဲ့ လူမျိုးပေါင်းစုံသွေးစည်းညီညွတ်ရေးဟာ အမျိုးသားလွတ်လပ်ရေးအောင်ပန်းကို ဆင်မြန်းရရှိသည်ထိ တောင့်ခံနိုင်ခဲ့ပါတယ်။ သို့သော်လည်း ဗြိတိသျှနယ်ချဲ့သမားဟာ လုံးဝမကျေနပ်ခဲ့ပါဘူး။ အမျိုးသားညီ ညွတ်ရေးကို နည်းမျိုးစုံနဲ့ ဆက်လက်ဖြိုခွဲလျက်ပင်နေခဲ့ပါတယ်။ ‘လေဘာအစိုးရ’က ဗမာပြည်လွတ်လပ်ရေးဥပဒေကြမ်းကို ဘိလပ်ပါလီမန်မှာတင်စဉ်က ကမ္ဘာ့နယ်ချဲ့ခေါင်းဆောင်ကြီး ဗြိတိသျှဝန်ကြီးချုပ်ဟောင်း‘ဆာဝစ္စတန်ချာချီ’က“ဗမာပြည်ကို လွတ်လပ်ရေးပေးခြင်းဟာ ဗမာပြည်သူပြည်သားများအားလုံး သွေးချောင်းစီးစေခြင်းဘဲ ဖြစ်လိမ့်မယ်”လို့ အတိအလင်းဘဲ နိမိတ်ဖတ် ကြိမ်းဝါးခဲ့တာကို ကျနော်တို့ယ္ခုတိုင် ကြားယောင်နေကြပါလိမ့်ဦးမယ်။

အဲဒီလို ချာချီဟာ ကြိမ်းဝါးပြီး သူ့ရဲ့ Tulok တို့ Campbell တို့ဆိုတဲ့ သူသျှိုဒလန်တွေ၊ ပြည်တွင်းလက်ပါးစေတွေကို မွေးထုတ်ပြီး ကြီးစွာသောသူ့သြဇာနဲ့ လွတ်လပ်ရေးရပြီး ရက်ပေါင်း(၁ဝဝ)အတွင်းမှာဘဲ လူမျိုးပေါင်းစုံ လူတန်းစား ပေါင်းစုံပါဝင်တဲ့ ပြည်တွင်းစစ်ပွဲကြီးကို ဖန်တီးစေခဲ့တာဖြစ်ပါတယ်။

ဗြိတိသျှနယ်ချဲ့သမားတို့ရဲ့ စီမံကိန်းအတိုင်း ဗိုလ်ချုပ်အောင်ဆန်းတည်ဆောက်ခဲ့တဲ့ လူမျိုးပေါင်းစုံသွေးစည်းညီညွတ်ပွဲဟာ လူမျိုးပေါင်းစုံ ခုတ်ထစ်သတ်ဖြတ်နေကြရတဲ့ ပြည်တွင်းစစ်ပွဲကြီးအဖြစ်နဲ့ ဒီကနေ့တိုင်အောင် သွေးချောင်းစီးနေကြရခြင်း ဖြစ်ပါတယ်။

၃။ ကျနော်တို့ဟာ အဲဒီအချိန်ကစပြီး ရန်သူပျောက်ခဲ့ကြပါပြီ။ အချင်းချင်းကို ရန်သူထင်ခဲ့ကြပါပြီ။ ရန်သူပျောက်လေ အချင်းချင်းရဲ့ သွေးကိုသောက်လို့မဝလေဖြစ်ပြီး နောက်ဆုံး ဇာတ်တူသားချင်း စစ်ခင်းသတ်ဖြတ် ဟင်္သာကိုးသောင်း ဇာတ်ကို ခင်းနေကြတဲ့ဘဝကို ကျနော်တို့ လုံးဝရောက်နေကြရပါပြီ။

၎။ အဲဒီလိုအချိန်အခါမှာ အာဏာရ ဖဆပလပါတီအတွက် ရာဇဝင်မှာ တာဝန်အကြီးဆုံးအချိန်ပါဘဲ။ ‘မင်းနှင့်ပြည်သူ အမိုက်ချင်းတူရမည်’ဆိုတာ ဘယ်ရာဇဝင် ဘယ်ကျမ်း ဂန်မှာမှ မရှိစကောင်းပါဘူး။ ‘ပြည်သူတွေမမိုက်၊ မင်းတွေသာ မိုက်ရိုးထုံးစံရှိပြီး မင်းဆိုးမင်းညစ်များ’ဟူ၍သာ ရာဇဝင်မှာ ဒဏ်ခတ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ‘တပည့်မကောင်း ဆရာ့ခေါင်း’၊ ‘သားသမီးမကောင်း မိဘခေါင်း’၊ ‘တိုင်းပြည်မကောင်း အစိုးရခေါင်း’ ဟူ၍သာ အဖုံဖုံသော နီတိကျမ်းများမှာ အဆိုပြုခဲ့ကြပါတယ်။ ခေတ်သစ်နိုင်ံရေးကျမ်းဂန်များအရလည်း ‘ဒီမိုကရေစီအစိုးရတိုင်း တိုင်းပြည်ကို တာဝန်ခံရမယ်’ ဆိုတဲ့ကျင့်ထုံးအတိုင်း အစိုးရဟာ တာဝန်အရှိဆုံးဖြစ်ရပါလိမ့်မယ်။

ဒီလို (၁ဝ)နှစ် (၁ဝ)မိုး တာဝန်အရှိဆုံး ဖဆပလအစိုးရအတွက် ပြည်တွင်းစစ် ဗလောင်ဆူနေတဲ့ကာလမှာ ရန်သူကို မိတ်ဆွေထင် မိတ်ဆွေကို ရန်သူထားပြီး၊ တပါတီအာဏာရှင်နည်းရော၊ စစ်ဝါဒနည်းရော နည်းမျိုးစုံ အထွေထွေ ဖိနှိပ်ရေး လုပ်ငန်းကြီးကို ခပ်ကြမ်းကြမ်းပင် ဆောင်ရွက်ခဲ့ပါတယ်။

‘ငါနဲ့မတူ ငါ့ရန်သူ’ဆိုတဲ့ ကြွေးကြော်သံနဲ့ ငါနဲ့မတူတဲ့သူတွေဆိုရင် ပြည်နယ်/ပြည်မ မရွေးတော့ပါဘူး။ ဥပဒေတွင်း ပါလီမန်တွင်းက တရားဝင်လိုင်စင်ရ အတိုက်အခံကိုသော်မှ သက်သာခွင့်မပေးခဲ့ပါဘူး။ သေချင်စော်နံအောင် ခံခဲ့ကြရပါတယ်။ လေးလောင်းပြိုင်၊ ငါးလောင်းပြိုင် အသတ်ခံပွဲတွေနဲ့ ဦးအောင်သာတို့အပါအဝင် ပြည်နယ်/ပြည်မမရွေး ပူဇော်ပသခဲ့ကြရပါတယ်။

ကမ္ဘာ့ဒီမိုကရေစီထုံးတမ်းစဉ်လာအရ ကျင်းပခဲ့ကြရတဲ့ ရွေးကောက်ပွဲမှန်သမျှဟာ လည်း အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ပြည်နယ်/ပြည်မမရွေး သတ်ပွဲ၊ ဖြတ်ပွဲ၊ ဖမ်းပွဲ၊ ဆော် ပွဲ၊ မဲခိုးပွဲကြီးတွေအဖြစ်နဲ့သာ ဇာတ်သိမ်းခဲ့ကြရပါတယ်။ စီးပွားရေး လူမှုရေးတွေမှာလည်း ‘ငါနဲ့မတူ ငါ့ရန်သူ’တွေကို ဘေးချိတ်ပြီး ‘ငါနဲ့ တူတဲ့ ငါ့လူ’တွေကိုသာ ပြည်နယ်/ပြည်မ မရွေး အခွင့်ထူးခံ လူတန်းစားတရပ်အဖြစ်နဲ့ ပြောင် ပြောင်ကြီး ဖန်တီးခဲ့ကြပါတယ်။ ဒါတွေဖြစ်လာတော့ သွေးခွဲရေး တစ္ဆေကြီးဟာလည်း မြိုင်မြိုင်ဆိုင်ဆိုင် သွက်သွက် လက်လက်ကြီး ဝင်ရောက်ကျက်စားလာပါတော့တယ်။ ဗမာ(၆)ကွဲ၊ ကရင်(၄)ကွဲ၊ ရှမ်း(၃)ကွဲ၊ ကချင်-ချင်း(၂)ကွဲ၊ ရခိုင်(၅)ကွဲ၊ မွန်(၃)ကွဲဟူ၍ အကွဲမျိုးစုံအောင် သွေးခွဲခဲ့ကြပါတယ်။

အချို့ပြည်နယ်များမှာဆိုရင် ပဒေသရာဇ်အာဏာပိုင်တွေနဲ့ပေါင်းပြီး ပြည်သူတွေကို အများကြီးနှိပ်စက်ခဲ့ကြပါတယ်။ ဒါတွေကို ကျနော်တင်ပြနေရတာဟာ အတိတ်ကို အငြိုးနဲ့ ပြန်ပြီးတူးဖော်နေတာ မဟုတ်ပါဘူး။ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုနဲ့ ခေါင်းဆောင်ကြီးဦးကျော်ငြိမ်းတို့ကိုလည်း ပညာရှိပီပီ အနည်းနဲ့အများဆိုသလို ဝန်ခံပြောဆိုကြပြီးပါပြီ။ ကျနော်တို့အားလုံး ရာဇဝင်သင်္ခန်းစာအဖြစ်နဲ့သာ အလေးအနက်ခံယူနိုင်ကြဖို့ အလွန်သန့်ရှင်းတဲ့ဓမ္မဒိဋ္ဌာန် စေတနာနဲ့ ကျနော် ပြန်လည် တင်ပြနေခြင်းသာဖြစ်ပါတယ်။

၅။ အဲဒီအဆင့်အခြေအနေရောက်လာတဲ့အခါမှာ လူမျိုးစုံသွေးစည်းညီညွတ်ရေးဟာ ပြိုကွဲသည်ထက် ပြိုကွဲလာပြီး ‘နွားကွဲတော့ ကျားကိုက်’ ဆိုတာလို အမေရိကန်နယ်ချဲ့သမား-ကူမင်တန်ကျူးကျော်ရေးစစ်တပ်များဟာ ပြည်ထောင်စု အရှေ့ခြမ်းနဲ့ အရှေ့မြောက် ပိုင်းဒေသအားလုံးလိုလိုကိုဘဲ လက်ရဲဇက်ရဲနဲ့ ကျူးကျော်သိမ်းပိုက်လာကြသည်အထိ ဖြစ်ပေါ် လာခဲ့ပါတယ်။ အမေရိကန်နယ်ချဲ့တို့ရဲ့ ဗမာပြည်အပေါ် ကျူးကျော်မှုကြီးဟာ ပြောင်ပြောင်ကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် လူမျိုးစုအချင်းချင်းတွေ အကွဲကွဲအပြဲပြဲနဲ့ အားနည်းနေတဲ့ဘဝကြီးမို့ ကျနော်တို့ ဖဆပလ အစိုးရဟာ ရန်သူကို မိတ်ဆွေလုပ်ပြီးတော့ ဒီပြဿနာကိုဖြေရှင်းဖို့ အကူအညီတောင်းခဲ့ရပါတယ်။ “အမျိုးအမည်မသိသော နိုင်ငံခြားတပ်တွေ ဗမာပြည်မြေပေါ်ရောက်နေပါတယ်”လို့ “အိမ်ပေါ်တက်လာတဲ့ သူခိုး”ကို “သားမတ်လောင်းပါ”လို့ ပြောပြီး၊ ကမ္ဘာ့ကုလသမဂ္ဂမှာ လိမ်ပြီးကြေညာခဲ့ရပါတယ်။

အဲဒီအခါမှာ ‘ဆဲလေ ကဲလေ၊ မန်းလေ ပြဲလေ’ဆိုတဲ့အတိုင်း အမေရိကန်နယ်ချဲ့သမားခေါင်းဆောင်တဲ့ ‘ဆီးတိုး’ စစ်အုပ်စုက နောက်ဆုတ်မသွားဘဲ သာလို့ပင် ရောင့်တက်ပြီးတော့ အခုအခါ အားလုံးသိနေကြပြီးဖြစ်တဲ့အတိုင်း ဖုံးထားစရာ မလိုတော့ပါဘူး။ လက်နက်ကိုင်တိုက်ခိုက်နေကြတဲ့ လူမျိုးစုများအတွင်းမှာဘဲ ဗမာအချို့၊ ကချင်အချို့၊ ရှမ်းအချို့၊ ကရင်အချို့နဲ့ မွန်အချို့တို့အတွင်းမှာပင် တိတိလင်းလင်း ထိုးဖောက်စည်းရုံးလာကြပါတယ်။

“ဗမာလူမျိုးကြီးဝါဒကို မကြောက်ဘူးလား”၊ “ဗမာကွန်မြူနစ်ဝါဒကြီးကို မ ကြောက်ဘူးလား”နှင့် တစ္ဆေအမျိုးမျိုးခြောက်ပြပြီး လက်နက်ငွေကြေးအဖုံဖုံနဲ့ ထိုးနှက်ပြီး နယ်ချဲ့ရဲ့တန်ပြန်တော်လှန်ရေးအခြေခံစခန်းတွေကို အခိုင်အမာ ချမှတ်လာကြပါပြီ။ နွားကွဲလေ ကျားဆွဲလေ ဖြစ်ကုန်ကြပါပြီ။ ဒီအခြေအနေကို ကျနော်တို့ မသိချင်ယောင်ဆောင်လို့၊ အားနာနေလို့ မဖြစ်တော့ပါဘူး။ အခြေအနေကို အလေးအနက်အသိအမှတ်ပြုပြီး ပြဿနာကို ရဲရဲကြီး ရင်ဆိုင်ဖြေရှင်းရပါလိမ့်မယ်။

၆။ အဲဒီလိုအခြေအနေဆိုးတွေကို ဆိုက်လာအောင် တဟုန်တည်း တွန်းပို့လိုက်တာဟာ ပြည်ထောင်စုစစ်စစ် ဖွဲ့ခဲ့မိတာ/မဖွဲ့ခဲ့မိတာဆိုတဲ့ ပုံစံပြဿနာဟာ အရင်းခံလား၊ ကမ္ဘာနဲ့ချီပြီး နိုင်ငံတကာ လျှောက်ဒုက္ခပေးနေတဲ့ အမေရိကန် နယ်ချဲ့ဂိုဏ်းကြီးရဲ့ ပယောဂနဲ့ အုပ်စိုးသူတွေရဲ့ သဘောထားမှား၊ လုပ်ချက်မှားဟာ အရင်းခံလားဆိုတာ သဘောပေါက် ရှင်းလောက်တန်ပါရက်နဲ့ ကျနော်တို့ဟာ မရှင်းခဲ့ပါဘူး။

နယ်ချဲ့သမားတွေရဲ့ဝင်ရောက်စွက်ဖက်မှုကြီးတွေနဲ့တကွ ဒီကနေ့တိုင်အောင် (၁၄) နှစ်လုံးလုံး လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပါဝင်သွေးချောင်းစီးနေကြရတဲ့ ပြည်တွင်းစစ်ပွဲကြီးကို ကွယ်ပျောက်ပစ်ပြီး အခြေခံဥပဒေစာအုပ်ထဲက ပုံစံတခုတည်းကြောင့်သာလို့ ဇွတ်အငြင်းပွားပြီးနေကြမယ်ဆိုရင် ဘယ်နည်းနဲ့မှ သဘာဝကျတဲ့၊ ဓမ္မဒိဋ္ဌာန်ကျတဲ့ စစ်ဆေးချက် မဖြစ်နိုင်ပါဘူး။

