တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ညွန့်ပေါင်းသတင်းလွှာ။ ယမုန်နာဆေးခန်း။ ၁၉၉၀ ရွေးကောက်ပွဲ။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ပုလဲသွယ်၊ နိုင်ငံရေး-စာမျက်နှာ။

Monday, March 2, 2009

၁၉၆၂ ခု ပြည်ထောင်စုမူနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ၊
ဖ.ဆ.ပ.လ. ကိုယ်စားလှယ် ဦးဘဆွေ။

ဖ.ဆ.ပ.လ. ကိုယ်စားလှယ် ဦးဘဆွေ

သဘာပတိ ဝန်ကြီးချုပ်နှင့် သွေးချင်းသားချင်း ညီရင်းအကိုဖြစ်ကြတဲ့ ညီတော် နောင်တော်အပေါင်းတို့ခင်ဗျား။ ညီတော် နောင်တော် အားလုံးနှင့် ယ္ခုလို ရင်းရင်းနှီးနှီး တွေ့ ဆုံဆွေးနွေးခွင့်ရတဲ့အတွက် ကျနော် အထူးဘဲ ဝမ်းမြောက်ပါတယ်။ ညီတော်နောင်တော်များ နှီးနှောဖလှယ်ပွဲ ကျင်းပရတဲ့အကြောင်းကတော့ ပြည်ထောင်စုဖွဲ့စည်းပုံမူကြီးကို စဉ်းစားရဖို့ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ နားလည်ပါတယ်။

အင်္ဂလိပ်ကိုလိုနီလက်အောက်ခံဘဝမှာ တကွဲတပြားစီဖြစ်ခဲ့ရတဲ့ ညီတော် နောင်တော်တွေဟာ ပင်လုံညီလာခ့မှာ ပထမဦးဆုံးအကြိမ် ပြန်လည်ပြီးတော့ ကျနော်တို့ တွေ့ဆုံခွင့် ရခဲ့ကြပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဦးစီးခေါင်းဆောင်ပြီးတော့ ရေးဆွဲခဲ့တဲ့အခြေခံဥပဒေ၊ ညီတော်နောင်တော်တွေအားလုံး ကြေကြေညက် ညက်ဆွေးနွေးတိုင်ပင်ပြီး အားလုံးသဘောတူတညီတညွတ်တည်း အတည်ပြုခဲ့တဲ့အခြေခံဥပဒေ အဲဒီ အခြေခံဥပဒေရဲ့အခြေခံမူကြီးကို လွယ်လွယ်နဲ့ပြင်ဆင်ရင် မှားလိမ့်မယ်လို့ ကျနော့် အနေနဲ့ရိုးသားစွာ ယုံကြည်မိပါတယ်။

အခြေခံဥပဒေရဲ့အခြေခံမူကြီးကို ပြောင်းလဲဖို့မလိုလားတာကြောင့် ယ္ခုလိုညီတော် နောင်တော်များ ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးခြင်း ပြုလုပ်ဖို့မလိုဘူးလို့ ကျနော်မဆိုလိုပါဘူး။ ထင်မြင်ယူဆလွဲမှားမှုများ၊ အဆင်မပြေမှုများ အကယ်၍ ရှိရင်လည်း မိသားစုနည်းနဲ့ ရင်းရင်းနှီးနှီး ချစ်ချစ်ကြည်ကြည်နဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးပြီးဖြေရှင်းနိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မိသားစုနည်းနဲ့သာ ကျနော်တို့ဖြေရှင်းရင် ကျနော်တို့ပြည်ထောင်စုဗမာ နိုင်ငံအတွင်းမှာ မဖြေရှင်းနိုင်တဲ့ ပြဿနာရယ်လို့ မရှိဘူးလို့ ကျနော့်အနေနဲ့ စွဲစွဲမြဲမြဲ ယုံကြည်ပါတယ်။

ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ ဗမာတွေဟာ တဆွေတမျိုးထဲဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကိုလိုခေတ်က နယ်ချဲ့တို့ရဲ့ သွေးခွဲမှုတွေကြောင့် ဆွေရင်းမျိုးရင်းတွေဖြစ်ကြပေမယ့် နယ်ချဲ့တို့က ကျနော်တို့ကို တကွဲတပြားစီဖြစ်အောင် ခွဲခဲ့ပါတယ်။ ကျနော်တို့ဆွေမျိုးသား ချင်းတွေဟာ လွတ်လပ်ရေးရတဲ့အခါမှာ ပြန်ပြီးတော့ပေါင်းမိပြန်တော့လည်း စိမ်းသလိုလိုဖြစ်ခဲ့ရပြန် ပါတယ်။

အဲဒီလို ပြည်ထောင်စုအသစ်ထူထောင်ပြီး ပြန်ပေါင်းခါစမှာ အထင်အမြင်လွဲမှားမှု မျိုးဆိုတာ အနည်းနဲ့အများရှိတာ မထူးဆန်းပါဘူး။ ဒါဟာ ဓမ္မတာဖြစ်ပါတယ်။ ဒါပေမယ့် စေ တနာသန့်သန့်မိသားစုစိတ်တွေနဲ့ အဲဒီအထင်အမြင် လွဲမှားမှုတွေကို ဖြေရှင်းနိုင်မယ်ဆိုတာ ကိုလည်း ကျနော်တို့အနေနဲ့ ရိုးရိုးသားသား ယုံကြည်ပါတယ်။ ခုတက်ရောက်လာတဲ့ ညီတော်နောင်တော် ကိုယ်စားလှယ်တော်ကြီးတွေအားလုံးဟာ ဒီစိတ်ဓါတ်မျိုးတွေ ရှိပြီးသား ဖြစ်တယ်ဆိုတာ အထူး ပြောဖို့မလိုပါဘူး။ မိသားစုစိတ်ဓါတ်ရှိတဲ့လူတွေများလို့သာ(၁၉၄၈)ခု နှစ်က ကျနော်တို့ပြည်ထောင်စုကြီးပြိုလဲဖို့ လက်တလုံးသာလိုတော့တဲ့အခြေအနေဆိုးကြီးကို ညီတော်နောင်တော်တွေအားလုံး ယုံယုံကြည်ကြည်လက်တွဲပြီး အောင်အောင်မြင်မြင်နဲ့ ရင်ဆိုင်နိုင်ခဲ့တဲ့ သာဓကဟာ အထင်အရှားရှိခဲ့ပါတယ်။ အဲဒါကြောင့် အခုဖြစ်ပေါ်နေတဲ့ပြဿနာ တွေကိုလည်း ချောချောမောမောနဲ့ပြည်လည်အောင် အမှန်ဖြေရှင်းနိုင်ရမယ်လို့ ကျနော့်အ နေနဲ့ စွဲစွဲမြဲမြဲ ယုံကြည်ခြင်း ဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ ပြဿနာရပ်များကို ဖြေရှင်းတဲ့အခါမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အခြေအနေနဲ့ ကိုက်ညီအောင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အခြေအနေကိုသာ အဓိကကြည့်ပြီး ဖြေရှင်းသင့်တယ်လို့လည်း ကျနော့်အနေနဲ့ယုံကြည်ပါ တယ်။ ဒါပေမယ့် ကမ္ဘာမှာရှိတဲ့ အခြားနိုင်ငံတွေရဲ့ ဖြစ်ခဲ့ပျက်ခဲ့တဲ့ အဖြစ်အပျက်အတွေ့ အကြုံများကို ကျနော်တို့ မလေ့လာရဘူးလားလို့ မေးစရာရှိပါတယ်။ အဲဒါနဲ့ပတ်သက်ရင်တော့ ကျနော်တို့ အခြားနိုင်ငံ အသီးသီးမှာ ဖြစ်ခဲ့ပျက်ခဲ့တဲ့အဖြစ်အပျက်တွေ၊ အတွေ့အကြုံတွေကိုလည်း ကျနော်တို့အနေနဲ့လေ့လာသုံးသပ်ဖို့လိုပါတယ်။ လေ့လာသုံးသပ်ဖို့လည်း ကောင်းတယ်ဆိုတာ ကျနော် ရိုးရိုးသားသားပြောလိုပါတယ်။ အဲဒါကြောင့် ပြည်ထောင်စု ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အခြားနိုင်ငံတော်တွေကိုလည်း ကျနော်တို့ လေ့လာကြည့်ရမယ်။