အဲဒီလို ဆိုခဲ့တဲ့အခြေအနေဆိုးများကသာ ဗမာလူမျိုးစုတခုလုံးကို ရှမ်းလူမျိုးစုတခုလုံးက ရန်သူထင်စေခဲ့ပါတယ်။ ရှမ်းလူမျိုးစု၊ ကရင်လူမျိုးစု၊ ကချင်လူမျိုးစုတခုလုံးကိုလည်း ဗမာလူမျိုးစုက ရန်သူထင်စေခဲ့ပါတယ်။ အဲဒီလိုနဲ့ လူမျိုးကြီးဝါဒ၊ လူမျိုးငယ်ဝါဒတို့ရဲ့ ပဋိပက္ခကို လွန်စွာပြင်းထန်စေခဲ့ပါတယ်။

၇။ နောက်ဆုံး ‘ကရင်တကျပ်-ဗမာတကျပ်’၊ ‘ရှမ်းတကျပ်-ဗမာတကျပ်’ဆိုတဲ့ ကြွေးကြော်သံတွေဟာ မိုးမွှန်လာပြီး ကွဲအက်ရေး၊ ခွဲထွက်ရေးအသံတွေဟာလည်း ဆူတက်လာခဲ့ပါတယ်။ နယ်ချဲ့သမားများအတွက် ‘မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ’ ဖြစ်လာပါတယ်။ နယ်ချဲ့အန္တရာယ်တွေ ပတ်ချာဝိုင်းနေတဲ့ ဒီနေ့ကမ္ဘာမှာ တိုင်းပြည်တိုင်း ပိုမိုသိပ်သည်းစွာ စုစည်းရေးကြိုးစားနေရတဲ့ကာလမှာ ဗမာပြည်ထောင်စုက ကွဲအက်ရေး၊ခွဲထွက်ရေးအသံတွေဟာ နယ်ချဲ့တို့အတွက် ဘင်သံ၊ ခရာသံများအဖြစ်နဲ့ ကြိုဆိုသကဲ့သို့ဖြစ်စေခဲ့ပါတယ်။

အချို့သော လက်ဝဲအယူသည်းသမားတွေကလည်း ကွဲအက်ရေး၊ခွဲထွက်ရေးတရား တွေနဲ့ ‘မီးလောင်ရာ လေပင့်’ လုပ်နေကြပါတယ်။ ဒီလိုဖြစ်ရတဲ့အတွက် ဗမာပြည်လူမျိုးစုကြီးနှင့် ဗမာပြည်အစိုးရအတွက် တာဝန်မကင်းဖြစ်ရလေခြင်းလို့ ကျနော်တို့ များစွာ ယူကြုံးမရ ဖြစ်ရပါတယ်။ ရိုးသားလှတဲ့ နောင်တော်လူမျိုးစုများအတွက် ကျနော်တို့ များစွာစိတ်ထိ ခိုက်မိပါတယ်။ ပြည်ထောင်စုကြီးရယ်လို့ ဖွဲ့ပြီးတဲ့နောက် လူမျိုးစုများရဲ့အကျိုးစီးပွားအတွက် ရာဇဝင်မှာ ပြောပလောက်အောင် ဘာတခုမှ ဆောင်ရွက်မပေးရသေးမီ စိတ်ဝမ်းအကွဲကြီးကွဲ ရလေခြင်းလို့ များစွာအသဲနာမိပါတယ်။ တနည်းအားဖြင့် ရန်သူကလည်း လက်ဦးလေခြင်းလို့ ကျနော်တို့ရဲ့ ညံ့ဖျင်းပုံဘဝ များကိုများစွာ ဒေါသဖြစ်မိပါတယ်။

၈။ အခုတော့ ပြည်ထောင်စုစစ်စစ်ဖွဲ့စည်းရေးဆိုတာ ပေါ်လာပါပြီ။ ဒီပြဿနာဟာ အခုမှ မိုးပေါ်ကကျ ပေါ်လာတဲ့ ပြဿနာ မဟုတ်ပါဘူး။ ကျနော် ရှည်လျားစွာတင်ပြလာခဲ့တဲ့ ရာဇဝင်သမိုင်းကြီးရဲ့ဖြစ်စဉ်အတွင်းမှာ ပေါ်ပေါက်လာတဲ့ နောက်ဆုံး ရေပွက်တခုမျှသာ ဖြစ်ပါတယ်။ ဒီပြဿနာမှာ မျက်နှာနှစ်ဖက်ရှိပါတယ်။ တဖက်က ဒီလိုဖြစ်ခဲ့ရတာတွေ အကုန်လုံးဟာ ပြည်ထောင်စုစစ်စစ် မဖွဲ့မိခဲ့လို့ဆိုတဲ့ ရိုးသားတဲ့လူမျိုးစုများရဲ့ ပုံစံအပေါ်မှာကောက်ချက်ချတဲ့ ပြည်သူ့မျက်နှာနဲ့ ‘လကွယ်သန်းခေါင် မိုးမှောင်တောအုပ်’ဆိုတဲ့ကာလဆိုးကြီးထဲမှာ ပြည်ထောင်စုစစ်စစ်ဖွဲ့ရန် တောင်းဆိုစေပြီး ‘မရရင် ခွဲထွက်ခဲ့ကြ’ဆိုတဲ့ နယ်ချဲ့ရဲ့မျက်နှာရယ်လို့ ကျနော်တို့ ဒီလို မျက်နှာနှစ်ဖက်ကို တချိန်ထဲမှာ ထင်ထင်ရှားရှား စစ်ဆေး တွေ့နေရပါတယ်။

၉။ ဒါကြောင့် ပြည်ထောင်စုစစ်စစ်ဖွဲ့စည်းရေးဆိုတဲ့ တောင်းဆိုချက်ကို ပြည်သူ့ မျက်နှာဖက်၊ ရိုးသားသော လူမျိုးစုများရဲ့ မျက်နှာဖက်က ပုံစံပြဿနာအဖြစ်နဲ့ တင်ပြတာကို ကျနော်တို့တတွေဟာ ညီအကိုရင်းချာ မိသားစုစိတ်ဓါတ်နဲ့ စိတ်ရှည်ရှည် ဇွဲကောင်းကောင်း နဲ့ ယုံယုံကြည်ကြည်ဖြေရှင်းညှိနှိုင်းရန် လိုပါတယ်။ သို့သော်လည်း တဖက်က နယ်ချဲ့မျက်နှာဖြစ်တဲ့ ပြည်ထောင်စုပြိုကွဲရေးပြဿနာ ကိုတော့ ပြတ်ပြတ်သားသားဘဲ ရင်ဆိုင်ခုခံကြရလိမ့်မယ်လို့ ကျနော်တို့ယူဆပါတယ်။

သဘာပတိကြီးခင်ဗျား။ ကျနော်တို့ညီအကို လူမျိုးစုများအတွင်း အထွေထွေမ ကျေနပ်မှုကြီးဟာ နောက်ဆုံး ပြည်ထောင်စုစစ်စစ် ဖွဲ့စည်းရေးမူ တင်ပြတောင်းဆိုလာသည်အထိ ဘယ်လို အတိတ်-ပစ္စုပ္ပန် ဖြစ်စဉ်များအတွင်းမှေ ပ်ါပေါက်လာသည်ကို ရန်သူ/မိတ်ဆွေ ခွဲပြီး ကျနော် တင်ပြခဲ့ပြီးပါပြီ။

အခုဒုတိယအချက်အဖြစ်နဲ့အခုလိုအခြေအနေမှာ ‘ရှမ်းမူ’ခေါ်ခေါ်(သို့)‘ပြည်နယ်များ ညီညွတ်ရေးအဖွဲ့မှ တင်ပြတဲ့မူ’ ခေါ်ခေါ်၊ ပြည်မရဲ့ခေါင်းဆောင်မှုကို အခြေခံပြီး၊ ပြည်ထောင်ဖွဲ့စည်းရေးမူကို ပယ်ဖျက်ပြီး၊ Confederation ဆန်တဲ့ ပြည်ထောင်စုစစ်စစ်မူကို ဖွဲ့စည်းခဲ့ပါလျှင် စေတနာမမြောက်သော်လည်း ကာယကံမြောက်အားဖြင့် ပြည်ထောင်စု ပြိုကွဲရေးသာ ဖြစ်လိမ့်မယ်ဆိုတာကို ကျနော်တို့က လုံလောက်တဲ့အကြောင်းအချက်များနဲ့ ညှိနှိုင်းတင်ပြပါရစေ။

၁။ တန်းတူညီမျှမှု အခြေခံနှင့် ပြည်နယ်များအား ပေါင်းစုဖွဲ့စည်းထားခြင်းကို ပြည်ထောင်စုဟု ခေါ်ပါသည်။
အဲဒီစာကြောင်းဟာ နိုင်ငံရေးသိပ္ပံကျမ်းတိုင်းမှာ ပါလေ့ရှိတဲ့ ယေဘူယျအဓိပ္ပါယ် ဖော်ပြချက်ဖြစ်ပါတယ်။ သို့သော်လည်း အဲဒီသဘောတရားကို လက်တွေ့အကောင်အထည် ဖော်ဖို့ကျတဲ့အခါမှာ ကမ္ဘာပေါ်မှာဒီကနေ့ရှိနေကြတဲ့ ပြည်ထောင်စု နိုင်ငံတိုင်းဟာ ဆိုဗီယက်၊ အမေရိကန်၊ ဆွီဇာလန်၊ ကနေဒါ၊ သြစတြေးလျ၊ တောင်အာဖရိကစသဖြင့် မိမိတို့နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးအခြေအနေများအရသာ ပုံစံအမျိုးမျိုး၊ နည်းအမျိုးမျိုး၊ ရာဇဝင်ဖြစ်စဉ် အမျိုးမျိုးနဲ့ ချဉ်းကပ် အကောင်အထည် ဖော်လေ့ရှိကြပါတယ်။ ပြည်ထောင်စုတိုင်းရဲ့အခြေခံအင်္ဂါ တူကြပေမယ့် လက်တွေ့ဖြစ်စဉ်နဲ့ ပေါင်းစည်းပုံ လက္ခဏာများဟာ မတူကြပါဘူး။ ဒါဟာ ရာဇဝင်သက်သေကြီးပါဘဲ။

သဘောတရားက ဒီလိုဆိုတဲ့အတွက် ဒီနိုင်ငံမှာ ဒီလိုဘဲ တပုံထဲ၊ တနည်းထဲ ဖြစ်ရမယ်ဆိုတာ မဟုတ်ပါဘူး။ ဆိုဗီယက်မှာ ဆိုဗီယက်အခြေအနေနဲ့ ဆိုဗီယက်နည်းအရသာ ဖွဲ့ထားပါတယ်။ အလားတူ အမေရိကန်ပြည်ထောင်စုမှာလည်း အမေရိကန်ပြည် ရာဇဝင်ဖြစ်စဉ်အရ တချိုးထဲတချီထဲမဟုတ်ဘဲ အဆင့်ဆင့်တိုးချဲ့ဖွဲ့စည်းလာခဲ့ကြပါတယ်။ အလားတူ အခြေခံပြည်ထောင်စုနိုင်ငံများမှာလည်း သူတို့ရဲ့ဘဝအခြေအနေအရ လက်တွေ့မျက်မှောက်ပြုပြီးတော့ ချဉ်းကပ်ပုံ အမျိုးမျိုးနဲ့ ဖွဲ့စည်းခဲ့ကြပါတယ်။ ကမ္ဘာပေါ်မှာ လူအချင်းချင်း ခေါင်းပုံဖြတ်မှု ကင်းပြီး တန်းတူညီမျှ ဆိုရှယ်လစ်စနစ် ဘဝမှာဖြင့် ပြည်ထောင်စုစစ်စစ်အဖြစ်ဆုံးဆိုတဲ့ ဆိုဗီယက်ယူနီယံမှာကိုဘဲ အခုအသစ်ရေးဆွဲတဲ့ ပြည်ထောင်စု အုပ်ချုပ်ရေးစည်းမျဉ်းသစ်နှင့် ဆိုပါလျှင် (၄)ခုရှိပါလိမ့်မယ်။ (၁၉၁၈)ခုနှစ် ဇူလိုင် Constitution ၄င်းနောက်(၁၉၂၄)ခုနှစ် Constitution ၄င်းနောက် (၁၉၃၆)ခုနှစ် စတာလင် Constitution နှင့်ယ္ခုရေးနေဆဲ Constitution အသစ်တို့ဘဲ ဖြစ်ပါတယ်။

အဲဒီ ရာဇဝင်သက်သေများအရ ကျနော်တို့ပြည်ထောင်စုကိုလည်း ကျနော်တို့ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများဟာ လူမျိုးပေါင်းစုံနေထိုင်ရာနိုင်ငံရဲ့ ရာဇဝင်ဖြစ်စဉ်အရ ပေါင်းလည်းပေါင်းနေကြရန်နှင့် ညီလည်း ညီညွတ်ကြရန်ဟူ၍ လက်တွေ့ ဘဝတောင်းဆိုချက်များအရ အမြော်အမြင်ကြီးစွာနှင့် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ပါတယ်။

‘ပေါင်းသာပေါင်း၍ မညီညွတ်ကြရန်’မဟုတ်ဘဲ ‘ပေါင်းလည်းပေါင်းကြ ညီလည်း ညီညွတ်ကြ’မူများနဲ့ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၄င်းကို ရက်ပေါင်း(၁ဝဝ)ပြည့်အောင်ပင် ငြိမ်းချမ်းစွာမစမ်းသပ်ရသေးမီ၊ ရန်သူကို မိတ်ဆွေလုပ်-မိတ်ဆွေကို ရန်သူထင်ပြီး ပြည်ထောင်စုတခုလုံး ပွက်ပွက်လန်အောင် ပြည်တွင်းစစ်မီးကြီး တောက်လောင်ခဲ့တာပါဘဲ။ ဒီကနေ့ထိပါဘဲ။ ‘ကမ္ဘာမီးလောင် သားကောင်ချနင်း’ဆိုတဲ့ ဘဝဆိုးကြီးထဲမှာ စာရွက်တွေပေါ်က ပုံစံဟာ မှားနေပါပြီလို့ ကျနော်တို့ ဘယ်လို လွယ်လွယ်နဲ့ ကောက်ချက်ချနိုင်ပါ့မလဲ။

လေးလေးနက်နက် ချင့်ချင့်ချိန်ချိန်နဲ့ ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်ကြမှ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့အားလုံး တခဲနက် သွေးစည်းညီညွတ်ကြစဉ် (၁၉၄၇)ခု မေလ ဖဆပလ ပဏာမညီလာခံကြီးမှာ ‘တစ်သုံးလုံးကော်မတီ’က ရေးဆွဲတင်ပြခဲ့တဲ့ ပြည်ထောင်စုဖွဲ့စည်းပုံမူများ၊ သဘောထားများဟာ ကျနော်တို့ရဲ့လက်တွေ့ဘဝနဲ့ ဘယ်ကလောက်ကိုက်ညီအောင် ရင်းရင်း နှီးနှီးညှိနှိုင်းရေးဆွဲခဲ့ကြတယ်ဆိုတာ ရာဇဝင်ကြောင်းကို ပြန်ပြောင်းသတိရကြဖို့ဖြစ်ပါတယ်။

ထိုစဉ်က ဗမာပြည်မကိုပြည်နယ်တခုအဖြစ်ဖွဲ့ရန်ပြဿနာမပေါ်ခဲ့ကြတာဟာလည်း ကျနော်တို့နားမလည်လို့(သို့)သတိများ လစ်သွားကြလို့လား (သို့)အခြား လုံလောက်သော ရာဇဝင်ကြောင်း၊ နိုင်ငံရေးကြောင်း၊ စီးပွားရေးကြောင်း အထောက် အထားများကြောင့်လား စသည်ဖြင့် ဓမ္မဒိဋ္ဌာန်ကျကျ ပြန်လည်ဆန်းစစ်ဖို့လိုပါလိမ့်မယ်။ ပြည်မဟာ ပြည်နယ်တခု မဟုတ်ခဲ့တော့သည်နှင့် ကျနော်တို့ရဲ့ ပြည်ထောင်စုကြီး အင်္ဂါဟာ ကွယ်ပျောက်ပျက်စီးခဲ့လေပြီလား။ သို့မဟုတ် ပုံစံက မှန်သော်လည်း ပယောဂများ၊ အခြေအနေများ၊ အုပ်စိုးသူတို့ရဲ့သဘောထားနဲ့လုပ်ရပ်က မှားခဲ့ကြလို့လား စသဖြင့် ကျယ်ပြန့်တဲ့ စစ်ဆေးမှုကို ပြုကြရပါလိမ့်မယ်။

၂။ ကျနော်တို့ ပြည်ထောင်စုက မူလစကတည်းက နယ်ချဲ့ ပဒေသရာဇ်စနစ်ရဲ့ အမွေဆိုးအမွေနှစ်တွေကို ခံယူပြီး တန်းမညီ၍ မတိုးတက်သောလူမျိုးစုများ၊ ဒေသများ၊ ပြည်နယ်များကို ပေါင်းစု၍ ပြည်မကိုအခြေခံကာ ဖွဲ့စည်းခဲ့ရတဲ့ ပြည်ထောင်စု ဖြစ်ခဲ့ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ လက်တွေ့ဘဝဖြစ်ပါတယ်။

အဲဒီလိုအခြေမှာ ပြည်မကြီးက ကြီးစွာသောတာဝန်နှင့် မှန်ကန်သောသဘောထားများကို အခြေခံပြီး ပြည်နယ်လူမျိုးစုများ အားလုံးနှင့် တန်းတူရည်တူ သွေးစည်းညီညွတ်ဖို့ လိုပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့မှာ တန်းတူညီမျှ ဖြစ်လာအောင် ခေါင်းဆောင်မှုပေးပြီး စုပေါင်းတည်ဆောက်ကြဖို့လိုပါတယ်။ အဲဒါဟာ ပြည်ထောင်စုရဲ့ ရာဇဝင်ပေးတာဝန် ကြီးဖြစ်ပါတယ်။ ဒီတာဝန်တွေကို ကျနော်တို့ မဆောင်ရွက်နိုင်ငဲ့ကြဘဲ ရန်သူပျောက်ပြီး အချင်းချင်းသတ်ဖြတ်ခဲ့ကြရတာနဲ့ အချိန်ကုန်ခဲ့ကြရပါတယ်။ တန်းတူညီမျှအခြေသို့ ရောက်အောင် မမြှင့်တင် မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။
အဲလို မူလအခြေဆိုးမှာဘဲ လက်တွေ့ရုပ်ဘဝသဘောတွေကို ဘေးချိတ်ပြီး အတင်းဘဲ တန်းတူညီမျှပြည်နယ်တွေအဖြစ်နဲ့ အားလုံး ခြံခတ်ကြစေပြီး ပြည်ထောင်စုစစ်စစ် ဆိုသည်ကို ဖွဲ့စည်းကြစေရမည်ဆိုရင် ‘ညီညွတ်လို၍ ပေါင်းရန်’ မဟုတ်ဘဲ ‘ပြိုကွဲလို၍သာ ပေါင်းရန်’ ဖြစ်ပါလိမ့်မယ်။ တန်းတူညီမျှမဖြစ်သေးတဲ့ ရုပ်ဘဝအခြေခံပေါ်မှာ ပို၍သာ ကွဲပြားခြားနားစေတဲ့ နည်းနဲ့ ကျဉ်းမြောင်းစွာ ပေါင်းစည်းခြင်းသာ ဖြစ်ပါလိမ့်မယ်။

၃။ အဲဒီလိုပြည်ထောင်စုစစ်စစ်မျိုးဟာ သိပ်သည်းစုစည်းတဲ့ပြည်ထောင်စုမျိုး ဖြစ်မလာဘဲ၊ ကွဲပြားခြားနားမှုတွေအခြေခံတဲ့ ခြံစည်းရိုးအတွင်းက ကွာပေါက်၊ ဟာပေါက်၊ ထိုးပေါက်၊ ဖောက်ပေါက်တွေ အပြည့်ပါလာတဲ့ ပြည်ထောင်စုသာ ဖြစ်ပါလိမ့်မယ်။ ပြည်ထောင်စုစစ်စစ်ဆိုသည်မှာ Confederation လို့ခေါ်တဲ့ ပြည်နယ်ပေါင်းချုပ်များ အဖွဲ့ကို၊ ပြည်နယ် ပေါင်းချုပ်များဖက်ကို တိမ်းစောင်းသွားနိုင်ပါတယ်။အဲဒီလိုပြည်ထောင်စုမျိုး ဟာ အင်မတန်ရန်များလှတဲ့ ဒီကနေ့ကမ္ဘာမှာ (အထူးသဖြင့် ဒီကနေ့အရှေ့တောင်အာရှမှာ) ဘယ်နည်းနဲ့မှ အသက်ရ–နိုင်ဖွယ်ရာမရှိဘူးဆိုတာ ကျနော်တို့ လွယ်လွယ်နဲ့ သဘောပေါက်နိုင်ပါတယ်။

၎။ ဒီလို ဟာပေါက်၊ ကွဲပေါက်တွေ ပြည့်ဝနေတဲ့ ပြည်ထောင်စုစစ်စစ်မျိုးကို ကျနော်တို့ အခုလိုအခြေအနေမျိုးမှာ၊ ဒီလို ဟာပေါက်၊ ကွာပေါက်တွေနဲ့ပြည့်ဝနေတဲ့ ပြည်ထောင်စု စစ်စစ်မျိုးကို ကျနော်တို့အခု ဘယ်လိုအခြေအနေမျိုးမှာ ဖွဲ့စည်းဖို့ တောင်းဆိုနေကြပါသလဲ? ရှင်းရှင်းကတော့ခင်ဗျာ ပြည်ထောင်စုတခုလုံး ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စစ်ရေးအကြပ်အတည်းတွေနဲ့ ဒုက္ခပင်လယ်ဝေနေတဲ့ ကာလဆိုးကြီးမှာ ပြောင်းလဲ ဖွဲ့စည်းကြရန်တောင်းဆိုနေတာဘဲဖြစ်ပါတယ်။ အချင်းချင်းတွေ သတ်ဖြတ်ကြလို့ မဆုံးနိုင်သေးတဲ့ကာလ၊ ညီအကိုလူမျိုး အချင်းချင်း သွေးချင်းသားချင်းတွေ မေတ္တာစိတ်ကင်းပြီး ရွံရှာမုန်းတီး မယုံကြည်နေကြတဲ့ကာလ၊ အဲဒီလိုကာလမျိုးမှာ ကိုယ့်ခြံကိုယ်ခတ်ကြစို့ရဲ့ဆိုရင် မေတ္တာနဲ့လမ်းခွဲကြတာမဟုတ်ဘဲ အာဃာတတွေနဲ့ လမ်းခွဲ ကြရတာ၊ ခြံခတ်ကြရတာသာ ဖြစ်ပြီး ပြည်ထောင်စုညီညွတ်ရေးဟာ ဘယ်နည်းနဲ့မှ ရေရှည်ခံမယ် မဟုတ်ဘူး။ မိတ်ဆွေပီသသူချင်းပင် ကတောက်ကဆ ဖြစ်တုန်း လမ်းမခွဲသေးဘဲ၊ အရှည်မျှော်ပြီး ချစ်တုန်းမှာသာ လမ်းခွဲလေ့ရှိကြပါတယ်။

၅။ ထို့ထက် ကြောက်စရာအကောင်းဆုံးကတော့ အမေရိကန်‘ဆီးတိုး’ရဲ့ စစ်အခြေခံစခန်းတွေဟာ ပြည်ထောင်စု နယ်မြေအတွင်း ပုံစံအမျိုးမျိုး အသွင်အမျိုးမျိုးနဲ့ ဝင်ရောက် ထိုးဖောက်ပြီး ပြည်မအတွင်းမှာရော၊ လူမျိုးစုအတွင်းမှာရော ချမှတ်မွှေနှောက်ခြင်းခံနေရတဲ့ ကာလမျိုးမှာ ပြည်ထောင်စုစစ်စစ်ဆိုပြီး ကွာပေါက် ဟာပေါက်တွေနဲ့ခြံခတ်ကြရင် ကျနော် တို့ရဲ့ပြည်ထောင်စုဟာ ရေတိမ်နစ်ရတော့မယ်လို့ ကျနော် ရိုးသားစွာစိုးရိမ်မိပါတယ်။

ကျားလက်ကို ဝ,ကွက်၍ အပ်သကဲ့သို့ အခြေအနေဆိုးကို ဆိုက်ရောက်နိုင်ပါတယ်။ ယနေ့ ကွန်ဂိုး၊ လားအိုး၊ သုံးကွဲ လေးကွဲအခြေအနေများနဲ့ ဂျာမဏီနှစ်ခု၊ ကိုရီးယား နှစ်ခု၊ ဗီယက်နမ်နှစ်ခုတို့ရဲ့ ဖြစ်နေပုံများမှ ကျနော်တို့ သင်္ခန်းစာ ထုတ်ယူကြဖို့ အထူးဘဲ လိုပါလိမ့်မယ်။

၆။ အကြောင်းပြချက်ကတော့ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အမျိုးသားစီးပွားရေးဝါဒနဲ့ အမျိုးသားစီးပွားရေး ထူထောင်မှု အခြေအနေဟာ (၁၄)နှစ်သက်တမ်းအတွင်းမှာ ဘယ်လိုမှ တည်ငြိမ်မှု၊ အနည်ထိုင်မှု မရရှိခဲ့သေးပါဘူး။ ပြည်ထောင်စု ညီညွတ်ရေးနဲ့ ခိုင်မာတည်မြဲရေးဟာ ၄င်းရဲ့ အမာခံအုတ်မြစ်ဖြစ်တဲ့ တူညီတဲ့၊ တည်ငြိမ်တဲ့ စီးပွားရေးဝါဒနဲ့ အနယ်ထိုင် လာတဲ့ စီးပွားရေးထူထောင်မှုလုပ်ငန်းများ အပေါ်မှာ မုချတည်နေပါတယ်။ အရင်းရှင်စီးပွားရေးဝါဒနဲ့ ထူထောင်မှုပေါ်မှာဘဲ အခြေခံခံ၊ ဆိုရှယ်လစ်စီးပွားရေးဝါဒအားဖြင့်အခြခံခံ ပြည်ထောင်စုတဝှန်းလုံးမှာ စီးပွားရေးဝါဒအားဖြင့် တူညီမှုနှင့် ခွဲဝေလုပ်ဆောင်မှုလုပ်ငန်းများ အားဖြင့်လည်း အနယ်ထိုင်မှု ရှိရပါလိမ့်မယ်။

ပြည်မက တည့်မတ်တဲ့ခေါင်းဆောင်မှု၊ ကိုယ်ကျိုးစွန့်တဲ့ကူညီမှုများ ပေးရပါလိမ့်မယ်။ ခေတ်သစ်စီးပွားရေး ထူထောင်မှုများမှာ မိမိရဲ့ခြေထောက်ပေါ်မှာမိမိ လုံးဝရပ်တည်ပြီး မိမိရဲ့အစွမ်းသတ္တိနဲ့ချီတက်လို့ မဖြစ်နိုင်သေးတဲ့ဘဝမှာ ရှိကြသေးတဲ့ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်စတဲ့ပြည်နယ်များကို ပြည်မနဲ့အတူ Mutual Development Basis လို့ခေါ်တဲ့ အတူတကွ တိုးတက်ကြီးပွားရေးအခြေခံပေါ်မှာ များစွာကြိုးပမ်းောဆင်ရွက်ရန် လိုပါသေးတယ်။ အခုအခါ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ရည်ညွှန်းတဲ့ စီးပွားရေးဝါဒနဲ့ ဆိုက်ရောက် နေရတဲ့စီးပွားရေးဘဝဟာ များစွာ ကွာခြားလျက်ရှိပြီး ဘယ်လိုမှ ဖမ်းလို့ဆုပ်လို့မရအောင် မတည်မငြိမ်ဖြစ်နေပါသေးတယ်။ လုပ်ငန်းအားဖြင့်လည်း အနည်ထိုင်မှု ဘာတခုမှမပြနိုင်သေးပါဘူး။ အဲဒီလိုအခြေအနေမျိုးမှာ ကျဉ်းမြောင်းတဲ့ လူမျိုးငယ်ဝါဒနဲ့ အပေါ်စီး လူမျိုးကြီးဝါဒ အခြေခံတို့နဲ့ ပြည်ထောင်စုအတွင်းမှာ ကိုယ်စီကိုယ်ငှ ခြံခတ်ပြိုင်ဆိုင်ကြမယ်ဆိုရင် ဗဟိုစည်းချက်နဲ့ ခေါင်းဆောင်မှု Centre of Unity and Leadership လို့ခေါ်တဲ့ဟာ ကွယ်ပျောက်လျော့လျဲပြီး စွးပွားရေးအားဖြင့် ပိုမိုပြိုကွဲဖို့ရာသာ ဖြစ်ပါလိမ့်မယ်။

အဲဒီလို အမာခံအုတ်မြစ်ကစပြီး ပြိုကွဲခြားနားကုန်ကြရင် ပြည်ထောင်စုကြီးဟာ ပတ်တုပ်လို့မရအောင် ပြိုကွဲဖို့ပါဘဲ။ အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်၊ ပဒေသရာဇ်စနစ် စသဖြင့် တပြည်နယ်နဲ့တပြည်နယ် ဝှေ့ကြ ခတ်ကြ၊ အပပယောဂ များကို ဖိတ်ခေါ်ကြသည့် ဘဝသို့တိုင်အောင် ဆိုက်ရောက်ကုန်နိုင်ပါတယ်။ အတူတကွ တိုးတက်ကြီးပွားရေးအခြေခံပေါ်မှာ ကျနော်တို့ အားလုံးဟာ (၅)နှစ်စီမံ ကိန်း (၃)ကြိမ်မျှနှင့် အစွမ်းကုန်ညီညွတ်စွာ ကြိုးပမ်းထူထောင်နိုင်ကြပါမှ ပြည်နယ်/ပြည်မ ညီမျှတဲ့အခြေခံနဲ့ အနာဂတ်ကို ကောင်းစွာချီတက်နိုင်ပါလိမ့်မယ်။