နိုင်ငံအသီးသီးရဲ့ ပြည်ထောင်စုဖွဲ့စည်းပုံတွေဟာ ညီတော်နောင်တော်များ သိကြတဲ့အတိုင်းဘဲ ယေဘူယျအားဖြင့် နှစ်မျိုး နှစ်စားရှိတယ်ဆိုတာ ကျနော်တို့တွေ့ရတယ်။ တမျိုးကတော့ ပြည်ထောင်စုစနစ်ဖြစ်ပါတယ်။ နောက်တမျိုးကတော့ စည်းစည်းရုံးရုံးဖြစ်တဲ့ တပြည်ထောင်စနစ်ဖြစ်ပါတယ်။

ညီတော်နောင်တော်များခင်ဗျား။ ကျနော် ဘွင်းဘွင်းဘဲ တင်ပြပါရစေ။ ပြည်ထောင်စုစနစ်နိုင်ငံတွေဟာ အများအားဖြင့် ဗျံကျသမား နိုင်ငံသားမျိုးတွေသာ အများစု နေထိုင်တဲ့ နိုင်ငံတွေမှာ ခပ်များများဖြစ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုကြီး ကို ကျနော်တို့ကြည့်ပါ။ ဥရောပတိုက်ကလာတဲ့၊ နိုင်ငံတကာအရပ်ကလာတဲ့ ကူးပြောင်းလာတဲ့ တိုင်းရင်းသားတွေ ချည်းလိုလိုဖြစ်တာကို ကျနော်တို့တွေ့ရပါလိမ့်မယ်။ ဆွီဇာလန်ပြည်မှာဆိုရင်လည်း ပြင်သစ်၊ အီတလီနဲ့ ဂျာမန်နိုင်ငံသားတွေဟာ မိမိတို့ မူရင်းနိုင်ငံတွေနဲ့ခွဲခွါပြီး ဗျံကျလိုဖြစ်နေတာကို ကျနော်တို့တွေရပါလိမ့်မယ်။ သြစတြေးလျား ပြည်ထောင်စုဆိုရင်လည်း တကျွန်းသမားတွေ၊ ဗျံကျသမားတွေက ထူထောင်တဲ့ပြည်ထောင်စုဖြစ်တယ်ဆိုတာ ကျနော်တို့ တွေ့ရပါလိမ့်မယ်။ ကနေဒါပြည်ထောင်စုမှာရှိနေတဲ့ နိုင်ငံသားတွေဟာလည်း နယ်ခံတိုင်းရင်းသားတွေ မဟုတ်ပါဘူး။ အင်္ဂလန်နဲ့ပြင်သစ်က ရေကြည်ရာ မြက်နုရာဆိုသလို ပြောင်းလာကြတဲ့ လူတွေဘဲဖြစ်ပါတယ်။ အဲဒီတော့ ညီတော်နောင်တော် ကိုယ်စားလှယ်တော်များက မေးချင် မေးကြပါလိမ့်မယ်။ “ဆိုဗီယက်ရုရှားနဲ့ ကွန်မြူနစ်နိုင်ငံ တချို့မှာကော ဒီလို ဗျံကျတွေနဲ့ချည်း ဖွဲ့စည်းထားတာဘဲလား”လို့ မေးချင်မေးကြပါလိမ့်မယ်။ ဒီအမေးမျိုးသာပေါ်လာရင် ကျနော် တိုတိုတုတ်တုတ်နဲ့ဘဲ ဖြေပါရစေ။

ကွန်မြူနစ်နိုင်ငံတွေနဲ့ကျနော်တို့ဟာ နိုင်ငံရေးဦးစီးကြိုးကိုင် မှုပုံစံချင်း မတူကြပါဘူး။ ကျနော်တို့ရဲ့ပါလီမန်ဒီမိုကရေစီနည်းနဲ့ သူတို့လိုမလုပ်နိုင်တာကြောင့် ကျနော်တို့နဲ့မတူ တမူထူးတဲ့ ကွန်မြူနစ်နိုင်ငံကို အခုကျနော်တို့ကိစ္စမှာ ထည့်ပြီး မပြောလိုပါဘူး။ ဒီလောက်ဘဲ ကျနော်ဖြေလိုပါတယ်။

နောက်တချက်ကို ညီတော်နောင်တော်များက မေးချင်မေးနိုင်ပါသေးတယ်။ “ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ကယား၊ ရခိုင်၊ ရှမ်း၊ ဗမာတွေဟာ ရာဇဝင်အရ တိုင်းရင်းသားတွေဖြစ် တယ်။ ဆွေမျိုးချင်း ရင်းခြာတွေဖြစ်တယ်။ ဘာကြောင့် အင်္ဂလိပ်လက်မှ လွတ်ပြီး လွတ်လပ်တဲ့နိုင်ငံကိုထူထောင်တဲ့အခါမှာ တပြည်ထောင်စနစ်နဲ့မဟုတ်ဘဲ ယ္ခုလို ပြည်ထောင်စုစနစ်နဲ့ တည်ထောင်ရသလဲ”လို့ မေးချင်မေးနိုင်ပါတယ်။ အဲဒါကတော့ ရှင်းပါတယ်။ ကျနော်တို့ မိသားစုတတွေဟာ အင်္ဂလိပ် ကိုလိုနီ နယ်ချဲ့စနစ်လက်အောက်မှာ တကွဲတပြားစီနေခဲ့ရပါတယ်။ လူချင်းခွဲထားယုံသာမက စိတ်ဝမ်းကွဲအောင်လည်း သွေးခွဲခံခဲ့ရပါတယ်။ အဲဒါကြောင့် ကျနော်တို့တတွေ ပြန်ပေါင်းထုပ်ပြီး နိုင်ငံသစ်ကို ပြန်လည်တည်ထောင်တဲ့အခါမှာ အစမှာ စိမ်းသလိုဖြစ်နေခဲ့ရပါတယ်။ အဲဒါကြောင့် တပြည်ထောင်စနစ်ကို ကျနော်တို့ကြိုက်ချင်ပေမယ့် ပြည်ထောင်စုစနစ်နဲ့ အစပျိုးခဲ့ရပါတယ်။ အိန္ဒိယမှာလည်း ကျနော်တို့ကြည့်မယ်ဆိုရင် ဒီအတိုင်းဘဲ စပြီးပျိုးပြီးတော့ ထူထောင်ခဲ့ရတယ်ဆိုတာ တွေ့ရတယ်။

ညီတော်နောင်တော်များခင်ဗျား။ ကမ္ဘာပေါ်မှာ လက်ရှိရှိနေတဲ့ ပြည်ထောင်စုနိုင်ငံတော်တွေကို ကျနော်တို့ သေသေချာချာ လေ့လာကြည့်မယ်ဆိုရင် ပြည်ထောင်စုစနစ်အပေါ် ပြည်တည်ခါစက ထားခဲ့ပေမယ့် သူတို့ရဲ့သဘောထားတွေဟာ အကြီးအကျယ်ပြောင်းလဲလာတာကို ကျနော်တို့တွေ့ရပါတယ်။ ပြည်ထောင်စုအသွင်ကို ဆောင်ထားရပေမယ့် လက်တွေ့ အာဏာကိုခွဲဝေသုံးစွဲရတဲ့အခါမှာ တပြည်ထောင်စနစ်ဖက်ကို အားသန်လာတာ ကျနော်တို့တွေရပါတယ်။ ပြည်ထောင်စုစနစ်သမားတွေဟာ ဘာဖြစ်လို့ သဘောထားပြောင်းလဲခဲ့ရသလဲ။ ပြည်ထောင်စုတွေကို တည်ထောင်ကာစမှာ လူတွေဟာ စိတ်နေသဘောထား ကျဉ်းကျဉ်းမြောင်းမြောင်းနဲ့ ငါ့ဟာမှ ငါ့ဟာဆိုတဲ့ အတ္တဟိတသဘောထားတွေနဲ့ တိုင်းပြည် တပြည်အနေနဲ့ ရှိရှိသမျှအာဏာတွေကို ပြည်နယ်တွေက ခပ်များများခွဲယူချင်တဲ့ဟာ မထူးဆန်းပါဘူး။ လုပ်ရင်းလုပ်ရင်းလက်တွေ့ကျတော့ အဲဒီလို အာဏာတွေကို အစိပ်စိပ်အမွှာမွှာဖြစ်အောင် ခွဲစိပ်ပြီးပေးလိုက်ရခြင်းဟာ ပြည်ထောင်စုတခုလုံးကို ခြုံငုံပြီးတော့ တာဝန်ယူရတဲ့ ဗဟိုအစိုးရအဖို့ အင်အားချိနဲ့ပြီး ပြည်ထောင်စုတခုလုံးရဲ့ ကာကွယ်ရေးကို တိုးတက်ကောင်း မွန်ခိုင်ခန့်စိတ်ချရအောင်လည်း မလုပ်နိုင်၊ စီးပွားရေးကိုလည်း တိုးတက် ဖွံ့ဖြိုးအောင်မလုပ်နိုင်၊ အခြားလူမှုရေးတွေကိုလည်း အင်တိုက်အားတိုက်မလုပ်နိုင်ဘဲ၊ တိုင်းပြည်သာ အောက်တန်းကျ နောက်တန်းကျနိုင်ငံဘဝကို လျှော့ကျဆင်းသွားနေတာကိုတွေ့ရပါတယ်။ အဲဒီတော့ တိုင်းပြည်ကို တနေ့တခြား ရေနဲ့ငါးလိုဖြစ်သွားမှာ ကြောက်လာရပါတယ်။ ‘ဖိုးသူတော်လဲတော့ တောင်ဝှေးမထူနိုင်’ ဆိုသလို ဖြစ်သွားမှာ ကြောက်လာရပါတယ်။ ပြည်ထောင်စုအသွင်ကို ဆောင်ထားရပေမယ့် တပြည်ထောင်စနစ် ခပ်ဆန်ဆန် ဖြစ်အောင် ပြည်နယ်တွေက ပြည်ထောင်စုဗဟိုအစိုးရကို အာဏာတွေ တစတစနဲ့ပြောင်းလဲပေးလာရတာကို တွေ့နေရပါတယ်။

ညီတော်နောင်တော်များခင်ဗျား။ ပြည်ထောင်စုစနစ်မှာလည်း ယေဘူယျအားဖြင့် မူ(၂)မူရှိပါတယ်။ ပြည်ထောင်စု ဗဟိုအစိုးရရဲ့အာဏာတွေကို ကန့်သတ်ချုပ်ချယ်ပြီး ပြည် နယ်တွေကို ကြွင်းကျန်တဲ့အာဏာတွေ ပေးထားတဲ့မူက တမူ၊ ပြည်နယ်အာဏာတွေကို အကန့်အသတ်နဲ့ပြဌာန်းထားပြီးတော့ ပြည်ထောင်စုဗဟိုအစိုးရကို အတောမသတ် ကြွင်းကျန် တဲ့အာဏာတွေ ပေးထားတဲ့မူက တမူ။ အဲဒီလို ယေဘူယျအားဖြင့် မူ(၂)မူရှိပါတယ်။ ပထမမူအရဆိုရင် ဗဟိုအစိုးရက အားနည်းပြီး ပြည်နယ်အစိုးရတွေက အာဏာပိုရှိပါတယ်။ ဒုတိယမူအရဆိုရင် ပြည်နယ်အစိုးရတွေက အားနည်းပြီး ပြည်ထောင်စုတခုလုံးနဲ့ သက်ဆိုင်တဲ့ ဗဟိုအစိုးရက အင်အားတောင့်တင်းခြင်းရှိပါတယ်။

ယနေ့ကမ္ဘာပေါ်မှာရှိရှိသမျှ ပြည်ထောင်စုစနစ်နိုင်ငံတော်တွေကို လေ့လာကြည့်တဲ့ အခါမှာ ပထမပြည်ထောင်စု အမျိုးအစားက ဒုတိယပြည်ထောင်စုအမျိုးအစားဘက်ကို အခြေခံဥပဒေပြင်တဲ့နည်း၊ တရားလွှတ်တော်ချုပ်များရဲ့ စီရင်ဆုံးဖြတ်ပေးတဲ့နည်း၊ လုပ်ထုံးလုပ်နည်း အစဉ်အလာနည်းတွေနဲ့ သိသိသာသာကြီးပြောင်းလဲလာတာကိုတွေ့ရပါတယ်။ တနည်းအားဖြင့် ပြည်ထောင်စုကြီးတခုလုံး အင်အားတောင့်တင်းအောင် ပြည်ထောင်စုဗဟိုအစိုးရကိုသာ အင်အား ဖြည့်တင်းပေးနေတဲ့အချိန်အခါဖြစ်တယ်ဆိုတဲ့ဟာကို တွေ့ရပါလိမ့်မယ်။ အဲဒါဟာ လူတွေ အမြင်မှန်ရလာပြီး တကမ္ဘာလုံးက လက်ခံပြောင်းလဲလာတဲ့ မှန်ကန်တဲ့ ပြည်ထောင်စုလမ်းစဉ်ဖြစ်ပါတယ်။

ညီတော်နောင်တော်များခင်ဗျား။ ခုခေတ်ဟာ နိုင်ငံတိုင်းက တမျိုးသားလုံးစီးပွား ဥစ္စာတိုးတက်ရေးနဲ့ တမျိုးသားလုံးရဲ့ လုံခြုံရေးကို အဓိကဦးစားပေးနေရတဲ့ခေတ်ဖြစ်ပါတယ်။ အဲဒါကြောင့် တပြည်ထောင်စနစ်ဖြစ်ရရင်လည်း ဖြစ်ရမယ်၊ ပြည်ထောင်စုစနစ်ဖြစ်ရရင်လည်း ပြည်ထောင်စုဗဟိုအစိုးရက ထိထိရောက်ရောက်အလုပ်လုပ်ဖြစ်အောင် ပြည်နယ်များက လို လိုချင်ချင်နဲ့ ဗဟိုအစိုးရကို အင်အားဖြည့်တင်းပေးနေရတဲ့ခေတ်ဖြစ်ပါတယ်။

ညီတော်နောင်တော်များခင်ဗျား။ ပြည်ထောင်စုဗမာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ပတ်သက်၍ ညီတော်နောင်တော်တချို့က ဗမာပြည်မကို အခြားပြည်နယ်များနည်းတူ ပြည်နယ်တခုအဖြစ် ဖွဲ့စည်းပါလားလို့ အကြံပေးထားတာတွေ့ရပါတယ်။ အဲဒီအကြံပေးချက်နဲ့ ပတ်သက်၍ ကျနော်တို့ရဲ့သဘောထားကို ကျနော် တင်ပြလိုပါတယ်။