၇။ ၄င်းနောက် အကြောင်းပြချင်တာကတော့ ကျနော်တို့ညီအကို လူမျိုးစုများရဲ့ စာပေအနုပညာ၊ သိပ္ပံပညာစတဲ့ ယဉ်ကျေးမှု အဆင့်အတန်းဟာ ကြေကွဲဝမ်းနဲဖွယ်ရာကြီး နိမ့်ကျနေသေးခြင်းဘဲဖြစ်ပါတယ်။ ဒါတွေကို မြင့်တင်စေရန်မှာ ပြည်နယ်/ပြည်မ အတူတကွ တိုးတက်မြှင့်တင်ရေးလမ်းစဉ်တွေကို ပြည်မကဘဲ ခေါင်းဆောင်မှုပေးပြီး ကိုယ်ကျိုးစွန့်တဲ့ အကူအညီတွေနဲ့ ဆွဲခေါ်မြှင့်တင်ပေးရန် များစွာလိုပေလိမ့်မယ်။ ဒီနယ်ပယ်မှာ ပြည်မက ပြည်နယ်တွေကို တကယ်တမ်း အားဖြည့်ပေးဖို့ လိုပါလိမ့်မယ်။ ပြည်မက ပြည်နယ်တွေရဲ့လူမှုရေးနှင့်ယဉ်ကျေးမှုမြှင့်တင်ရေးလုပ်ငန်းတွေကို စီမံကိန်း အရပ်ရပ်နဲ့ တကယ်သဘောထားကြီးကြီး အနစ်နာခံကာ အကူအညီတွေပေးကြရပါလိမ့်မယ်။ ဒါတွေကို သာဓကထားရန် များစွာအရေးကြီးလှပါတယ်။ ဒီလို အခြေခံ သဘောထားတွေကို ထောက်ထားပြီးတော့လည်း ပြည်မကို ခြံခတ်စေပြီး ပြည်နယ်တွေနဲ့ အလှမ်းမဝေးကွာစေသင့်ပေလို့ ကျနော်တို့ယူဆပါတယ်။ နစ်နာစရာရှိရင် ပြည်နယ်တွေကသာ ပိုပြီး နစ်နာကုန်ပါလိမ့်မယ်။

၈။ အရေးအကြီးဆုံးအကြောင်းပြချက်တရပ်ကို ထပ်မံတင်ပြလိုပါသေးတယ်။ ဒါကတော့ တခြားမဟုတ်ပါဘူး။ ကျနော်တို့ ပြည်ထောင်စုရဲ့ အမျိုးသားကာကွယ်ရေး ပြဿနာကြီးဘဲ ဖြစ်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဟာ လုံးဝစိတ်ချရပြီလို့ ဘယ်နိုင်ငံကြီးတွေကမှ ဧကန်တရားအဖြစ်နဲ့ အာမခံချက်မပေးသေးပါဘူး။ ငြိမ်းချမ်းရေး အလားအလာမျှသာ ပြဆိုကြပါသေးတယ်။ အကောင်အထည်ဖြစ်ပေါ်လာရန် ကမ္ဘာ့ပြည်သူများအားလုံး ဝိုင်းဆုံကြိုးပမ်းနေ ကြဆဲကာလမှာရှိပါသေးတယ်။ အခြားဒေသများမှာစိတ်မချရသည်ထက် အရှေ့တောင် အာရှဒေသနိုင်ငံများဟာ နယ်ချဲ့သမားများရဲ့ စားကျက်ဟောင်းနဲ့ ‘ဆီးတိုး’စတဲ့ စစ်အခြေခံ စခန်းများကို အခိုင်အမာတပ်စွဲရာဒေသဖြစ်တဲ့အတွက် ကျူးကျော်ရေးစစ်များကို အချိန်မရွေး မျှော်လင့်ကာကွယ်ရမယ့်အချိန်မှာ ရောက်နေပါတယ်။

အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ ယိုးဒယား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများရဲ့အခြေကိုကြည့်ပါ။ ပြီးတော့ အမေရိကန်ကူမင်တန်တပ်များ (၃)နိုင်ငံခွပြီး ကျူးကျော် ထားပုံကိုလည်းကြည့်ပါ။ အဲဒီလိုအခြေအနေမျိုးမှာ ပြည်ထောင်စု ကာကွယ်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး ညီညွတ်မှုဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ကိုယ်အချင်းချင်း သတ်ဖြတ်လို့ အားမရနိုင်သေးသလိုဖြစ်နေရတဲ့ဘဝမို့သာပေါ့။ သို့မဟုတ်ပါက အမေရိကန် ကူမင်တန် ကျူးကျော်ရေးစစ်အကြွင်းတွေကို ချက်ချင်းဘဲ ရှင်းလင်းသွားအောင် ဝိုင်းအုံတိုက် ခိုက်ရမယ့်အခြေအနေကြီးဖြစ်ပါတယ်။

၉။ နောက်အကြောင်းပြချက်တခုကတော့ မည်သည့်တပြည်ထောင်နိုင်ငံမှာဘဲဖြစ်ဖြစ်၊ မည်သည့် ပြည်ထောင်စု နိုင်ငံမှာဘဲ ဖြစ်ဖြစ် လူမျိုးစုအများအပြားရှိရာမှာ အရေအတွက် အားဖြင့်လည်းကောင်း၊ အရည်အချင်းအားဖြင့်လည်းကောင်း တိုးတက် မြင့်မားတဲ့လူမျိုးစုကြီး တခုဟာ အခြားသောလူမျိုးစုများရဲ့အကျိုးစီးပွားအတွက် ခေါင်းဆောင်မှုပေးရစမြဲဘဲဖြစ်ပါတယ်။
ဒီနေရာမှာ ခေါင်းဆောင်မှုနဲ့ လူမျိုးကြီးဝါဒကို ခွဲခြားကန့်သတ်ရန်လည်း အလွန် အရေးကြီးပါတယ်လို့ ကျနော် ရဲရဲကြီး ဝန်ခံပါတယ်။

သို့သော်လည်း ခေါင်းဆောင်မှုကတော့ ရှိရစမြဲဘဲဖြစ်ပါတယ်။ တရုတ်ပြည်မှာ နောင်တော်‘ဟန်’လူမျိုးစု၊ ဆိုဗီယက်ပြည်မှာ နောင်တော် ‘ရုရှ’လူမျိုးစု စသဖြင့် အရေးတော်ပုံအဆက်ဆက် တော်လှန်ရေးအဝဝမှာ ခေါင်းဆောင်မှုပေးခဲ့ကြရိုး ရှိပါတယ်။ ဒါကြောင့်လည်း နယ်ချဲ့သမားတွေဟာ နိုင်ငံတနိုင်ငံကို သိမ်းပိုက်မယ်ကြံရင် ခေါင်းဆောင်လူမျိုးစုကြီးနဲ့ အခြားလူမျိုးစုများအားလုံး အပြင်းအထန် ရန်တိုက်သွေးခွဲပစ်လေ့ ရှိပါတယ်။ အဲဒီနည်းနဲ့ ခေါင်းဆောင် ကင်းပြတ် ဆိတ်သုဉ်းစေပြီး နယ်ချဲ့ဘက်တော်သား လူမျိုးစုအဖြစ် ရောက်အောင် သိမ်းသွင်းလေ့ရှိပါတယ်။ ၄င်းအတွက် လူမျိုးကြီးဝါဒ၊ လူမျိုးငယ်ဝါဒများကိုလည်း ဖောက်သွင်းလေ့ရှိကြပါတယ်။ ယ္ခုလိုအခြေအနေမျိုးမှာ ပြည်ထောင်စုစစ်စစ် ကိုသာ ဖွဲ့ရရင် နိုင်ငံရေးတည်ငြိမ်မှုကလည်း နဲနဲမှမရှိသေးတဲ့ကာလမှာ ပြည်နယ်/ပြည်မ နိုင်ငံရေး ခေါင်းဆောင်မှု အဆက်ဖြတ်ရေးဘဲ ဖြစ်ပါလိမ့်မယ်။ ပခုံးချင်းတိုက်၊ လူချင်းရိုက်ဆိုတဲ့ နိုင်ငံရေးအခြေအနေမျိုးကို နယ်ချဲ့တို့က မုချမြှောက်ပင့် ဖန်တီးပေးမည်သာ ဖြစ်ပါတယ်။

၁ဝ။ ကျနော်တို့ရဲ့ နောက်ဆုံးအကြောင်းပြချက်ကတော့ နိုင်ငံတကာ ရာဇဝင် သင်္ခန်းစာအရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တရပ်ကို အမျိုးသားညီညွတ်ရေး အတက်ကြွဆုံးအချိန်မှာ ခေတ်ပြောင်းချိန် အသီးအပွင့်အဖြစ်နဲ့ ရေးဆွဲ ပြဌာန်းလေ့ရှိပါတယ်။ ဘယ်တော့မှ သူတလူ ငါတမင်း ဖရိုဖရဲ အမျိုးသားညီညွတ်ရေးတွေပြိုကွဲပြီး အချင်းချင်း အာဃာတတွေ မီးတောက်နေချိန်မှာ ရေးဆွဲရိုးလည်းမရှိပါဘူး။ အခြေခံသဘောကို ပြောင်းလဲပြင်ဆင်ရိုးလည်း မရှိပါဘူး။ ဒါဟာ ကမ္ဘာ့ကျင့်စဉ်ကြီးပါဘဲ။ အဲဒီလိုအချိန်အခါမျိုးမှာ ရေးဆွဲပြင်ဆင်ရင်လည်း မအောင်မြင်တဲ့အပြင် မင်းပြိုင် စိုးပြိုင်များပင် ဖြစ်လေ့ရှိပါတယ်။

အဲဒီတော့ ကျနော်တို့ရဲ့အခြေခံဥပဒေကို အခုလို ပြည်ထောင်စုမှာ မီးလောင်-ရေမျောဖြစ်နေသေးတဲ့ကာလမှာမှ အခြေခံ ကစ၍ ပြင်ဆင် ပြောင်းလဲကြမယ်ဆိုရင် ဘယ်နည်းနဲ့မှ သင့်တော်မယ် မဟုတ်ကြောင်းကို ကျနော်တို့ ဒါ ထပ်လောင်း တင်ပြနေခြင်းဘဲဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား။ ပြည်ထောင်စုစစ်စစ်ဆိုတဲ့မူဟာ အခုလိုအခြေအနေမျိုး မှာ ဘယ်နည်းနဲ့မှမသင့်လျော်သေးကြောင်း နိုင်ငံတကာရေးရာ၊ ပြည်တွင်းရေးရာရှုဒေါင့်များ ကနေပြီး အကြောင်း(၁ဝ)ချက်မျှ ပြခဲ့ပြီးဖြစ်ပါတယ်။ ဖေဖော်ဝါရီလ(၂၄) ရက်နေ့ နှီးနှောဖလှယ်ပွဲကြီး အဖွင့်နေ့မှာ ဖယ်ဒရယ်မူနဲ့ ပတ်သက်ပြီး ဝန်ကြီး စောခွန်ချိုနဲ့တကွ ပြည်နယ် ခေါင်းဆောင်ကြီးများရဲ့ ပြောဆိုတင်ပြချက်တွေကို ကျနော်တို့ ပြည့်ပြည့်စုံစုံ ကြားနာခဲ့ရပါပြီ။ ပွင့်လင်းတဲ့ အသဲနှလုံးနှင့်လည်း ယုံယုံကြည်ကြည် ပြန်လည်သုံးသပ်ကြပါတယ်။ အဲဒီလိုသုံးသပ်စစ်ဆေးချက်များအရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရှုဒေါင့်ကဘဲ ပြန်လည်ချေပခွင့်ပြုပါရန် ကျနော်တောင်းပန်ပါရစေ။

အခြေခံဥပဒေရှုမြင်ပုံအရ ကျနော်တို့ပြည်နယ်ခေါင်းဆောင်ကြီးများဟာ ‘ဖယ်ဒရယ်စစ်စစ်မူနဲ့ ပတ်သက်လို့ သဘော ကွဲလွဲချက်ဟာ ကျနော်တို့နဲ့ နေရာ(၃)နေရာရှိနေတယ်ဆိုတာ ကျနော်တို့ ကောင်းစွာ ရိပ်စားမိလာပါတယ်။
ပထမနေရာကတော့ ကျနော်တို့ရဲ့ ပြည်ထောင်စုဟာ ပြည်မကို အခြေခံပြီး ပြည်နယ်များကို စုပေါင်းဖွဲ့စည်းထားတဲ့ ဖယ်ဒရယ်မူဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းခဲ့ခြင်းဟာ ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ လူမျိုးရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစတဲ့ တိုးတက်ဖြစ်ပေါ်မှုရာဇဝင် ဖြစ်စဉ်များအတွင်းမှာ ဘဝနဲ့ဟပ်ပြီးတော့ သဘာဝကျကျထူထောင်ခဲ့ခြင်းဖြစ်တယ်လို့ ကျနော်တို့က လေးနက်စွာယုံကြည်ကြပါတယ်။

ပြည်မကိုအခြေခံ၍ ပြည်ထောင်စုဖွဲ့ခြင်းဟာ ပြည်ထောင်စုတခုလုံးအတွက် Center of Unity and Leadership လို့ခေါ်တဲ့ ဗဟိုခေါင်းဆောင်မှုနှင့် ညီညွတ်ရေးစုစည်းချက်နဲ့သာ ထူထောင်ခဲ့ခြင်းဖြစ်တယ်လို့ ကျနော်တို့က အလေးအနက် ယုံကြည်တယ်။ လက်တွေ့ကြည့်ပါ။ ပြည်နယ်များအနက် တချို့က ရာဇဝင်အရ ပြည်နယ်သဘောဆောင်ခဲ့သော်လည်း တချို့က ပြည်နယ်ဘဝကို ကူးပြောင်းဖန်တီးနေရဆဲဘဲဖြစ်ပါသေးတယ်။ တချို့က အခုမှ ပြည်နယ်ဘဝကို ထူထောင်ရန် ပြင်ဆင်တောင်းဆိုနေရဆဲဘဲ ရှိနေပါသေးတယ်။ တချို့လူမျိုးစုများကတော့ တခြားလူမျိုးစုများနှင့် ရောထွေးယှက်တင် နေထိုင်ရဆဲဘဝမှာဘဲ ရှိပါသေးတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်စဉ်တို့ဟာလည်း ယ္ခုမှ စတင်သန္ဓေယူနေရဆဲ၊ ပြောင်းလဲနေရဆဲဘဲ ဖြစ်ပါတယ်။

ရာဇဝင်အရ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲတလျှောက်မှာ ပြည်မဗမာလူမျိုးစုက အရေအတွက်အားဖြင့်လည်းကောင်း၊ အရည်အသွေးအားဖြင့်လည်းကောင်း ခေါင်းဆောင်ပြီး ပါဝင်ခဲ့ပါတယ်။ တည်နေဆဲ စီးပွားရေး၊ လူမှုရေးစနစ်အရလည်း ခေါင်းဆောင်ချီ တက်ရမယ့်အနေအထားမှာ ရှိပါတယ်။ အနာဂတ်နိုင်ငံရေးလမ်းကြောင်းကို ထိန်းကျောင်း ချီတက်ရမယ့် တာဝန်ဟာလည်း ပြည်မမှာ ရာဇဝင်အရ ပိုပြီးတာဝန်ရှိနေပါတယ်။

အဲဒီလို အနေအထားများအရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲတဲ့အခါမှာ ပြည်မကို ဗဟိုခေါင်းဆောင်မှုနှင့် ညီညွတ်ရေး စုစည်းခြင်းအဖြစ်နဲ့ အခြေခံပြီး အခြားပြည်နယ်များ၊ ဒေသများကို စုပေါင်းကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ အဲဒါ ကျနော်တို့က ရာဇဝင်အရ ဘဝဖြစ်စဉ်နဲ့ ကိုက်ညီတဲ့ ပြည်ထောင်စုဖြစ်တယ်ရယ်လို့ ပြတ်ပြတ်သားသား ကျနော်တို့က လက်ခံယုံကြည်ပါတယ်။