ဗမာပြည်မကို ပြည်နယ်ဖွဲ့စည်းဖို့သဘာဝကျတယ်လို့ဆိုရင် ကျနော်တို့က ဖွဲ့စည်း ဖို့ ကြည်ကြည်ဖြူဖြူလက်ခံချင်ပါတယ်။ ဒါပေမယ့် ဗမာပြည်မကို ပြည်နယ်တခုအနေနဲ့ မထူ ထောင်စေဘဲ ပြည်ထောင်စုဗဟိုအစိုးရလက်အောက်မှာ လက်ရှိ အခြေခံဥပဒေအရ တိုက်ရိုက် သိမ်းပိုက်ထားပါ။ ဗမာပြည်မဟာ ရေမြေအနေအထားအရ သဘာဝအလျောက် အခြား ပြည်နယ်တွေထက် ပိုမိုတိုးတက်ဖွံ့ဖြိုးနေတာ တွေ့ရပါတယ်။ ကျနော်တို့အလိုမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုရဲ့အလိုဆန္ဒနဲ့ အတူတူဘဲဖြစ်ပါတယ်။ တကြိမ်က ဝန်ကြီးချုပ်ဦးနုပြောတာကတော့ “လူတဦးတယောက်ဟာ ခြေ၊လက် အစရှိတဲ့ ကိုယ်အင်္ဂါရပ်တွေဟာ အချိုးကျကျတိုးတက်မှ ကြည့်လို့လှမယ်။ ထိုနည်းတူ ပြည်ထောင်စုမှာလည်း ဒေသအားလုံး ညီတူညီမျှတိုးတက်နိုင်မှ တင့်တယ်လှပနိုင်မယ်” ဆိုတဲ့ အချက်ဖြစ်ပါတယ်။ အဲဒီရည်ရွယ်ချက်အရ ပြည်နယ်တွေ တိုးတက်မှုရှိပြီး ပြည်နယ်တွေထက် တိုးတက်မှုရှိပြီးဖြစ်တဲ့ ဗမာပြည်မက ကျန်ပြည်နယ်အားလုံးရဲ့ တိုးတက်မှုကိုပါ ပါဝင်တာဝန်ယူစေသင့်တယ်လို့ ယူဆတာကြောင့် ဗမာပြည်မကို ပြည်နယ်ဖွဲ့ရေး မပေးခဲ့ခြင်းဖြစ်ပါတယ်။
ညီတော် နောင်တော်တို့ခင်ဗျား။ ထူးခြားတဲ့ ကျနော်တို့ရဲ့အခြေအနေအရ ဗမာပြည်မကို ပြည်နယ်မလုပ်ခဲ့တာ မှန်ကန်တယ်လို့ ကျနော်တို့ယူဆပါတယ်။ အကယ်၍ ဗမာပြည်မကိုသာ ပြည်နယ်ပေးမိရင် ပြည်ထောင်စုဗမာနိုင်ငံရဲ့ အခြေအနေဟာ တမျိုးတဖုံပြောင်း လဲသွားစရာရှိပါတယ်။ ဗမာပြည်မကလည်း “ငါဟာ ပြည်နယ်တခုဘဲ”ဆိုပြီးတော့ အခြား ပြည်နယ်တွေရဲ့ထူထောင်ရေးကို တာဝန်ယူချင်မှယူပါလိမ့်မယ်။ “ဗမာပြည်နယ်မှ ဗမာပြည်နယ်”ဆိုတဲ့ ကျဉ်းမြောင်းတဲ့ စိတ်ဓါတ်တွေပေါ်လာပြီး ရှိရှိသမျှ မိမိအင်အားကို အခြားပြည် နယ်တွေအတွက် ဝေမျှမသုံးဘဲ ဗမာပြည်နယ်တခုထဲမှာသာ အလုံးစုံဖိသုံးချင် သုံးလာပါလိမ့်မယ်။
ပြည်ထောင်စုဗမာနိုင်ငံတော်ဗဟိုအစိုးရကိုပေးထားတဲ့အာဏာတွေဟာ အခုလိုရှိချင်မှ လည်း ရှိပါလိမ့်မယ်။ အခြားပြည်နယ်တွေက တောင်းလာသလို ဗမာပြည်နယ်ကလည်း အာဏာတွေကို တောင်းလာပါလိမ့်မယ်။ လက်ရှိအခြေခံဥပဒေရဲ့ တတိယဇယားမှာပါတဲ့ ပြည်ထောင်စုနဲ့ပြည်နယ်ကို ခွဲခြားပေးထားတဲ့ ဥပဒေပြုစာရင်း တွေဟာလည်း ခုအတိုင်း ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ အဲဒီလိုသာဖြစ်သွားရင် ပြည်ထောင်စုဗမာနိုင်ငံရဲ့ ဗဟိုအစိုးရဟာ အလွန် အင်အားချိနဲ့တဲ့ ရုပ်ပြဟန်ပြအစိုးရသာ ဖြစ်သွားပါလိမ့်မယ်။ ဗမာပြည်နယ်သာ သူ့သဘာဝ ဝတ္ထုပစ္စည်း၊ သူ့အခွန်အကောက်တွေနဲ့သူ၊ သူ့ထူထောင်ရေးအတွက်သူ လှိုင်လှိုင်ကြီး သုံးစွဲ နိုင်ပြီးတော့ တခြားဒေသတွေမှာတော့ အင်္ဂလိပ်ခေတ်တုန်းကလို နစ်နာနေမှာ စိုးရိမ်ရပါ တယ်။ ပြည်ထောင်စုကြီးဟာလည်း ကြာရင် ဝါးအစည်းပြေသလို ပြိုကွဲယိုင်လဲသွားမှာလည်း စိုးရိမ်မိပါတယ်။ အဲဒါကြောင့် ဗမာပြည်မကို ပြည်နယ်ဖွဲ့စည်းခွင့် မပေးခဲ့တာဟာ အလွန်မှန်ကန်တယ်၊ သဘာဝကျတယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။

ညီတော်နောင်တော်များခင်ဗျား။ အမေရိကန်ပြည်ထောင်စုကို အစပျိုးခဲ့တဲ့ ကို လိုနီပြည်နယ်(၁၃)ပြည်နယ်ဟာ “ငါ့ဟာမှ ငါ့ဟာ၊ ငါ့ဒေသသာ အချုပ်အချာဖြစ်ရမယ်၊ ငါ့ဒေသ လုပ်ချင်တိုင်း လွတ်လွတ်လပ်လပ်လုပ်ရမှ ကောင်းမယ်”ဆိုတဲ့ သဘောနဲ့ အမေရိကန်ပြည်ထောင်စုကြီးကို စတင်ထူထောင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအခါ အမေရိကန်ပြည် ထောင်စုနိုင်ငံမှာ အခြေအနေအရ အမေရိကန်သမတကြီးကို သူ့သက်တမ်း(၄)နှစ်အတွင်း မှာ အမေရိကန်ပြည်ထောင်စုရဲ့ အာဏာရှင်ဆန်ဆန်ဖြစ်အောင် အပြောင်းအလဲဖြစ်လာပါတယ်။ တနည်းအားဖြင့် ပြည်နယ်တွေဟာ ပြယုဂ်သဘောဘဲ ရှိတော့တယ်။ အမေရိကန်သမတထံမှာသာ အာဏာအများဆုံးထားတာ တွေ့ရပါတယ်။ တနည်းအားဖြင့် လျော့ရိ လျော့ရဲ ပြည်ထောင်စုစနစ်ဘဝမှ လက်တွေ့မှာ ဗဟိုက တင်းတင်းကြပ်ကြပ်ချုပ်ကိုင်နိုင်တဲ့ တပြည်ထောင်စနစ်ဆန်ဆန် ဖြစ်လာတာတွေ့ရပါတယ်။ ကမ္ဘာပေါ်ရှိ ပြည်ထောင်စုနိုင်ငံ အသီးသီးက သိသိသာသာကြီး ယ္ခုအခါ ပြောင်းလဲနေပါတယ်။ ခေတ်ကို ဆန့်ကျင်ပြီး ခေတ်ကို နောက်ပြန် မဆွဲသင့်တော့ပါဘူး။

ညီတော်နောင်တော်များခင်ဗျား။ ပြည်ထောင်စုမြန်မာနိုင်ငံကို ဗြိတိသျှဓနသဟာယ ဖြစ်အောင်လည်း ကျနော်တို့ စိတ်မကူးထိုက်ပါဘူး။ ဗြိတိသျှဓနသဟာယနိုင်ငံတွေဟာ ပထမမှာ ကိုလိုနီ၊ ပြီးတော့ ဒိုင်အာခီ၊ ပြီးတော့ ဒိုမီနီယံ၊ ပြီးတော့ ကိုယ့်မင်း ကိုယ့်ချင်း လုံးဝ လွတ်လပ်တဲ့နိုင်ငံအနေနဲ့ တစတစနဲ့ အစည်းပြေကုန်ပါတယ်။ ကျနော်တို့ပြည်ထောင်စုမြန် မာနိုင်ငံဟာလည်း ဗြိတိသျှဓနသဟာယနိုင်ငံနဲ့မတူပါဘူး။ ဗြိတိသျှဓနသဟာယဆိုတာဟာ နယ်ချဲ့ပြီး ထူထောင်ခဲ့တဲ့ နိုင်ငံတွေကို စုစည်းထားတာဖြစ်ပါတယ်။ အချင်းချင်းလည်း လူစိမ်း တရံစာတွေလို ဆက်ဆံကြပါတယ်။ ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံကတော့ သွေးချင်း သားချင်းတွေ စိတ်တူသဘောတူနဲ့ သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျ နော်တို့နိုင်ငံကို နိုင်ငံတခုအနေနဲ့တည်မြဲအောင် အင်အားတနေ့တခြား ပိုမိုတိုးတက်တောင့် တင်းအောင်သာ ကျနော်တို့ရှေ့ရှုသင့်ပါတယ်။

ညီတော်နောင်တော်များခင်ဗျား။ အမေရိကန်နိုင်ငံနဲ့ကျနော်တို့နိုင်ငံ မတူတဲ့ အချက်တချက်ကို ကျနော် ထပ်ပြီး တင်ပြလိုပါတယ်။ အမေရိကန်ပြည်ထောင်စုကိုကြည့်ရင် အဲဒီ ပြည်ထောင်စုထဲမှာရှိတဲ့ ပြည်နယ်တွေဟာ များသောအားဖြင့် နယ်မြေဧရိယာအကျယ်အဝန်းအရ မတိမ်းမယိမ်းဖြစ်တာတွေ့ရပါလိမ့်မယ်။ ပြည်ထောင်စုဗမာနိုင်ငံမှာကျတော့ ဒီလိုမဟုတ်ပါဘူး။ ပြည်နယ်တခုနဲ့တခုဟာ နယ်မြေဧရိယာအကျယ်အဝန်းချင်းရော၊ လူဦးရေချင်းရော အင်မတန်ကွာခြားပါတယ်။ ကြီးတဲ့ပြည်နယ်က သိပ်ကြီးပြီး သေးငယ်တဲ့ပြည်နယ်က အလွန်မှ သေးငယ်ပါတယ်။ အဲဒါဟာ ဘာ့ကြောင့်ဖြစ်ရသလဲဆိုရင် ပြည်ထောင်စုဗမာနိုင်ငံရဲ့ ပြည်နယ်ဖွဲ့စည်းပုံဖွဲ့စည်းနည်းဟာ အမေရိကန်လို ဒေသအလိုက်မဟုတ်ဘဲ လူမျိုးစုအလိုက် ဖွဲ့စည်းခဲ့တာကြောင့်ဖြစ်ပါတယ်။ အဲဒီလို နယ်မြေဒေသ အလျောက် နယ်မြေဒေသအကျယ် အဝန်းချင်းလည်း ကွာခြား၊ လူဦးရေချင်းလည်း ကွာခြားတာကြောင့် လူမျိုးစုလွှတ်တော်ဖွဲ့ စည်းဖို့ အခြေခံဥပဒေရေးဆွဲခဲ့တဲ့အခါမှာ ပြည်နယ်တိုင်းကို အမတ်ဦးရေ ညီတူညီမျှ မပေး နိုင်ခဲ့ပါဘူး။ အဲဒီအချက်ကို တိုင်းပြုပြည်ပြုလွှတ်တော်မှာ ပါဝင်ဆောင်ရွက်ခဲ့ကြဖူးတဲ့ ညီတော် နောင်တော်တိုင်း အသိဖြစ်ပါတယ်။ ဒါပေမယ့် လူဦးရေအရ ရသင့်ရထိုက်တာထက် ပြည် နယ်တွေအတွက် လူမျိုးစုလွှတ်တော်အမတ်ဦးရေကို ပိုမိုပြီး သတ်မှတ်ပေးခဲ့ပါတယ်။ ထူးခြားတဲ့ ကျနော်တို့အခြေအနေအရ လူမျိုးစုလွှတ်တော်မှာ ပြည်နယ်အားလုံးက ရွေးကောက် တင်မြှောက်တဲ့အမတ်ဦးရေဟာ ပြည်မက ရွေးကောက်တင်မြှောက်တဲ့ အမတ်ဦးရေထက် ခုချိန်မှာလည်း ပိုနေတာ တွေ့နိုင်ပါတယ်။ ပြည်သူ့လွှတ်တော်အတွက် ကမ္ဘာ့အစဉ်အလာအရဆိုရင် လူဦးရေအချိုးအစားအလိုက် အမတ်ဦးရေကို အတိအကျ သတ်မှတ်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ပြည်ထောင်စုဗမာနိုင်ငံမှာတော့ ဒီအစဉ်အလာအတိုင်း အတိအကျ မလုပ်ခဲ့ပါဘူး။ ပြည်နယ်တွေကို အခွင့်အရေးပိုပေးလိုတဲ့သဘောနဲ့ ပြည်နယ်တွေက ပြည်သူ့လွှတ်တော်မှာ သာမန်ရသင့်ရထိုက်တဲ့အမတ်ဦးရေထက် ပိုရအောင် သတ်မှတ်ပေးခဲ့တာ အထင်အရှားဘဲဖြစ်ပါတယ်။ ဒီထူးခြားချက်တွေဟာလည်း အခြားပြည်ထောင်စုနိုင်ငံ တွေနဲ့မတူပါဘူး။ ထူးခြားတဲ့ ပြည်ထောင်စုဗမာနိုင်ငံရဲ့ အခြေအနေအရ စီစဉ်ပေးခဲ့ခြင်းဖြစ်ပါတယ်။

ညီတော်နောင်တော်များခင်ဗျား။ နောက် ထူးခြားတဲ့ အချက်တချက်ကတော့ အခြေခံဥပဒေက ပြည်ထောင်စုဗမာနိုင်ငံရဲ့ ဗဟိုအစိုးရအဖွဲ့မှာ ပြည်နယ်တွေကိုကိုယ်စားပြုတဲ့ဝန်ကြီးတွေ ပါဝင်ခွင့်ပေးထားပါတယ်။ ကမ္ဘာ့ပြည်ထောင်စုနိုင်ငံများရဲ့ အခြေခံဥပဒေကို ကျ နော်တို့ လေ့လာကြည့်တဲ့အခါမှာ ဘယ်ပြည်ထောင်စုမှာမှ ပြည်နယ်တွေကို ဒီလိုအခွင့်အ ရေး မပေးခဲ့ပါဘူး။ ပြည်ထောင်စုဗမာနိုင်ငံမှာသာ ထူးခြားတဲ့အခြေအနေအရ ဗဟိုအစိုးရ အဖွဲ့ထဲမှာ ပြည်နယ်ကိုယ်စားလှယ်တွေကို ပါဝင်စေတဲ့ အခွင့်အရေးများပေးထားတာရှိပါ တယ်။ လက်ရှိအခြေခံဥပဒေအရ ပြည်နယ်ဥက္ကဋ္ဌတို့ဟာ အလိုအလျောက် သက်ဆိုင်ရာ ပြည်နယ်အတွက်သာ တာဝန်ခံရတဲ့ဝန်ကြီး၊ သက်ဆိုင်ရာ ပြည်နယ်တွေအတွက် တာဝန်ခံရ တဲ့ဝန်ကြီးဖြစ်ပြီး ပြည်ထောင်စုဗဟိုအစိုးရအဖွဲ့ဝင်ဝန်ကြီးလည်း ဖြစ်ရပါမယ်။

ကျနော်တို့ရဲ့ ထူးခြားတဲ့အခြေအနေအရ အဲဒီလို ထူးခြားတဲ့အစီအစဉ်တွေ လုပ်တာဟာ ကျနော်တို့ ကြိုက်ပါတယ်။ အဲဒီအစီအစဉ်တွေကို မပြင်ထိုက်ဘူးလို့လည်း ကျနော်တို့ ယုံကြည်ပါတယ်။ တချို့က အဲဒီအစီအစဉ်တွေ မမှန်ဘူး၊ လက်တွေ့မှာ အခက်အခဲရှိတယ်၊ ပြီးတော့ ကဲဘိနက်အစိုးရအဖွဲ့တခုအနေနဲ့ ရှိသင့်ရှိထိုက်တဲ့ စုပေါင်းတာဝန်ယူမှုကို လည်း ဖျက်ရာရောက်တယ်လို့ ယူဆကြပါတယ်။ အဲဒီလိုယူဆပြီး ပြည်နယ်ဥက္ကဋ္ဌများကို ပြည်ထောင်စုအစိုးရအဖွဲ့မှာ မပါဝင်စေချင်ကြပါဘူး။