ကျနော်တို့ရဲ့ ပြည်နယ်ညီအကိုခေါင်းဆောင်ကြီးများကတော့ ပြည်မဟာ ပြည် ထောင်စုအာဏာကို လက်ဝါးကြီးအုပ်ပြီး ပြည်နယ်များ၊ လူမျိုးစုများကို လွှမ်းမိုးချယ်လှယ်တယ်၊ ပဏ္ဏာဆက်နယ်တွေအဖြစ်နဲ့ အနိုင်ကျင့်တယ်လို့ယူဆတယ်။ ဒါကြောင့် ပြည်နယ်/ ပြည်မတွေအားလုံးအသီးသီး ကိုယ့်အချုပ်အချာအာဏာနဲ့ကိုယ် တန်းတူရည်တူရှိကြပြီး ဗဟိုပြည်ထောင်စုကို စုပေါင်းဖွဲ့စည်းရမယ်။ သဘောဆန္ဒအရသာ အာဏာများ ခွဲဝေပေးရမယ်။ အဲဒီလို ပြည်ထောင်စု စစ်စစ်မူမျိုးကိုသာ အလိုရှိတယ်။ အမေရိကန်၊ ဆွီဇာလန်၊ ဆိုဗီ ယက်ယူနီယံစတဲ့ အခြေခံသဘောမျိုးဖြစ်စေရမယ်လို့ ရှင်းလင်း ပြောကြားသွားကြပါတယ်။

တနည်းအားဖြင့် Confederation ဆန်ဆန် ဖွဲ့စည်းရမယ်လို့ဆိုပါတယ်။ မြန်မာလိုပြန်တော့ အချုပ်အခြာအာဏာအရ ပြည်နယ်ပေါင်းချုပ် ဖွဲ့ရမယ်လို့ဆိုပါတယ်။ အဲဒီလိုကွဲလွဲနေခြင်းဟာ ပထမနေရာဖြစ်ပါတယ်။ အမေရိကန်၊ ဆွီဇာလန်၊ ဆိုဗီယက်ယူနီယံ ပြည်ထောင်စု ဖွဲ့စည်းလာပုံ ရာဇဝင်ဖြစ်စဉ်ဘဝနဲ့ ကျနော်တို့ မြန်မာပြည်ထောင်စု သက်ဝင်လှုပ်ရှားလာပုံ၊ သန္ဓေတည်လာပုံဖြစ်စဉ်များနဲ့ များစွာခြားနားမှုရှိပါတယ်။ ‘ပညာရှိ သတိဖြစ်ခဲ’ ဆိုသလို ကျနော် အနည်းငယ် ဇာတ်ကြောင်း ပြန်ပါရစေ။

သဘာပတိကြီးခင်ဗျား။ အမေရိကန်ပြည်ထောင်စုအခြေခံဥပဒေဟာ အမျိုးသား လွတ်မြောက်ရေးစစ်ပွဲကြီးက ပေါက်ဖွား ပေးခဲ့ပါတယ်။ ထိုစစ်ပွဲကြီးမတိုင်မီ ဗြိတိသျှနယ်ချဲ့တို့ ရဲ့လက်အောက်မှာ ဗြိတိသျှကိုလိုနီပြည်နယ်များအဖြစ်နဲ့ သူ့ရာဇဝင်ဖြစ်စဉ်နဲ့သူ သီးခြားစီရှိ ခဲ့ပါတယ်။ ဘုရင်ခံနှင့် သူ့ဥပဒေပြုလွှတ်တော်နှင့် သီးခြားစီရှိခဲ့ပါတယ်။ (၁၇၇၆)ခု ဇူလိုင်လ (၄)ရက်နေ့ အမျိုးသားလွတ်မြောက်ရေးစစ်ပွဲကြီး ကြေညာစာတမ်းကြီးကို ထုတ်ပြန်တဲ့အခါမှာလည်း စစ်ကြေညာပိုင်ခွင့်၊ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုပိုင်ခွင့်၊ မိမိတို့ကြိုက်နှစ်သက်သလို မဟာမိတ်ဖွဲ့စည်းပိုင်ခွင့်စတဲ့ အခွင့်အရေးများကို လုံးဝပိုင်တဲ့ အချုပ်အချာအာဏာပိုင် ပြည်နယ်များအဖြစ်နဲ့ကြေညာရပြီး၊ လွတ်မြောက်ရေးစစ်ပွဲကြီးကို နွှဲခဲ့ကြခြင်းဖြစ်ပါတယ်။ စတကည်းက အချုပ်အချာအာဏာပိုင်နိုင်ငံများအဖြစ်နဲ့ သီးခြားထူထောင်၍ တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်ပါတယ်။

၎င်းနောက် အမျိုးသားလွတ်မြောက်ရေးစစ်ပွဲကြီးကို ပိုမိုထိရောက်စွာခုခံတိုက်ခိုက် နိုင်ကြရေးအတွက် (၁၇၇၇)ခု နိုဝင်္ဘာလ(၁၅)ရက်နေ့မှာ Article of Convention ခေါ်တဲ့ ပြည်နယ်ပေါင်းချုပ်စည်းမျဉ်းဥပဒေတရပ်ကို ရေးဆွဲပြဌာန်းပြီး (၁၃)ပြည်နယ်ဟာ ပြည်နယ်အလိုက် သီးခြားလက်ခံအတည်ပြုခဲ့ကြပါတယ်။ (၁၈၇၁)ခု မတ်လ(၁)ရက်နေ့မှာ မေရီလန်း ပြည်နယ်က နောက်ဆုံး လက်ခံအတည်ပြုခဲ့ပါတယ်။ အဲဒီအခြေခံစည်းမျဉ်း ပထမဆုံးပုဒ်မ(၃) ခုမှာဘဲ အမေရိကန် ပြည်ထောင်စုကြီးဟာ Confederation ဖြစ်တဲ့အကြောင်း၊ ပြည်နယ်တိုင်း အချုပ်အချာအာဏာနဲ့ လုံးဝ လွတ်လပ်ခွင့် ရှိကြောင်း၊ ဘုံရန်သူကို စုပေါင်းတိုက်ခိုက်ရေးအတွက် ခိုင်မာသောမဟာမိတ်ဖွဲ့စည်းမှုကို A Firm League of Friendship အဖြစ်နဲ့ ပုဒ်(၃)အရပေါ့လေ A Firm League of Friendship အဖြစ်နဲ့ဖွဲ့စည်းကြောင်း စသဖြင့် အထင်အရှား ပါရှိပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ Confederation က အစဖြစ်ကြောင်း အထင်အရှား ပြပါတယ်။

ဒီနောက် (၁၇၈၇)ခု ဖေဖေါ်ဝါရီလ(၂၁)ရက်နေ့ ကွန်ဂရက်ကျမှ Confederation ဖွဲ့ စည်းပုံမျှနှင့် ပြည်ထောင်စုအင်အားဟာ မလုံလောက်ကြောင်း၊ ပြန်လည်ပြင်ဆင်ရန်လိုအပ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါနဲ့(၁၇၈၇)ခု မေလ(၂၅)ရက်နေ့မှာ ဂျော့ဝါရှင်တန်ကို ဥက္ကဋ္ဌ တင်ပြီး Convention ကြီးတခုလုပ်ပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ကို ရေးဆွဲခဲ့ ကြပါတယ်။ ထိုဥပဒေသစ်ကို ပြည်နယ်အလိုက် အသီးသီးက ပြန်လည်လက်ခံအတည်ပြုပြီး (၁၇၈၉)ခု မတ်လ(၄)ရက် နေ့ကစပြီးတော့ အသက်သွင်းခဲ့ကြပါတယ်။ အဲဒီ အမေရိကန်ပြည်ထောင်စုရာဇဝင်က ကျနော်တို့ကို ဘာသင်္ခန်းစာများ ပေးခဲ့ပါသလဲ။

၁။ မူလကတည်းက အချုပ်အချာအာဏာပိုင်ပြည်နယ်များအဖြစ် စတင်ခဲ့ကြပါတယ်။
၂။ အချုပ်အချာအာဏာအရပြည်နယ်ပေါင်းချုပ်ခေါ်တဲ့ Confederation ဆိုတာက စဖွဲ့ခဲ့ကြပါတယ်။
၃။ သို့သော်လည်း ဘဝနဲ့မလုံလောက် မကိုက်ညီတဲ့အခါမှာ တဆင့်လျှော့ပြီး Federation ဆိုတာ ဖွဲ့ခဲ့ရပါတယ်။
၎။ ရာဇဝင်ဖြစ်စဉ်အတွင်းမှာဘဲ Decenteralization ကနေပြီးတော့ Centeralization ကို တဖြေးဖြေး ဦးတည်လာတာကို တွေ့ရပါတယ်။
၅။ အာဏာပိုင်သမတစနစ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဗဟိုခေါင်းဆောင်မှုနဲ့ ညီညွတ်ရေး အဆိုပြုချက် ဖြစ်လာပါတယ်။

အဲဒါ ပြည်ထောင်စုတိုင်းသာ ဗဟိုခေါင်းဆောင်မှုနဲ့ ညီညွတ်ရေးစုစည်းချက်အတွက် တစုံတခုသော အာမခံအနှစ်သာရတခု မုချတပ်ဆင်ပါရှိရစမြဲဘဲဆိုတာ အလေးအနက် လက်ခံယုံကြည်ဖို့လိုပါလိမ့်မယ်။

သဘာပတိကြီးခင်ဗျား။ ဆွီဇာလန်ပြည်ထောင်စုရဲ့ ရာဇဝင်ဖြစ်စဉ်ကိုလည်း အကြမ်းဖျင်းလေ့လာကြည့်ရအောင်။ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ (၁၈၇၄)ခုနှစ်ကစပြီး အလွန်ရှည်လျားသောဖြစ်စဉ်မှ ပေါက်ဖွားလာခြင်းဖြစ်ပါတယ်။

ရာဇဝင်စပုံကလည်း အဲ့လ်ပ်စ်တောင်တန်းကြီးရဲ့ပတ်လည်မှာ သူ့ရာဇဝင်နဲ့သူ၊ သူတို့ပြောဆိုတဲ့ဘာသာစကားကိုယ်စီနဲ့ သီးသီးခြားခြား အချုပ်အချာအာဏာပိုင် ပြည်နယ်လေးတွေအဖြစ်နဲ့ ရာဇဝင်စတည်ခဲ့ကြပါတယ်။ ကျူးကျော် တိုက်ခိုက်ရေးသမား ဘုံရန်သူများကို စုပေါင်းခုခံကာကွယ်ရေးအတွက် Confederation ခေါ်တဲ့ ပြည်နယ်ပေါင်းချုပ်တခုကို စတင် မွေးဖွားစေခဲ့ပါတယ်။ Federal Diet ဆိုတာဖွဲ့ပြီးတော့ ပြည်နယ်ကိုယ်စီက အညီအမျှ ကိုယ်စားလှယ် စေလွှတ်ပြီးတော့ (၈)နှစ်တကြိမ် တွေ့ဆုံကြပါတယ်။ ဒီလိုသာ တွေ့ဆုံကြတယ်။ အမှန်ကတော့ တနှစ်တကြိမ် တွေ့ဆုံကြပါတယ်။ ဒီလိုသာတွေ့ဆုံကြတယ်၊ အမှန်ကတော့ တနယ်နဲ့တနယ် သံသယကြီးစွာနဲ့ကြည့်ပြီး Federal Diet ရဲ့ အဆုံးအဖြတ်ဟာ အချုပ်အချာအာဏာပိုင်ပြည်နယ်တွေရဲ့အပေါ်မှာ တရားဝင် အကျိုးသက်ရောက်ခြင်းမရှိခဲ့ပါဘူး။ ကွဲကွဲပြားပြားဘဲတည်နေခဲ့တာပါဘဲ။ ဒါကြောင့်လည်း (၁၈၇၁)ခု နောက်ပိုင်းမှာ ပြင်သစ်ကျူးကျော်ရေးသမားများဟာ ဆွီဇာလန်ပြည်ထောင်စုကို လွယ်ကူစွာဘဲ သိမ်းပိုက်နိုင်ခဲ့ကြတယ်။ ရှိရင်းစွဲ အခြေခံပြည်နယ်တွေ ကိုယ်ပိုင် အချုပ်အခြာ အနေအထားတွေ၊ ဒေသဓလေ့ထုံးစံ အနေအထားတွေနဲ့ ငါ့ပြည်နယ်မှ ငါ့ပြည်နယ်ဆိုတဲ့ စိတ်ဓတ်တွေကို ပြင်သစ် စစ်ဘုရင် နပိုလီယံ ဘိုနာပတ်ဟာ အာဏာနဲ့ ရိုက်ချိုး ဖျက်ဆီးပစ်ပြီး နယ်သစ်တွေကိုသတ်မှတ်ပြီးတော့ Prefecture လို့ခေါ်တဲ့ ပြည်နယ်ပေါင်း(၁၈)ခုကို သတ်မှတ်ခဲ့ပါတယ်။ ကိုယ်စားပြု အမျိုးသားအစိုးရနဲ့ အာဏာပိုင် အမျိုးသား အစိုးရ အဖွဲ့တရပ်ကို ဖွဲ့ပေးခဲ့ပါတယ်။ အဲဒါကို ရာဇဝင်မှာ Felbatic သမတနိုင်ငံအခြေခံဥပဒေလို့ ခေါ်တွင်စေခဲ့ပါတယ်။ (၁၇၉၈)ခု ဧပြီလ(၁၂)ရက် နေ့မှာ ပြဌာန်းပေးခဲ့ပါတယ်။

သို့သော်လည်း ဆွီဇာလန်နိုင်ငံရဲ့ မိမိရဲ့မူလဘူတ အချုပ်အချာအာဏာပိုင် ပြည် နယ်ခွဲခြားရေးစိတ်ဟာ ရာဇဝင်နဲ့ချီပြီး ပြင်းထန်နေတော့ မအောင်မြင်ခဲ့ပါဘူး။ များစွာသော ငြင်းခုန်မှု ပဋိပက္ခတွေဖြစ်ခဲ့ရပြီး နောက်တော့ ပြည်သူတွေကို ပထမဆုံးဗီတိုအာဏာ စတင်အပ်တဲ့ (၁၈ဝ၂)ခု မေလ Constitution ကို ရေးဆွဲပြဌာန်းခဲ့ကြပြန်ပါတယ်။ ဗိတိုဥပဒေအရ အသက်(၂ဝ)ပြည့်တဲ့ တိုင်းသူပြည်သားတိုင်း အခြေခံဥပဒေတည်ပြုရေးအတွက် မဲပေးစေခဲ့ပါတယ်။ မဲဆန္ဒရှင်ပေါင်း (၇၂၄၅၃)က သဘောတူမဲပေးပါတယ်။ (၉၂၃၃၂)က သဘောမတူမဲ ပေးခဲ့ကြပါတယ်။ (၁၆၇၁၇၂)က ကြားနေခဲ့ပါတယ်။ အဲဒီ ကြားနေတဲ့မဲများဟာ သဘောတူတဲ့ မဲများဖြစ်တယ်လို့ဆိုပြီးတော့ အဲဒီအခြေခံဥပဒေကို အတည်ပြုကြောင်း ကြေညာခဲ့ပါတယ်။