ညီတော်နောင်တော်များခင်ဗျား။ အခြေခံဥပဒေကို ရေးဆွဲခဲ့စဉ်အခါက ကဲဘိနက် အစိုးရအဖွဲ့တခုအတွက် အရေးကြီးတဲ့အချက်တချက်ဟာ စုပေါင်းတာဝန်ယူမှုဖြစ်တယ်ဆိုတာ ကျနော်တို့သိခဲ့ပါတယ်။ ပြည်နယ်ဥက္ကဋ္ဌဖြစ်တဲ့သူဟာ ပြည်ထောင်စုဗဟိုအစိုးရကို ဖွဲ့ စည်းခွင့်ရတဲ့ပါတီနဲ့ ပါတီတူချင်းဖြစ်ချင်မှဖြစ်မယ်ဆိုတာကိုလည်း ကျနော်သိခဲ့ပါတယ်။ ဒါပေမယ့် ပြည်နယ်တွေကို ပြည်ထောင်စုဗဟိုအစိုးရရဲ့ တာဝန်ဝတ္တရားတို့အပြင် အခွင့်အရေးပါ ပေးချင်ရင်၊ ပြီးတော့ ရင်းရင်းနှီးနှီးလည်း ဖြစ်စေချင်ရင် ဒီနည်းကလွဲပြီး တခြားနည်းလည်းမရှိဘူးလို့ ကျနော်တို့ ရိုးရိုးသားသားယုံကြည်ပါတယ်။

ဒီမိုကရေစီစနစ်ကြောင့် အလိုအလျောက်ကွဲပြားနေတဲ့ ပြည်နယ်နိုင်ငံရေးအဖွဲ့အစည်းများကို ပြည်မပါတီများကို ဆက်ဆံသလို မဆက်ဆံသင့်ပါဘူး။ ကမ္ဘာ့ပါလီမန်ဒီမိုကရေစီများရဲ့ စုပေါင်းတာဝန်ယူမှုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်နာဖို့ ကျနော်တို့အတွက် မဖြစ်နိုင်သေးပါဘူး။ မိသားစုစိတ်ဓါတ်နဲ့ ပြည်နယ်များကိုလိုက်လျောသင့်ပါတယ်။ စုပေါင်းတာ ဝန်ယူမှုကို နာချင်နာပါစေ၊ အနာခံပြီး လိုက်လျောသင့်ပါတယ်။ ဒီနေရာမှာ အခြေခံဥပဒေကို မပြင်ဘဲ၊ (Convention) တနည်းအားဖြင့် သဘောတူထုံးတမ်းတခုကို ကျနော်တို့တီထွင်ပြီး လုပ်ရင်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ ပါတီချင်းမတူတဲ့ပြည်နယ်ဝန်ကြီးတွေကို အချို့ကိစ္စမှာ မိမိသဘောဆန္ဒအလျောက် အစည်းအဝေးက ဖယ်ပေးတဲ့နည်းဖြစ်စေ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်သူက ကြိုတင်မေတ္တာရပ်ခံပြီး ရှောင်ခိုင်းတဲ့နည်းဖြစ်စေ လုပ်စမ်းကြည့်ဖို့ကောင်းပါတယ်။ အစိုးရရဲ့ အဓိက လျို့ဝှက်ချက်များဟာ ကာကွယ်ရေး၊ ဘဏ္ဍာရေးနဲ့ စီးပွားရေး အပြောင်းအလဲနှင့် နိုင်ငံခြားနဲ့ ဆက်ဆံတဲ့အရေးတွေသာဖြစ်ပါတယ်။ ဒီကိစ္စမျိုးမှာ သိက္ခာသမာဓိ ရှိသူတိုင်း နှုတ်လုံကြမှာအမှန်ပါဘဲ။ ဝန်ကြီးစေတနာရှိသူတိုင်း နှုတ်လုံကြရမယ့်တာဝန်၊ တိုင်းပြည်ကို သစ္စာရှိရမယ့်တာဝန်များကို သိရှိမယ်ဆိုတာ ကျနော်တို့အနေနဲ့ယုံကြည်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ကတော့ ဒီကိစ္စမှာ သိပ်မစိုးရိမ်ပါဘူး။ ကျနော်ပြောခဲ့တဲ့ သဘောတူစာတမ်းကိုသာ စမ်းကြည့်စေလိုပါတယ်။ ပြည်နယ်ဥက္ကဋ္ဌများကို ပြည်နယ်ကောင်စီက လွတ်လွတ်လပ်လပ် ရွေးချယ်ပေးတာကို နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်ဝန်ကြီးအဖြစ်နဲ့ လက်ခံသင့်တယ်လို့ ကျနော်တို့ ရိုးရိုးသားသားယုံကြည်ပါတယ်။

ညီတော်နောင်တော်များခင်ဗျား။ ‘ပြည်နယ်တနယ်မှာ အုပ်ချုပ်ရေး မနိုင်မနင်း ကမောက်ကမဖြစ်နေတယ်လို့ ဗဟိုအစိုးရက ယုံကြည်ပါက၊ ပြည်နယ်များဆိုင်ရာ အထက် လွှတ်တော်ကလည်း သဘောတူမယ်ဆိုရင် သမတက ပြည်နယ်တနယ်ရဲ့ အုပ်ချုပ်ရေးကို မိမိ ရဲ့လက်အောက်သို့ တိုက်ရိုက်သိမ်းသွင်းထားရှိနိုင်တယ်။ ပြည်နယ်များကိုပေးထားတဲ့ ဘယ်ဘာသာရပ်အတွက်မဆို ဥပဒေကိုလည်း ပြုနိုင်တယ်’လို့ အိန္ဒိယအခြေခံဥပဒေမှာ ပြဌာန်းထားတာရှိပါတယ်။ အဲဒီအခြေခံဥပဒေပြဌာန်းချက်အရ (ကယ်ရီလာ)ဆိုတဲ့ပြည်နယ်ရဲ့ အာဏာကို အိန္ဒိယဗဟိုအစိုးရက ဝင်သိမ်းခဲ့ဖူးပါတယ်။ အိန္ဒိယပြည်မှာကျင့်သုံးခဲ့တဲ့ ဒီနည်း ခပ်ဆန်ဆန်ဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ချက်ကို အချို့ ဗမာပြည်မှာလည်း လုပ်ချင်နေတာ ကျနော်တို့တွေ့ရပါတယ်။

ဒီဥပဒေမျိုးကို ကျနော်တို့ဗမာပြည်ထောင်စုနိုင်ငံမှာ မလုပ်သင့်ပါဘူး။ အကျိုးဖြစ် မှာထက် အကျိုးယုတ်ဖို့ ပိုများပါလိမ့်မယ်။ ကျနော်တို့အချင်းချင်းလည်း သံသယပိုဖြစ်လာ ပြီးတော့ စိတ်ဝမ်းပိုကွဲသွားမှာ ကျနော် အင်မတန်မှ စိုးရိမ်မိပါတယ်။ ပြည်ထောင်စုဗဟိုအစိုးရက ပြည်နယ်အစိုးရများကို အမြဲခြိမ်းခြောက်နိုင်သလိုဖြစ်သွားတာ မကောင်းပါဘူး။ မိသားစု စိတ်ဓါတ်ကို ထိခိုက်မှာ ကျနော် အလွန်ဘဲ ကြောက်ပါတယ်။ အဲဒါကြောင့် လက်ရှိအခြေခံ ဥပဒေပုဒ်မ(၉၄)ကိုဘဲ လက်ရှိအတိုင်း ဆက်ထားဖို့ ကျနော်တို့အနေနဲ့လိုလားပါတယ်။

ညီတော်နောင်တော်များခင်ဗျား။ ကျနော်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နဲ့ လူမျိုးစု လွှတ်တော်ရယ်လို့ လွှတ်တော်နှစ်ရပ်စနစ်ကို ကျနော်တို့ လက် ခံထားပါတယ်။ အဲဒီလွှတ်တော်နှစ်ရပ်ကို အာဏာပေးပုံပေးနည်းမှာ နိုင်ငံတော်ဝန်ကြီးချုပ် ကို ခန့်ထားတဲ့ကိစ္စ၊ ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ သက်ဆိုင်တဲ့အဆိုများကို ပြုနိုင်တဲ့ကိစ္စ၊ အဲဒီကိစ္စနှစ်ရပ်ကလွဲရင် လွှတ်တော်နှစ်ရပ်ရဲ့ ကျန်အာဏာအားလုံးဟာ အတူတူဘဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လွှတ်တော်နှစ်ရပ်စနစ်ကိုလက်ခံထားတဲ့နိုင်ငံတွေကို ကျနော်တို့ လေ့လာကြည့်တဲ့အခါမှာ လွှတ်တော်နှစ်ရပ်အနက် တပြည်လုံးမဲဆန္ဒရှင်အားလုံးကို လူဦးရေအလိုက် အညီအမျှကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်ကိုသာ ဒီအာဏာများ အပ်နှင်းထားတာ တွေ့နိုင်ပါတယ်။ အဲဒီမူဟာ ကမ္ဘာကလက်ခံထားတဲ့ ပါလီမန်ဒီမိုကရေစီမူဖြစ်ပါတယ်။

ဘဏ္ဍာရေးအာဏာကို အများပြည်သူလူထုအားလုံးက တင်မြှောက်ထားတဲ့ လွှတ်တော်ကိုသာ လွှဲအပ်တာဟာ မူအမှန်ဆုံးဖြစ်ပါတယ်။ ပါလီမန်ကိုတာဝန်ခံတဲ့အစိုးရအ ဖွဲ့များရှိတဲ့ တိုင်းပြည်မှာ ဒီနည်းကလွဲပြီး တခြား လိုက်နာကျင့်သုံးရန်နည်းမရှိပါဘူး။ ဝန်ကြီးချုပ်ကို ပြည်သူ့လွှတ်တော်ကသာ ခန့်ရပေမယ့် အခြားနိုင်ငံများလို ကျနော်တို့ပြည်နယ်တွေက အခွင့်ရေးမဆုံးရှုံးပါဘူး။ ပြည်နယ်ဝန်ကြီးများဟာလည်း အခြေခံဥပဒေအရ ပြည်ထောင်စု အစိုးရအဖွဲ့ထဲမှာ အလိုအလျောက်ပါဝင်ခွင့်ပေးထားတာရှိပါတယ်။ အခြား ပြည်ထောင်စုနိုင်ငံများမှာ ပြည်နယ်များကို ဒီအခွင့်အရေးမျိုး ပေးမထားပါဘူးဆိုတာကိုလည်း ညီတော်နောင်တော်တို့အသိဘဲဖြစ်ပါတယ်။

ညီတော် နောင်တော်များခင်ဗျား။ နိဂုံးမချုပ်မီ အချက်အလက် အနည်းငယ်ကို ဆက်ပြီး တင်ပြလိုပါတယ်။
ကျနော်တို့ရဲ့ လက်ရှိပြည်ထောင်စုမူဟာ မှန်ကန်သလား”ဆိုတဲ့ မေးခွန်းကို ကျ နော် ဖြေချင်ပါတယ်။ ကျနော်တို့ ပြည်ထောင်စုဗမာနိုင်ငံတော် အခြေခံဥပဒေကို အတည်ပြုခဲ့ တဲ့ (၁၉၄၈)ခု ဇန္နဝါရီလ(၄)ရက်နေ့ထိ အင်္ဂလိပ်ဘုရင်ခံဟာ အထင်အရှား တည်ရှိခဲ့ပါသေးတယ်။ ကျနော်တို့အခုလို ပြည်ထောင်စုခေတ်၊ စုစည်းတဲ့ခေတ်ရတဲ့နေရာမှာ ခြိမ်းခြောက်မှု၊ အဓမ္မမှု လုံးဝမပါခဲ့ပါဘူး။ အားလုံးသဘောတူဖွဲ့စည်းခဲ့တာဟာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ပြည်ထောင်စုတွေရဲ့ထုံးတမ်းစဉ်လာတွေနဲ့အညီ(၁)ပြည်ထောင်စုတာဝန်ယူရမယ့် လုပ်ငန်း ဘာသာနဲ့ (၂)ပြည်နယ်များနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဘာသာရပ်များကို အခြေခံဥပဒေမှာ ခွဲခြားသတ်မှတ်ထားပါတယ်။ ဒိအပြင် ပြည်ထောင်စုနဲ့ ပြည်နယ်တွေဟာ ဥပဒေအရ ပေးထားတဲ့ အာဏာများနဲ့ပတ်သက်ပြီး အငြင်းပွားမှုရှိလာရင် အခြေခံဥပဒေနဲ့အညီ အဓိပ္ပါယ်ရှင်း လင်းပေးမယ့် တရားလွှတ်တော်ချုပ်ကိုလည်း ဖွဲ့စည်းထားပါတယ်။ အဲဒီအင်္ဂါရပ်တွေဟာ ပြည်ထောင်စုစစ်စစ်တခုရဲ့ အဓိကအင်္ဂါရပ်တွေဘဲဖြစ်ပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ အခြေခံဥ ပဒေပါရဂူအားလုံးက သတ်မှတ်ထားတဲ့ အင်္ဂါ(၅)ရပ်စလုံးနဲ့ ကိုက်ညီတာကြောင့် ကျနော်တို့ ပြည်ထောင်စုဗမာနိုင်ငံရဲ့ ပြည်ထောင်စုစနစ်ဟာ စစ်စစ်ဖြစ်တယ်ဆိုတာ ကျနော် အတိအလင်းပြောလိုပါတယ်။

ကြွင်းကျန်အာဏာများကို ပြည်ထောင်စုမှာထားသင့်သလား၊ ဒါမှမဟုတ် ပြည် နယ်တွေမှာ ထားသင့်သလား’ဆိုတာဟာ ပြည်ထောင်စုတခုနဲ့တခု မတူကြပါဘူး။ သက် ဆိုင်ရာပြည်ထောင်စုက မိမိရဲ့အခြေအနေအရ ထားချင်ရာမှာ ထားနိုင်ပါတယ်။ အဲဒါဟာ ကမ္ဘာကျော် နိုင်ငံရေးပါရဂူ၊ ဥပဒေရေးရာပါရဂူအားလုံးရဲ့ တူညီတဲ့အမြင်ဖြစ်ပါတယ်။ ပြည် ထောင်စုကြီးကို အင်အားတောင့်တင်းစေချင်ရင်၊ ပြီးတော့ ပြည်ထောင်စုတည်ထောင်မှုကို ထိထိရောက်ရောက် အောင်အောင်မြင်မြင်ဆောင်ရွက်စေချင်ရင် အဲဒီအာဏာကို ပြည်ထောင်စုအစိုးရထံမှာသာ ထားရပါမယ်။ ပြည်ထောင်စုကြီးကို လျော့လျော့လျဲလျဲဖြစ်စေချင်ရင် အဲဒီအာဏာကို ပြည်နယ်တွေမှာ ထားရပါမယ်။ ကြိုက်ရာကို မိမိတို့တိုင်းပြည်အခြေအနေအရ လုပ်နိုင်ပါတယ်။ အဲဒါကြောင့် ပြည်ထောင်စုမူကို မပျက်နိုင်ပါဘူး။ ကြွင်းကျန်အာ ဏာများကို ဗဟိုအစိုးရ၊ ပြည်ထောင်စုအစိုးရမှာ ထားရင်လည်း ပြည်ထောင်စုစစ်ပါတယ်။ ကြွင်းကျန်အာဏဏာများကို ပြည်နယ်များမှာ ထားရင်လည်း ပြည်ထောင်စုစစ်ပါတယ်။ ကြွင်းကျန်အာဏာများကို ဗဟိုအစိုးရ၊ ပြည်ထောင်စုအစိုးရမှာ ထားမိတာကြောင့် ပြည်ထောင်စုအင်္ဂါချို့ယွင်းသွားပြီဆိုတာမျိုး ကျနော်တို့ မကြားဖူးပါဘူး။ အခုမှ အထူးအဆန်း ကြားနေရပါတယ်။ ကျနော့်သဘောကတော့ လျော့လျော့လျဲလျဲ ချိချိနဲ့နဲ့ ပြည်ထောင်စုဗမာ နိုင်ငံမျိုး မဖြစ်စေလိုပါဘူး။ တောင့်တင်းခိုင်မာတဲ့ ပြည်ထောင်စုဗမာနိုင်ငံမျိုးသာ မြင်လိုပါတယ်။