မူလအခြေခံဥပဒေနဲ့စာရင် အခုပြင်ဆင်တဲ့အခြေခံဥပဒေဟာ အနည်းငယ် အောင်မြင်လာပါတယ်။ ဒါပေမယ့် နပိုလီယံဟာ သူ့သဘောနဲ့သူ ဃညေအသည လို့ဆိုတဲ့ ပြည်နယ်ပိုင်းကို သီးခြားအခြေခံဥပဒေကိုယ်စီ ရေးဆွဲပြဌာန်းပေးပြန်တယ်။ အဲဒါကို ဖြန်ဖြေရေးဥပဒေလို့ခေါ်ပြီး (၁၈ဝ၃)ခု ဖေဖေါ်ဝါရီလ(၁၉)ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ သို့သော်လည်း နောက်ဆုံး နပိုလီယံအာဏာကျတော့ အဲဒီအခြေခံဥပဒေလည်း ပျက်စီးခဲ့တာပါဘဲ။ (၁၈၁၅)ခု သြဂုတ် လ(၇)ရက်နေ့မှာ ဖြန်ဖြေရေးအခြေခံဥပဒေကို ရပ်ဆိုင်းပြီး မူလအတိုင်း တိုက်ရိုက်ပြန်လည် ထူထောင်ကာ (၂၂)ခုသော Canton တို့ဟာ ပြည်ထောင်စုသဘောတူညီချက် လို့ဆိုတဲ့ Federal Agreement ကို လိုက်နာပါတယ်ဆိုပြီး ကျမ်းကျိန်ခဲ့ကြပါတယ်။ အချုပ်အချာ အာဏာပိုင်ပြည်နယ်တိုင်းက အရေးပိုင်သံအမတ်ကြီးတွေကို တွေ့ဆုံတဲ့ တိုက်ရိုက်လွှတ်တော်ပါဘဲ။

ဆွီဇာလန်ပြည်သူတွေက ရွေးချယ်စေလွှတ်တဲ့ကိုယ်စားလှယ်တွေ မဟုတ်ခဲ့ပါဘူး။ အလွန် လျော့လျော့လျဲလျဲဖွဲ့ထားတဲ့ Confederation တခုပါဘဲ။ အဲဒါ နောက်ဆုံးတော့ ကိုယ့်ပြည် နယ်နဲ့ကိုယ် သီးခြား ရှေးကျကျအတိုင်း နေလိုတဲ့ Federalist တွေနဲ့၊ ဒါတွေအကုန်ဖျက်ပြီး တခုတည်းသော ညီညွတ်သောဒီမိုကရေစီနိုင်ငံ ထူထောင်လိုတဲ့ Radicalist တွေဟာ နှစ်ပေါင်း(၃ဝ)ကျော်မျှ အငြင်းပွားမှု ပဋိပက္ခမှုကြီးတွေ ဖြစ်ခဲ့ကြရပါတယ်။ အချို့တွေ Canton လည်း ထွက်ကုန်ကြပါတယ်။ (၁၈၄၆)ခုနှစ်မှာ ပြည်တွင်းစစ်ဖြစ်ပါလေရော။

Centerban Canton တွေ အရေးရှုံးနိမ့်ပြီးတဲ့နောက် ခွဲထွက်တဲ့ပြည်နယ်တွေကို Confederation ထဲမှာ ပြည်လည် ဝင်ရောက်စေခဲ့ပါတယ်။ ရာဇဝင်မှာ ဆွစ်အမျိုးသားညီ ညွတ်ရေးအောင်ပွဲအဖြစ်နဲ့ အဲဒီပြည်တွင်းစစ်ကို အသိအမှတ် ပြုခဲ့ကြပါတယ်။ အဲဒီလို ပြည်တွင်းစစ်ကြီးဖြစ်ရသည်မှစပြီး (၁၈၄၈)ခုနှစ်မှာ Diet ဟာ ဒီနေ့အခြေခံဥပဒေကြီးကို စတင်ရေးဆွဲခဲ့စေခဲ့တာပါဘဲ။

အဲဒီအခြေခံဥပဒေဟာလည်း ရှေးမူနဲ့ခေတ်သစ်မူ စုစေည်းရေးမူ(၂)ခုကို စေ့စပ် ဖြန်ဖြေထားတဲ့ဥပဒေပါဘဲ။ အဲဒီ ဆွီဇာလန်ပြည်ထောင်စုဥပဒေသစ်နိဒါန်းမှာ ဘယ်လိုဆိုပါသလဲဆိုရင် “ဘုရားသခင်ရဲ့ အလိုဆန္ဒအတိုင်း ပြည်နယ်ပေါင်းချုပ်မဟာမိတ်အဖွဲ့ဟုဆိုအပ်သော ဤဆွီဇာလန် (Confederation) သည် ဆွီဇာလန်အမျိုးသားတို့ ဂုဏ်ကျက်သရေနဲ့တကွ ညီညွတ်ရေးအင်အားတောင့်တင်းရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် Federal Constitution ကို ပြဌာန်းလိုက်ပေသည်။” လို့ Confederation နဲ့ Federation ကို စေ့စပ်ရောမွှေပြီး သူတို့ရာဇဝင်ဘဝဖြစ်စဉ်နဲ့ ကိုက်ညီအောင် လုပ်ဆောင်ထားတာကို ကျနော်တို့ တွေ့ရပါလိမ့်မယ်။

အဲဒီမှာလည်း Confederation ဟာ စကတည်းက အချုပ်အချာအာဏာပိုင် ပြည်နယ် Canton တွေနဲ့ စတင်ပြီးတော့ ဖွဲ့စည်းခဲ့တယ်ဆိုတာရယ်၊ တဖြေးဖြေး Centeralization ဆိုတဲ့ ဗဟိုခေါင်းဆောင်မှုနဲ့ ညီညွတ်ရေးစုစည်းချက်ဆီသို့ ရွေ့လျားလာတယ်ဆိုတာရယ် အဲဒါ ကျနော်တို့ ကောင်းမွန်စွာတွေ့ရပါလိမ့်မယ်။

သဘာပတိကြီးခင်ဗျား။ ဆိုဗီယက်ပြည်ထောင်စု ရာဇဝင်ဖြစ်စဉ်ကိုတော့ ကျနော် ပြောစရာမလိုတော့ပါဘူး။ မဟာအောက်တိုဘာ ဆိုရှယ်လစ်တော်လှန်ရေးကြီးက စတင်ပေါက်ဖွားပေးခဲ့ခြင်းပါဘဲ။ (၁၉၁၈)ခုနှစ် Constitution အရ ရုရှပြည်မကြီးကို အခြေခံပြီးတော့ ခေါင်းဆောင်ဖွဲ့ စည်းခဲ့တာပါဘဲ။ ထို့နောက် (၁၉၂၄)ခုနှစ် Constitution မှာ ပြည်နယ် (၄)ခု ပါဝင်လာပြီး (၁၉၃၆)ကျတော့ (၁၆)ပြည်ထောင်စုနယ်ဖြစ်လာပါတယ်။ ဆိုဗီယက်ယူနီယံရဲ့ ဗဟိုခေါင်းဆောင်မှုနဲ့ ညီညွတ်ရေး စုစည်းချက်ဟာ အလုပ်သမားလူတန်းစာနိုင်ငံရေးအာဏာပိုင်စနစ်နဲ့ ဆိုရှယ်လစ်စီးပွားရေး လူမှုအဆောက်အအုံကြီးဘဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း တောင်ကြီးဦးထွန်းမြင့်တို့၊ ဒီနေ့ပြည်နယ်ညီညွတ်ရေးအဖွဲ့ကြီးတို့ ဟာ အလိုရှိတဲ့ဟာတွေအကုန်လုံးအပြင် လူမျိုးစုရေးရာပြဿနာမှာ ပြဿနာများဖြေရှင်း ရေးနဲ့ပတ်သက်ရင် ကမ္ဘာမှာ စံယူရလောက်အောင် အခွင့်အရေး အပြည်အစုံ ထည့်သွင်းပြဌာန်းနိုင်ခြင်းဘဲဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးသမတနိုင်ငံတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသတွေ၊ လူမျိုးစုဒေသတွေစသဖြင့် လူမျိုးကြီး/ငယ်ပေါင်း(၁၈၁)မျိုး၊ ဘာသာစကားကြီး ပေါင်း(၅၅)မျိုး၊ ကိုးကွယ်သည့် ဘာသာပေါင်း(၂၂)မျိုးကို တကယ်တန်းတူညီမျှဖွဲ့စည်းကြရပြီး လောကနိဗ္ဗာန်ထူထောင်နေကြခြင်းဘဲဖြစ်ပါတယ်။

ဆိုဗီယက်နဲ့မြန်မာပြည်ထောင်စု နှစ်ပြည်ထောင်ကလွဲရင် ကမ္ဘာမှာ ဘယ်ပြည်ထောင်စုမှာမှမရှိတဲ့ ခွဲထွက်ပိုင်ခွင့်နဲ့တကွ လက်နက်ကိုင်တပ်များ ဖွဲ့စည်းခွင့်၊ နိုင်ငံတကာ ဆက်သွယ်ရေးမှ လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်၊ ကိုယ့်ကြမ္မာကိုယ် လုံးဝဖန်တီးရေးအတွက် စီမံကိန်းများရေးဆွဲဖော်ထုတ်ပိုင်ခွင့်စတဲ့ အခွင့်အရေးများ အပြည့်အဝရရှိစေပါတယ်။
ကမ္ဘာမှာရှိသေးတဲ့ အခြားပြည်ထောင်စုများကိုတော့ ကျနော်မပြောလိုပါဘူး။ ကနေဒါ၊ သြစတြေးလျ၊ တောင်အာဖရိက များအကြောင်းကတော့ အင်္ဂလိပ်ရှင်ဘုရင်သစ္စာခံတဲ့ ဒိုမီနီယံပြည်ထောင်စုများဖြစ်တဲ့အတွက် ကျနော် ဒီနေရာမှာ အထူး မပြောလိုပါဘူး။

အဲဒီတော့ ချုပ်လိုက်ရင် ဗမာပြည်မကိုအခြေခံပြီး ပြည်ထောင်စုဖွဲ့စည်းတာဟာ နိုင်ငံတကာ ပြည်ထောင်စုများ ဖြစ်ပေါ်လာပုံရာဇဝင်အရလည်းကောင်း၊ ဗဟိုခေါင်းဆောင်မှုနဲ့ ညီညွတ်ရေးစုစည်းချက်အတွက် ဒီအချိန်ဒီအခါမှာ ဒီလိုဘဲဖွဲ့စည်းရမယ်ဆိုတာ ဘဝကိုက ပေးတဲ့ပစ္စည်း၊ ဘုရားကိုက ပေးတဲ့ပစ္စည်းဘဲဆိုတာ ကျနော်တို့တော့ အလေးအနက် ယုံကြည်တယ်။

ဒါပေမယ့် ကမ္ဘာ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ဆန့်ကျင်ပြီး ဗမာပြည်မှလူမျိုးစုကြီးက ပြည်နယ်များကို အနိုင်ကျင့် ထားတာလားလို့ အခြေခံဥပဒေကြောင်းအရဘဲ စစ်ဆေးကြည့်ရအောင်။

၁။ ကမ္ဘာ့ဒီမိုကရေစီထုံးတမ်းအစဉ်အလာအရ ပြည်ထောင်စုလွှတ်တော်ကို လူဦးရေ အချိုးအစားနဲ့ ရွေးကောက် တင်မြှောက်စေပြီး ဗဟိုအစိုးရကို ရွေးချယ်ခြင်း၊ သို့ကလို ရွေးချယ်သည့်နေရာမှာလည်း ပြည်နယ်များမှ ကိုယ်စားလှယ်များကိုလည်း ပါဝင်ထည့်သွင်းခြင်း၊

၂။ လူမျိုးစုများအားလုံး ညှိနှိုင်းသဘောတူချက်အရ လူမျိုးစုလွှတ်တော်ကို ရွေး ကောက်ဖွဲ့စည်းခြင်း၊

၃။ ကမ္ဘာ့ဒီမိုကရေစီထုံးတမ်းစဉ်လာအရ ငွေဥပဒေကြမ်းမျိုးမှတပါး ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်တို့သည် ဥပဒေပြုရေးတွင် အာဏာတန်းတူဖြစ်ခြင်း၊

၎။ ကမ္ဘာ့ပြည်ထောင်စုအစိုးရတိုင်း ပြည်ထောင်စုညီညွတ်ရေးအတွက် အရေးတကြီးကာကွယ်ပြဌာန်းရမယ့် ပြဌာန်းချက် (၆)ရပ်အနက် တရပ်ဖြစ်သည့် လူမျိုးစုကြီးက လူမျိုးစုငယ်များကို မထိပါးနိုင်ရန် ပြည်ထောင်စုပြည်သူ့လွှတ်တော်က ရွေးချယ်သောဗဟို အစိုးရမှာ ပြည်နယ်ကောင်စီမှ ကိုယ်စားလှယ်များအား ပြည်ထောင်စုဝန်ကြီးများအဖြစ်နဲ့ ပူးပေါင်း ဖွဲ့စည်းစေခြင်း၊ ညီတူညီမျှ တာဝန်ရှိစေဖြင်း၊

၅။ ပြည်နယ်/ပြည်မနှင့် ပြည်နယ်များအချင်းချင်း ပဋိပက္ခများ၊ မကျေလည်ချက်များကို ဥပဒေကြောင်းအရ လုံးဝ လွတ်လပ်စွာ ဖြေရှင်းအဆုံးအဖြတ်ပြုနိုင်ရန်အတွက် တရားလွှတ်တော်ချုပ်သို့ အာဏာပေးအပ်ထားခြင်း၊

၆။ ပြည်ထောင်စုပါလီမန်မှာ သုံးပုံနှစ်ပုံ သဘောတူညီချက်ရမှသာ အခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း၊

၇။ ရာဇဝင်အစဉ်အလာအရ၊ အချုပ်အချာအာဏာအရ ပြည်နယ်အဖြစ် ထူထောင်ခဲ့သော ရှမ်းပြည်နယ်ကဲ့သို့သော ပြည်နယ်ကို ခွဲထွက်ခွင့်ကို မူအားဖြင့် အပ်နှင်းထားခြင်းပင်ဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား။ ဒီနေရာမှာ ကျနော်တို့ရဲ့ပြည်ထောင်စုဖွဲ့စည်းပုံဟာ မူအရ၊ ပုံစံအရ ကမ္ဘာ့ဒီမိုကရေစီအစဉ်အလာနဲ့ ကိုက်ညီကြောင်းကိုသာ အလေးအနက်ထားပြီး ပြောဆိုနေခြင်းဖြစ်ပါတယ်။ ဗဟိုပြည်ထောင်စုအစိုးရရဲ့အာဏာကို လက်တွေ့ ကိုင်တွယ်ကျင့်သုံးနေတဲ့ ပုဂ္ဂိုလ်၊ ပါတီ၊ အဖွဲ့အစည်း၊ အင်အားစုတို့ရဲ့ သဘောထားမှား၊ လုပ်ရပ်မှားကြီးတွေ အတွက်တော့ ကျနော်တို့ပြည်သူတွေက တာဝန်မခံနိုင်ပါဘူး။ အဲဒါကတော့ Subjective Factor လို့ခေါ်တဲ့ ကတ္တားပိုင်း ဆိုင်ရာပြဿနာပါ။ နိုင်ငံရေးအရ ရဲရဲတင်းတင်းစာရင်းရှင်းပစ် ရမယ့်ကိစ္စဖြစ်ပါတယ်။