ညီတော် နောင်တော်များခင်ဗျား။ ပြည်ထောင်စုမှ ခွဲထွက်နိုင်တဲ့အခွင့်အရေးအကြောင်းကိုလည်း အနည်းငယ် ပြောလိုပါတယ်။ အဲဒီအခွင့်အရေးကို အမေရိကန်ပြည်ထောင်စုကြီး တည်ဆောက်စက လက်ခံခဲ့ပေမယ့် ခုအခါ ခေတ်မမှီတော့ပါဘူး။ အဲဒီ မူမမှန်တဲ့ သဘောတရားကို လွန်ခဲ့တဲ့နှစ်ပေါင်း(၁ဝဝ)ကျော်လောက်ကတည်းက အမေရိကန်သမတကြီး အီဘရာဟန်လင်ကွန်းဟာ ခွဲထွက်ရေးဝါဒါကို တိုက်ဖျက်သူဖြစ်ပါတယ်။ စစ်အကြီးအကျယ် တိုက်ပြီး တိုက်ဖျက်ခဲ့ရပါတယ်။ အဲဒီလို မူမမှန်တဲ့ခွဲထွက်ရေးဝါဒကို တိုက်ဖျက်ခဲ့တာကြောင့် အီဘရာဟန်လင်ကွန်းဟာ ရာဇဝင်ကျော်ပုဂ္ဂိုလ်ကြီးအဖြစ်ဖြင့် ကမ္ဘာက အသိအမှတ်ပြုခြင်း ခံနေရပါတယ်။

ကျနော်အခုလိုတင်ပြနေခြင်းဟာ အခြေခံဥပဒေရေးဆွဲစဉ်က အတည်ပြုခဲ့တဲ့မူတခုကို ဖျက်ပစ်ရမယ်လို့ တောင်းဆိုနေခြင်းမဟုတ်ပါဘူး။ ပြည်တည်ခါစက ပေးပြီးသားအခွင့်အရေးတွေကို မူအားဖြင့် ဘယ်အခွင့်အရေးကိုမှ မရုတ်သိမ်းထိုက်ဘူးလို ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။ အလျဉ်းသင့်လို့သာ ကျနော်ထည့်ပြောနေတာကို အထင်အမြင်မမှားစေလိုပါဘူး။

ညီတော်နောင်တော်များခင်ဗျား။ ကျနော်တို့ဟာ မိသားစုများအနေနဲ့ ပြန်လည် လက်တွဲပြီးလုပ်ကိုင်ခွင့်ရခဲ့တာဟာ (၁၄)နှစ်ခန့်ရှိခဲ့ပါတယ်။ အဲဒီလို ပေါင်းသင်းလုပ်ကိုင်ခဲ့တဲ့ နေရာမှာ အထင်အမြင်အယူအဆလွဲမ္နှးမှုတွေလည်း ရှိသင့်သလောက်ရှိခဲ့ပါတယ်။ အဲဒီ အထင်အမြင်လွဲမှားမှုတွေကို ကျနော်တင်ပြခဲ့တဲ့အတိုင်းဘဲ ကျနော်တို့တတွေဟာ မိသားစု နည်းနဲ့သာဖြေရှင်းရင် မပြေလည်နိုင်တဲ့ပြဿနာဆိုလို့ ရှိမယ်လို့ ကျနော်မထင်ပါဘူး။ အ လုပ်လုပ်ခဲ့ကြတဲ့အခါမှာ အမှားတွေလည်းရှိနိုင်ပါတယ်။ အချင်းချင်းဆက်ဆံပုံဆက်ဆံနည်း တွေမမှန်ကန်တာ၊ ညံ့ဖျင်းတာ၊ မယဉ်ပါး မလိမ္မာတာတွေလည်း ရှိသလောက် ရှိမှာပါဘဲ။ ဒါပေမယ့် အဲဒီလို လိမ္မာရေးခြားမရှိတဲ့၊ တိုင်းရင်းသားညီရင်းအကိုလို မဆက်ဆံတတ်တဲ့ ‘ငါးခုံးမ’တွေကြောင့် ကျနော်တို့ပြည်ထောင်စုကြီးဟာ မမှောက်သင့်ပါဘူး။ ကျနော်တို့ တတွေ မိသားစုစိတ်ဓါတ်တွေနဲ့နည်းလမ်းရှာဖွေပြီး‘ခြေမမကောင်း ခြေမ’ဆိုသလို မကောင်း သူတွေကို သွန်သင်သင့်တာ သွန်သင်၊ ဆုံးမသင့်တာ ဆုံးမ၊ အရေးယူသင့်တာ အရေးယူသွားရင် ပြည်ထောင်စုအတွင်းမှာ အထင်အမြင်လွဲမှားမှုတွေလည်း ပပျောက်သွားမယ်လို့ ကျနော်ယုံကြည်ပါတယ်။

ပြီးတော့ ‘ဝေးတသက်သက်၊ နီးတကျက်ကျက်’ဆိုသလို တအူတုံဆင်း တပြည် ထောင်တွင်းမှာဘဲလဲ ဖြစ်တတ်ပါတယ်။ တကျက်ကျက်ဖြစ်တာကြောင့် ကျနော် အစမှာတော့ စိတ်ထိခိုက် စိတ်ဆင်းရဲမိပါတယ်။ ဒါပေမယ့် အဲသလိုဖြစ်ရတာဟာ လူသားတို့ရဲ့ ဓမ္မတာမို့ မိသားစုအချင်းချင်း တယောက်နဲ့တယောက် သည်းခံပြီးတော့ ကြင်ကြင်နာနာနဲ့သာ ပေါ်လာတဲ့ တကျက်ကျက်ပြဿနာတွေကို ဖြေရှင်းကြရင်မပြေလည်စရာအကြောင်းမရှိဘူးလို့ ကျနော်ယုံကြည်ခဲ့ပါတယ်။

ညီတော်နောင်တော်များခင်ဗျား။ ကျနော်တို့ပြည်နယ်အတော်များများဟာ မတိုးတက်မဖွံ့ဖြိုးဘဲ အောက်တန်းနောက်တန်း ကျနေသလို ဗမာပြည်မှ တချို့နေရာတွေမှာလည်း အလွန်အောက်တန်းနောက်တန်းကျနေပါသေးတယ်။ အဲဒီ အောက်တန်း နောက်တန်းကျပြီး မဖွံဖြိုးသေးတဲ့နေရာဒေသအားလုံးကို ကျန်ဒေသအားလုံးနဲ့ ညီတူတိုးတက်လာအောင် ကျနော်တို့ အသေအလဲအဆင်းရဲခံပြီးကြိုးစားကြဖို့လိုပါသေးတယ်။ ကျနော်တို့ လက်တွဲပြီး ကြိုး စားကြရင် မအောင်မြင်နိုင်စရာအကြောင်း ဘာမှမရှိပါဘူး။ အခုအခါ ပြဿနာတွေ အလွန် များနေပေမယ့် ကျနော်တို့တတွေဟာ သွေးချင်းသားချင်း ညီတော်နောင်တော်များအနေဖြင့် ရင်းရင်းနှီးနှီး ချစ်ချစ်ကြည်ကြည် စည်းစည်းရုံးရုံးနဲ့သာ ဖြေရှင်းကြဖို့လိုပါတယ်။

ဒါပေမယ့် အထင်အမြင်လွဲမှားနေတဲ့ပြဿနာများကို ဖြေရှင်းတဲ့အခါမှာ ပြည် ထောင်စုဗမာနိုင်ငံတော်ကြီးကို အင်အားချိနဲ့သွားအောင် မပြုမိစေဖို့ တပြည်ထောင်စုလုံး အင်အားတောင့်တင်းရေး၊ တပြည်ထောင်စုလုံးရဲ့စီးပွား ပိုမိုတောင့်တင်းရေး၊ ပြည်ထောင်စုသူ/ပြည်ထောင်စုသား အားလုံးအတွက် တရားမျှတရေး၊ ပြည်ထောင်စုကြီး မပြိုကွဲရေးနဲ့ လွတ်လပ်သော ပြည်ထောင်စု ဗမာနိုင်ငံတော်ကြီး တည်တန့်ခိုင်မြဲရေးကိုတော့ ရှေ့ရှုပြီး ဆောင်ရွက်ကြဖို့ လိုတယ်ဆိုတာကိုဘဲ ကျနော် လေးလေးနက်နက်တင်ပြရင်း နိဂုံးချုပ်ပါတယ်။ ။

သြဘာသံများ

No comments:

Post a Comment