သာဓကအားဖြင့် ပထစအစိုးရ တက်ပြီးတဲ့နောက် မလုံလောက်တဲ့အကြောင်း တချက်ပြပြီး ပြည်မကဲဘိနက်၊ ပြည်နယ် လူမျိုးစုကဲဘိနက်ရယ်လို့ ခွဲစိတ်ပစ်ခဲ့ခြင်းဟာလည်း ကာယကံမြောက်အားဖြင့် ဗဟိုပြည်ထောင်စုအာဏာနဲ့ ဗဟိုပြည်ထောင်စုညီညွတ်ရေးကို ခွဲစိတ်ပစ်လိုက်ခြင်းဖြစ်တဲ့အတွက် ကျနော်တို့ များစွာစိတ်နာခဲ့ပါတယ်။ သို့သော်လည်း ကျနော်တို့မှာ ပါလီမန်မှာ တကောင်တမြီးမှ မရှိတဲ့အတွက်ကြောင့် ကျနော်တို့ ဒါကို ကျိတ်မှိတ်ပြီး သည်းခံလိုက်ရပါတယ်။ အဲဒီတော့ ပထမကွဲလွဲချက်နေရာက ပြည်မကို အခြေခံပြီးတော့ ပြည်ထောင်စုဖွဲ့စည်းခြင်းဟာ ရာဇဝင်ဖြစ်စဉ်နဲ့ ဘဝအခြေအနေအရ မှန်ကန်ကိုက်ညီတယ်လို့ ကျနော်တို့က ရိုးသားစွာယုံကြည်တယ်။

ပြည်ထောင်စုတိုင်းရဲ့ ဗဟိုခေါင်းဆောင်မှုနဲ့ ညီညွတ်ရေးစုစည်းချက်နဲ့ အခုအချိန်အခါမှာ အင်မတန်အဖိုးတန်တဲ့ စီမံချက် တရပ်ဖြစ်တယ် လို့ ကျနော်တို့ အလေးအနက်ခံယူတယ်။ ကျနော်တို့ရဲ့ ပြည်ထောင်စုခေါင်းဆောင်များရဲ့ Federal အစစ် အဆိုပြုချက်တွေကို နားထောင်ရင်း လေ့လာရင်းနဲ့ အမေရိကန်၊ ဆွီဇာလန်တို့ ရဲ့ ဟိုရှေးတုန်းက ရာဇဝင်အစက အလွတ် လျော့လျဲစွာဖွဲ့စည်းလာဖူးတဲ့ Confederation ပုံစံတွေကို ကျနော်တို့အဖို့ ကြားယောင်မြင်ယောင်ဖြစ်လာပါတယ်။ ပြည်နယ်ညီနောင် ခေါင်းဆောင်ကြီးများက လက်ရှိ ဒီပုံဖွဲ့စည်းထားခြင်းဟာ ပြည်မက ပြည်နယ်လူမျိုးစုတွေကို ချုပ်ချယ် လွှမ်းမိုးထားတယ်လို့ယုံကြည်တယ်။ အဲဒီလို ကျနော်တို့နဲ့ သဘောကွဲလွဲနေပါတယ်။ ဒါဟာ ပထမကွဲလွဲချက်ဖြစ်ပါတယ်။

ဒုတိယကွဲလွဲချက်က ရပ်တည်မှုခြားနားနေချက်ဖြစ်ပါတယ်။ Stand Point လို့ခေါ်ပါတယ်။ ဆိုလိုရင်းကတော့ ကျနော်တို့က ပြည်ထောင်စုတွင်း လူမျိုးစုရေးရာနဲ့ပတ်သက်လို့ ဒီကနေ့လက်ငင်းပြဿနာ Order of the Day ဟာ ပြည်မကို ပြည်နယ်ဖွဲ့ရန်မဟုတ်သေး၊ ပြည်နယ်ရထိုက်သောလူမျိုးစုများ ပြည်နယ်ရရေးနဲ့ ပြည်နယ်ရရှိရေးလူမျိုးစုများ လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးမြှင့်တင်မှုဘဲလို့ ကျနော်တို့ယူဆပါတယ်။ ပြည်နယ်ခေါင်းဆောင်များကတော့ မိမိတို့ဘဝရပ်တည်မှုမှာ အခြေမခံဘဲ အားလုံးသောပြဿနာတွေဟာ ပြည်မကို ပြည်နယ်တခုလုပ်လိုက်ရင် ကိစ္စအားလုံး အေးကုန်မယ်လို့ ယူဆကြတယ်။ အဲဒီလို Stand Point ကျနော်တို့နဲ့ ခြားနားနေပါတယ်။

တတိယကွဲလွဲချက်ကတော့ ပြဿနာချဉ်းကပ်ပုံချင်း ခြားနားချက် Approach ဘဲဖြစ်ပါတယ်။ ကျနော်တို့က လူမျိုးစု ပြဿနာများနဲ့တကွ ပြည်ထောင်စုတခုလုံး သောင်မတင်ရေမကျနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စစ်ရေးမှစပြီးတော့ အကြပ်အတည်းဆိုက်နေရတာတွေဟာ နယ်ချဲ့ပယောဂနဲ့ ပြည်တွင်းစစ်ပဋိပက္ခတွေကို မရှင်းမလင်းနိုင်သမျှ ဆက်လက် ခံစားနေရဦးမယ်လို့ ကျနော်တို့က အလေးအနက်ယုံကြည်တယ်။ ဒါကြောင့် ဒီပြဿနာတွေ ဖြေရှင်းရေးဟာ လက်ငင်း ပထမ၊ ပြဿနာအဝဝ ငြိမ်းချမ်းညီညွတ်စွာဖြေရှင်းရေးဟာ ဒုတိယလို့ ကျနော်တို့က ဒီလိုဘဲချဉ်းကပ်ပါတယ်။ ကျနော်တို့ ပြည်နယ် နောင်တော်ရဲဘော်ကြီးများကတော့ ပြည်ထောင်စုစစ်စစ်မူအရ ကိုယ့်ခြံကိုယ်ခတ်ကြရေးသည် ပထမ၊ ပြဿနာအဝဝ နောက်ကျမှ တန်းတူညီမျှဖြေရှင်းရေးသည် ဒုတိယလို့ ယူဆကြပါတယ်။ အဲဒီလို ပြဿနာ ချဉ်းကပ်ပုံမှာလည်း ကျနော်တို့နဲ့ ဝမ်းနည်းစွာ ခြားနားနေပါတယ်။

အဲဒီလို ခြားနားကွဲလွဲချက်များဟာ (၃)နေရာမှာ ခွဲခြားတွေရှိခံစားလာခဲ့ရပါတယ်။ ဒါတွေကိုလည်း ကျနော်တို့နဲ့ ပြည်နယ် ခေါင်းဆောင်များဟာ အပြန်အလှန် တဦးနဲ့တဦး ညီ ရင်းအကို မိသားစုစိတ်ဓါတ်နဲ့ဆန္ဒတူသဘောပေါက်ကြစေရန် ကူညီ ကြိုးစားကြမည်ဖြစ်ပါတယ်။ ကျနော်တို့ကိုလည်း ကူညီကြိုးပမ်းပါလို့ မေတ္တာရပ်ခံပါတယ်။

သဘာပတိကြီးခင်ဗျား။ ပြည်ထောင်စုစစ်စစ်ဆိုတဲ့မူဟာ အခုလိုအခြေအနေမျိုးမှာ ဘယ်နည်းနဲ့မျှ မသင့်တော်သေးကြောင်း ပြည်တွင်းပြည်ပရေးရာရှုဒေါင့်များနဲ့နိုင်ငံတကာ အခြေခံခံဥပဒေများမှ ကျနော်တို့ အကြောင်းပြကန့်ကွက်ခဲ့ပြီးပါပြီ။ ညှိနှိုင်းတင်ပြခဲ့ပြီးပါပြီ။ ကျနော်တို့ကို စောဒကတက်စရာ တခုကျန်ပါလိမ့်မယ်။ “ဒါဖြင့်ရင် ပြည်ထောင်စုစစ်စစ်မူဟာ ဗမာပြည်ထောင်စုနဲ့ ဘယ်တော့မှမထိုက်တန်တော့ဘူးလား”လို့ မေးစရာရှိပါတယ်။ မြန်မာပြည်ထောင်စုရဲ့ အနာဂတ် ရာဇဝင်တွေမှာ ပြည်မ/ပြည်နယ်အားလုံး တကယ်တန်းတူညီမျှ အပြည့်အဝအကောင်အထည်ဖော်နိုင်ကြမယ့်ကာလကို မုချတွေ့ရပါလိမ့်မယ်လို့ ကျနော်တို့က ဒီလိုပြောချင်ပါတယ်။ ‚ကာလကတော့ တခြားမဟုတ်ပါဘူး။ မြန်မာ ပြည်ထောင်စု ဆိုရှယ်လစ်သမတနိုင်ငံတော်ကို ထူထောင်နိုင်ကြတဲ့ကာလဘဲဖြစ်ပါတယ်။ တဦးနဲ့တဦး၊ တတန်းစားနဲ့တတန်းစား၊ လူမျိုးစုတခုနဲ့တခု၊ ပြည်နယ်တခုနဲ့တခု နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအားဖြင့် လုံးဝ ခေါင်းပုံဖြတ် သွေးစုပ်မှုကင်းတဲ့ ဆိုရှယ်လစ် လူမှုအဆောက်အအုံ ထူထောင်နိုင်ကြတဲ့အခါမှာ ယနေ့ ဆိုဗီယက်ပြည်ထောင်စုသမတနိုင်ငံမှာကဲ့သို့ ပြည်နယ်အားလုံး လူမျိုးစုအားလုံးတို့ဟာ တကယ်တန်းတူညီမျှအခြေခံပေါ်မှာ အစွမ်းကုန် လွတ်လပ်စွာ တိုးတက်မှု ရရှိကြမည်မှာ မုချပါဘဲ။

ဆိုရှယ်လစ်ပြည်ထောင်စုအတွင်းမှာ လူမျိုးစုများအားလုံး ဘယ်ကဲ့သို့ တန်းတူညီမျှ အပြည့်အဝရှိတယ်ဆိုတာ ဆိုဗီယက်ယူနီယံဟာ ဘယ်ရန်သူ ဘယ်မိတ်ဆွေကမှ အပြစ်မထွက်နိုင်တော့တဲ့ ကမ္ဘာ့လက်တွေ့ သက်သေ ပြချက်ကြီးအဖြစ်နဲ့ ရပ်တည်လျက်ရှိနေပါတယ်။ အဲဒီလိုထူထောင်ရတဲ့ ပြည်ထောင်စုစစ်စစ်ဆိုရင် ကျနော်တို့ ဘာမှ အငြင်းပွားစရာလည်း မလိုတော့ပါဘူး။ တမျိုးသားလုံးရဲ့ လူမှုတော်လှန်ရေးတိုးတက်မှုဖြစ်စဉ်အတွင်း သဘာဝကျကျ ပေါ်ထွက်လာမယ့် ဆိုရှယ်လစ်ပြည်ထောင်စုဖြစ်တဲ့အတွက်ကြောင့် ရာဇဝင်ကိုက ပေးအပ်လာတဲ့ ပြည်ထောင်စုစစ်စစ် ဖြစ်ပါလိမ့်မယ်။ ဆိုလိုရင်းကတော့ခင်ဗျာ ဒီနေ့ ကျနော်တို့ ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ အမျိုးသားလွတ်လပ်ရေးတော်လှန်ရေးကြီးကသာ သဘာဝကျကျညီညွတ်စွာ သီးပွင့်ပေါက်ဖွားပေးသကဲ့သို့ အနာဂတ် ဆိုရှယ်လစ်တော်လှန်ရေးကြီးကလည်း အနာဂတ်ဆိုရှယ်လစ်ပြည်ထောင်စုစစ်စစ်ကို သဘာဝကျကျ ပေါက်ဖွား သီးပွင့် ပေးပါလိမ့်မယ်။ ဒါကို ကျနော်တို့ယုံကြည်ပါတယ်။ ဆိုခဲ့တဲ့ ဆိုရှယ်လစ်ပြည် ထောင်စုစနစ်ကို ငြိမ်းချမ်းစွာ ကူးပြောင်း ထူထောင်နိုင်ရန်အတွက် ပြည်တွင်းပြည်ပအလား အလာများက ကောင်းစွာပြနေပါတယ်။ ထိုကာလဟာ မဝေးတော့ဘူးလို့ ကျနော်တို့ ယုံ ကြည်ယူဆပါတယ်။ ယနေ့ ပြည်ထောင်စုလူငယ်တို့ရဲ့ လူသားအစဉ်အဆက်မှာဘဲ မြန်မာပြည်ထောင်စု ဆိုရှယ်လစ်သမတနိုင်ငံတော်ဟာ မုချဖြစ်ပေါ်ရတော့မယ်လို့ ကျနော်တို့ ယုံကြည်မျှော်လင့်နေကြပါတယ်။ ယနေ့ကျနော်တို့ ပြည်နယ်/ပြည်မရှိ ပြည်သူအားလုံးတို့ဟာ ဆိုရှယ်လစ်ပြည်ထောင်စုကို ဦးတည်ချီတက်ကြရင် အမျိုးသားဒီမိုကရေစီ ထူထောင်ရေး လုပ်ငန်းစဉ်များကို တက်ညီလက်ညီနဲ့ အစွမ်းကုန်ကြိုးပမ်းတည်ဆောက်ရန်သာ လက်ငင်း အရေးကြီး ဖြစ်ပါတယ်လို့ ကျနော်တို့ လေးစားစွာတင်ပြလိုပါတယ်။

သဘာပတိကြီးခင်ဗျား။ ကျနော်တို့ စောဒကတက်စရာတခု ဆက်လက်ကျန်ပါလိမ့်ဦးမယ်။ ထိုအချက်ကတော့ လက်ရှိ ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်ရှိအခြေအနေနဲ့ အတွေ့အကြုံများအရ ဘာမှပြင်စရာ မလိုတော့ဘူးလားလို့ မေးစရာရှိ နေပါတယ်။ အဖြေကတော့ လက်ရှိအနေအထားနဲ့ပုံစံအတွင်းမှာ ပြင်စရာတွေ အတော်ဘဲရှိ ပါလိမ့်မယ်။ ဒါတွေနဲ့ပတ်သက်လို့ ရာဇဝင်ကြောင်းနဲ့တကွ လိုက်နာပြုပြင်အပ်တဲ့ အခြေခံမူများကို ကျနော်တို့ရဲ့ လူမျိုးစုရေးရာ အကြံပေးစာတမ်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ထိုအကျယ်စာတမ်းကို သဘာပတိကြီး နဲ့တကွ လူမျိုးစုကိုယ်စားလှယ်တော်ကြီးများအားလုံးထံ ကျနော်တို့ ချစ်ခင်ရင်းနှီးစွာ ဝေငှကမ်းလှမ်းမည် ဖြစ်ပါတယ်။

သို့သော်လည်း ဒီနေရာမှာ အရေးကြီးတဲ့အချက်တချို့ကို ဖော်ထုတ်တင်ပြလိုပါတယ်။ ယနေ့ပြဿနာဟာ ပြည်မဧရိယာကို ပြည်နယ်တခုဖွဲ့ရေးတောင်းဆိုရန်မဟုတ်၊ ပြည်နယ်ရထိုက်သောလူမျိုးစုများ ပြည်နယ်ရရှိရေးနှင့် ရရှိထူထောင်ပြီး ပြည်နယ်များ အားလုံး တန်းတူညီမျှအခြေခံတွင်ရပ်တည်စေပြီး ကိုယ်ပိုင်အုပ်ချုပ်မှုအခွင့်အရေးများ အပြည့်အဝ ရရှိရေးသာ အဓိကဖြစ်တယ်။

ဒီအတွက် ပြင်ဆင်ဖို့က ပြည်ထောင်စုဗဟိုအစိုးရတွင် ပြည်နယ်ကိုယ်စားလှယ်များအား ပြည်ထောင်စုတာဝန်ခံများအဖြစ် အာဏာအပြည့်အစုံရရှိထိမ်းရွက်စေခြင်း၊ နောက်တချက် ပြည်ထောင်စုနဲ့ပြည်နယ်များ အာဏာခွဲဝေရေး၌ ပြည်နယ်များ၏ လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးမူပေါ်တွင် တိကျပြတ်သားမှုရရှိစေရေး၊ နောက်တချက် ပြည်ထောင်စုနဲ့ ပြည်နယ်များ အတွင်းရှိ သယံဖာတပစ္စည်းများထုတ်လုပ်ရေးတွင် ပြည်ထောင်စုအခြေခံ/ပြည်နယ်အခြေခံဟာ ခွဲခြားပြီး စီမံကိန်းများနှင့် စနစ်တကျ ဆက်စပ်လုပ်စေရန်အတွက်လည်းကောင်း ပြည်ထောင်စုစီမံကိန်းကော်မရှင်၊ ပြည်နယ်အလိုက် စီမံကိန်း ကော်မရှင်များကို ဥပဒေအရ အခိုင်အမာဖွဲ့စည်း၍ ဆက်စပ်လုပ်ောဆင်သွားရေး။ နောက်တချက် ပြည်ထောင်စု တိုးတက်ကြီးပွားမှု ရန်ပုံငွေကြီးတရပ် ဖွင့်လှစ်၍ တရားဝင်ထည့်ဝင်ခြင်း၊ တရားဝင်ထုတ်ယူခြင်းတို့ ပြုလုပ်စေရန်နဲ့ ၄င်းအပြင် ပြည်ထောင်စုက ပြည်နယ်များသို့ အထူးထောက်ပံ့ငွေများ သီးခြားပေးအပ်ရေး။ နောက်တချက် ပြည်ထောင်စုဝန်ထမ်းအဖွဲ့၊ ပြည်နယ်ဝန်ထမ်းအဖွဲ့ကို သီးခြားထားရှိရေးနဲ့ထိမ်းချုပ်ပြုပြင်ရေး။ နောက်တချက် ဂျပန်စစ် လျော်ကြေးနဲ့တကွ နိုင်ငံခြားအကူအညီအထောက်အပံ့များကို ပြည်နယ်များအမြန်ဆုံးတိုး တက်ကြီးပွားရေးအတွက် ပြည်မထက် အထူးအခွင့်အရေးများ ပိုမိုခံစားခွင့်ပေးရေး။ နောက်တချက် ပြည်နယ်ကောင်စီများကို ပြည်နယ်ဥပဒေပြု လွှတ်တော်အဆင့်အတန်းသို့ မြှင့်တင်ပေးရေး၊ ပြည်နယ်ဥက္ကဋ္ဌများကို လွတ်လပ်စွာရွေးကောက်တင်မြှောက်ခွင့်ပြုရေး။ နောက်တချက် ပြည်နယ်ဆိုင်ရာဘတ်ဂျက်များ သီးခြားလုပ်ဆောင်ပြဌာန်းခွင့်ရရှိစေရေးနဲ့ ပြည်ထောင်စု ပြည်နယ် အခွန်တော် ခွဲဝေရေးတွင် အတိအကျညှိနှိုင်းသတ်မှတ်ရေး။ နောက်တချက် လက်ရှိပြည်ထောင်စုဥပဒေစာရင်းမှာ မြေယာ၊ သစ်တော၊ သတ္တုတွင်း၊ ရေနံတွင်းများ၊ စက်မှုလက်မှုထူထောင်ရေးများနဲ့ အခြားညှိနှိုင်းရရှိသောဘာသာရပ်များကို ပြည်နယ်/ပြည်မ စုပေါင်းသက်ဆိုင်သော တတိယစာရင်းတွင် ထည့်သွင်းရန်နှင့် ပြည်နယ်တိုင်းသည် အထက်ပါ လုပ်ငန်းများတွင် ဗဟိုပြည်ထောင်စုအစိုးရ၏ဝါဒနျင့်ဆန့်ကျင်လျှင် လုံးဝလွတ်လပ်စွာလုပ် ဆောင်ပိုင်ခွင့်၊ အကျိုး ခံစားခွင့် ရရှိစေခွင့်။ နောက်တချက် အလုပ်သမားအခွင့်အရေး၊ မြေယာစနစ်ပြုပြင်ရေး၊ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးစနစ် ထူထောင်ရေးလုပ်ငန်းများတွင်း ပြည်နယ်တိုင်းသည် ဗဟိုပြည်ထောင်စုအစိုးရ၏ ထူထောင်ရေးလုပ်ငန်းများတွင် ပြည်နယ်တိုင်းအတွက် လုံးဝလွတ်လပ်ခွင့်ရရှိစေရေးနှင့် ဗဟိုပြည်ထောင်စုအစိုးရ၏ စီးပွားရေး လူမှုရေး စသော(ဘုတ်နှင့် ကော်ပိုရေးရှင်း)များတွင် ပြည်နယ်ကိုယ်စားလှယ်များသည် တန်းတူရည်တူ အပြည့်အဝပါဝင်ရရှိစေရေး။ နောက်တချက် ပြည်နယ်များတွင် ဗဟိုပြည်ထောင်စုအစိုးရ၏ ဝါဒနှင့်အညီ အသိပညာတိုးတက်ရေးအတွက် လူမျိုးစုဘာသာအလိုက် သီးခြားအသံလွှင့်ရုံများ ထူထောင်ခွင့်ရရှိစေရေး။ နောက်တချက် ပြည်နယ်တိုင်း ပဒေသရာဇ်ဖိနှိပ်ချုပ်ချယ်မှု၊ လူမျိုးကြီးဝါဒ ဖိနှိပ်ချုပ်ချယ်မှု၊ စစ်ဝါဒဖိနှိပ်ချုပ်ချယ်မှုဝါဒဖယ်ရှား၍ ဒီမိုကရေစီဘဝကို ပြည့်ဝစွာဖြည့်တင်းပေးရေး နောက်ဆုံးတချက် အရေးအကြီးဆုံးညှိနှိုင်းရမည့်အခြေခံတရပ်မှာ အနာဂတ်တွင် မြန်မာပြည်ထောင်စု ဆိုရှယ်လစ် သမတနိုင်ငံ ထူထောင်ရေးအတွက် လက်ရှိ အခြေခံဥပဒေနှင့် ပြည်နယ်ဆိုင်ရာအခြေခံဥပဒေများတွင် တိကျပြတ်သားသော ရည်ညွှန်းချက်များကို အပြည့်အစုံထည့်သွင်းပြဌာန်းရေးပငါဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား။ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြင်ဆင်ရန် လိုအပ်သောအချက်အချို့ကို ကျနော်တင်ပြလို့ပြီးပါပြီ။ ကျန်ကြွင်းသောအချက်များ မူများမှာ ကျနော်တို့ဝေငှမယ့်စာတမ်းအကျယ်မှာ တွေ့ရှိနိုင်ပါတယ်။ ဒါအပြင် ဗဟိုပြည်ထောင်စုအစိုးရက ပြည်နယ်များ၏ အစိုးရအာဏာကို အရေးတကြီးအခြေအနေများရဲ့ သိမ်းယူနိုင်ခွင့် နှင့်ပတ်သက်လို့ ယ္ခုအစိုးရက ပြင်ဆင်ရန်ကြံရွယ်ထားချက်နဲ့ပတ်သက်လို့ ကျနော်တို့ လုံးဝ သဘောမတူနိုင်ပါဘူး။ အထင်မှား အမြင်မှားတွေဖြစ်လာပါလိမ့်မယ်။ လက်ရှိအခြေခံဥပဒေ မှာရှိတဲ့ ပုဒ်မ(၉၄)အရအတိုင်းပင် ဆက်လက် ထားရှိသင့်တယ်လို့ ကျနော်တို့ယူဆပါတယ်။

ထို့ပြင် ပြည်နယ်များခွဲထွက်ခွင့်ရရှိရေးမူနဲ့ပတ်သက်လို့ မူအားဖြင့် ပြည်ထောင်စု အင်္ဂါနှင့်အညီ အသိအမှတ်ပြုပါတယ်။ ကမ္ဘာမှာတော့ ဆိုဗီယက်ယူနီယံနှင့်မြန်မာပြည်မှာဘဲ ရှိပါတယ်။ သို့သော်လည်း ယနေ့ပြည်တွင်းအခြေအနေများအရ ထိုအခွင့်အရေးကို လက်တွေ့အသုံးပြုရန် မည်သည့်နည်းနှင့်မျှ မလျော်ကန်သေးကြောင်း အားလုံး သဘောပေါက် လက်ခံပြီး ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ဒီပြဿနာနဲ့ပတ်သက်ပြီး ပြည်ထောင်စုနှင့်ပြည်နယ်များ အကျေအလည် ညှိနှိုင်းကြရပြီး ပြည်ထောင်စုတခုလုံး အခိုင်အမာ စုစည်းညီညွတ်နိုင်ရေးအတွက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ကြပါရန် ကျနော်တို့ အထူး မေတ္တာရပ်ခံ ပါတယ်။

သဘာပတိကြီးခင်ဗျား။ နိဂုံးအားဖြင့် ကျနော်တို့ ပမညတရဲ့ သဘောထားများကို အောက်ပါအတိုင်း လိုရင်းကို ဒဲ့ဒိုးဘဲ ထပ်မံတင်ပြပါရစေ
(၁) ယနေ့ ပြည်တွင်းပြည်ပအခြေအနေအရ ‘ပြည်ထောင်စုစစ်စစ်’ဆိုသည့်မူကို ထူထောင်ရင် Confederation ဆန်ဆန်ဖြစ်လာပြီး ပြည်ထောင်စုညီညွတ်ရေးထက် တစတစအားဖြင့် ပြည်ထောင်စုပြိုကွဲရေးကိုသာ အားပေးရာရောက် ပါလိမ့်မည်။ ဒါကြောင့် ကျနော်တို့ သဘောမတူနိုင်ပါ။
(၂) ယနေ့ ပြည်ထောင်စုဖွဲ့စည်းခဲ့တဲ့ (၁၄)နှစ်တာ သက်တမ်းအတွင်းမှာ နယ်ချဲ့ သမားတို့ရဲ့ပယောဂတွေ၊ အုပ်စိုးသူတို့ရဲ့သဘောထားမှားတွေ လုပ်ရပ်မှားတွေကြောင့် ပြည်နယ်လူမျိုးစုများအတွင်း ပြည်သူများအားလုံးနဲ့အတူ များစွာနစ်နာနေရသည်ကို ကျနော်တို့အထူးလှိုက်လှဲစွာ အသိအမှတ်ပြုပါသည်။ အလေးအနက် နာကျည်းပါသည်။ ၄င်းအတွက် ယ္ခုပြည်ထောင်စုဖွဲ့စည်းပုံ ပုံစံအတွင်းမှာဘဲ အနေအထားအတွင်းမှာဘဲ အစွမ်းကုန် လိုက်လျောပြင် ဆင်ပေးရန် ကျနော်တို့ လုံးဝသဘောတူညီပါတယ်။
(၃) ယနေ့ကမ္ဘာပေါ်မှာ ဆိုရှယ်လစ်စနစ်အခြေခံတဲ့ပြည်ထောင်စုစစ်စစ်နဲ့ အရင်းရှင်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစစ်စစ်တို့ ရှိပါတယ်။ ၄င်းတွင် လူတဦးနဲ့ တဦး၊ လူတန်းစားတရပ်နဲ့တရပ်၊ လူမျိုးစုတခုနဲ့တခု၊ ပြည်နယ်တခုနဲ့တခု ဖိနှိပ်သွေးစုပ်မှုရှိနေတဲ့ အရင်းရှင်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစစ်စစ်ဆိုတာဟာ ပုံစံအားဖြင့်သာရှိ၍ အနှစ်သာရကတော့ အတုသာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုရာဇဝင်နဲ့တကွ အခြား အရင်းရှင်ပြည်ထောင်စုရာ ဇဝင်များက ကမ္ဘာတွင် ကောင်းစွာသက်သေခံခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုစစ်စစ်ကို ပုံစံမျှရော အနှစ်သာရမှာရော တကယ်အလိုရှိပါရင် မြန်မာပြည်ထောင်စု ဆိုရှယ်လစ် သမတနိုင်ငံ ထူထောင်ရေးဆီသို့သာ ဦးတည် ချီတက်ကြပါလို့ အလေးအနက်တိုက်တွန်းပါတယ်။ ‘လသာတုန်း ဗိုင်းငင်’ဆိုတဲ့ စကားအရ ပြည်တွင်းပြည်ပအခြေအနေကလည်း ထိုပန်းတိုင်သို့ ပို့ဆောင် လျက်ရှိနေသည်ကို အညီအညွတ် စုပေါင်း အသုံးချရန်ဖြစ်ပါတယ်။

(၄) ယ္ခုကျင်းပလျက်ရှိတဲ့ လူမျိုးစုပေါင်းစုံညှိနှိုင်းဖလှယ်ရေးပွဲကြီးကို အပြန်အလှန် လွတ်လပ်စွာ ညှိနှိုင်းဖလှယ်ရေးပွဲ အဖြစ်နဲ့သာ ကျနော်တို့ အသိအမှတ်ပြုပါရစေ။ တဦးနဲ့တဦး အကျပ်ကိုင်ပြီးတော့ တစုံတခုသောအဆုံးအဖြတ်ကို ရအောင်လုပ်တဲ့ပွဲအဖြစ်နဲ့ ကျနော်တို့ မလုပ်ပါရစေနဲ့။ ကျနော်တို့ မပါပါရစေနဲ့။ ကျနော်တို့မယုံကြည်ပါဘူး။ လက်မခံပါဘူး။ (၁၉၇၄)ခုနှစ် ပင်လုံညီလာခံ ကြီး ဖြစ်ပြီးတဲ့နောက် ဒီတကြိမ်သာ မျက်နှာချင်း ပြန်ဆိုင်ရတာကိုး။ ‘တခါ တက်ဆံ၊ ဆယ်ခါလန်’မဖြစ်စေဘဲ အပြေပြေအလည်လည် အထပ်ထပ် အပြန်ညှိနှိုင်းရေးတွင်သာ အဆုံးသတ်သင့်ပါတယ်။ ဒီနှီးနှောဖလှယ်ပွဲကြီးကို အဖက်ဖက်က မျှတတဲ့အစီအမံတွေနဲ့ သဘောထားကြီးကြီးထားပြီး ကျင်းပရန် ဖြစ်ပါတယ်။

(၅) ထိုဆွေးနွေးညှိနှိုင်းချက်များကို ဆိုင်ရာဆိုင်ရာတို့က ပြန်လှန်သုံးသပ်ကြပြီးတဲ့ နောက်(၁၉၆၃)ခုနှစ်နှစ်ဦးမှာ ‘ပြည်ထောင်စုညီညွတ်ရေးညီလာခံသဘင်ကြီး’ ထပ်မံကျင်းပပြီး၊ ထပ်မံညှိနှိုင်းကြပြီး၊ အစုံအညီလည်း တက်ရောက်စေပြီး အနယ်ထိုင်ကြတဲ့အခါမှာ ဆုံးဖြတ်ချက်များ ချမှတ်သင့်ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ လိုရင်းသဘောထား(၅)ရပ်ကို ဒဲ့ဒိုးတင်ပြခြင်းဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား။ ယ္ခုလို တိုင်းရင်းသားပေါင်းစုံ သွေးချင်းသားချင်းများ စုံညီဆွေးနွေးညှိနှိုင်းရေးသဘင်ကြီးမှာ ပမညတ အဖွဲ့ကြီးရဲ့ကိုယ်စား ဆွေးနွေးညှိနှိုင်းခွင့်ရရှိပါ သဖြင့် သဘာပတိကြီးနှင့်တကွ အားလုံးသော ညီတော်နောင်တော် အပေါင်းတို့အား အထူးလှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း အစီရင်ခံရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။ ။

သြဘာသံများ

No comments:

Post a Comment