တင်ပြ-ဆွေးနွေး-ရေးသားချက်များ။ ညွန့်ပေါင်းသတင်းလွှာ။ ယမုန်နာဆေးခန်း။ ၁၉၉၀ ရွေးကောက်ပွဲ။ ပြည်ထောင်စုအရေး။ ဒေါက်တာတင့်ဆွေ၏ စာများ။ My writings ပုလဲသွယ်၊ နိုင်ငံရေး-စာမျက်နှာ။

Friday, March 20, 2009

ပင်လုံစိတ်ဓါတ် ရှင်သန်ဖေါ်ဆောင်ရေးမှ

ပင်လုံစိတ်ဓါတ် ရှင်သန်ဖေါ်ဆောင်ရေးမှ
စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် တည်ဆောက်ရေးဆီသို့

စာရေးပြုစုသူ ခွန်းမတ်ရ်ကိုဘန်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊
ကယန်းအမျိုးသား စည်းလုံးညီညွတ်ရေး ဒီမိုကရေစီအဖွဲ့၊
ဖယ်ခုံမြို့နယ်။

Federal (2nd Editon final).pdf

Read More...

Monday, March 2, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားလူမျိုးများအရေး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

နိဒါန်း

၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အာရှအလယ်ပိုင်းကုန်းမြေမှ ဆင်းသက်ပေါက်ဖွား လာကြသည့် တိုင်းရင်းလူမျိုး၊ မိသားစုဝင်များဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းလူမျိုးများ၊ လူမျိုးစုများ၏ အမိမြေသည် မြန်မာနိုင်ငံသာလျှင် ဖြစ်ပေသည်။

၂။ သို့ဖြစ်ရာ လူမျိုး တစ်မျိုးနှင့် တမျိုး၊ လူမျိုးစု တစုနှင့်တစုတို့သည် အပြန်အလှန် ယုံကြည်မှု ရရှိကြရန်၊ တန်းတူရည်တူ ဆက်ဆံကြရန် အရေးကြီးပေသည်။ လူမျိုးကြီး၊ လူမျိုးငယ် ဟူသော ပြဿနာများ၊ တောင်ပေါ်နှင့် မြေပြန့်ဟူသော အစွဲအလမ်းများကို အပြီးအပိုင် ဖျောက်ဖျက်ပြီး၊ ပြည်ထောင်စုတခုအတွင်းထဲမှ ပေါက်ဖွား လာသော ညီအကို တိုင်းရင်သားများအဖြစ် စွဲမြံစွာ ခံယူကြအပ်ပေသည်။

၃။ ဤတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ “လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးခြင်း ထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တမျိုးတစား တည်းပင်ဟု စိတ်ထားရှိသူတို့ကို တစုတည်း ပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့်ဘာသာတရား၊ ပြောဆိုသည့် ဘာသာစကား တို့ကို အရေးထားရမည် ဖြစ်သော်လည်း၊ စင်စစ်မှာ အေးတူ ပူအမျှ၊ ကောင်းတူဆိုးဆက် ပူးပေါင်း နေလိုသော အစဉ်အလာ ဆန္ဒအပေါ်တွင်၊ ဝံသာနုရက္ခိတာတရားသည် တည်နေပေ၏” ဟူသော မိန့်ကြားချက်ကို တိုင်းသူပြည်သားအားလုံးက လမ်းညွှန်အဖြစ် ခံယူကြရန် လွန်စွာမှ အရေးကြီးပေသည်။

၎။ သို့မှသာလျှင် “ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်သစ်”၊ တနည်းအားဖြင့် “စစ်မှန်သော ပါတီစုံ ဒီမိုကရေစီ နိုင်ငံတော်သစ်” ကို အောင်မြင်စွာ တည်ဆောက်နိုင်ပြီး၊ တိုင်းရင်းသား လူမျိုးအားလုံး၊ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင် သွားနိုင်ကြပေမည်၊ သို့မှသာလျှင် ပြည်ထောင်စုကြီး တည်တံ့ခိုင်မာပြီး တိုင်းရင်းသား လူမျိုးများ အကြားတွင် ထာဝရ ငြိမ်းချမ်းသာယာမှု ထွန်းကားနိုင်မည် ဖြစ်ပါသည်။

၅။ ထိုအမြော်မြင်ကြီးမားသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊ တိုင်းရင်းသား လူမျိုးခေါင်းဆောင်ကြီးများသည် ကိုလိုနီနယ်ချဲ့၏ ထမ်းပိုးအောက်မှ လွတ်မြောက်၍ အချုပ်အခြာ အာဏာပိုင်သော “ပြည်ထောင်စုနိုင်ငံတော်” ကို ကျစ်လစ် ခိုင်မာစွာ တည်ဆောက်နိုင်ရန် ပင်လုံညီလာခံ ကျင်းပ၍ အကြေအလည် ညှိနှိုင်း ဆွေးနွေးကြချက်-
“…တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုရရှိခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝ ပြုကူလိမ့်မည်မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိကြောင်း မူအားဖြင့် လက်ခံသည်။”
“တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။” - ဟူသော အချက်များကို အလေးထားကာ၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်၊ ရှမ်းပြည် ပင်လုံမြို့၌ သဘောတူ စာချုပ် ချုပ်ဆိုပြီး၊ လွတ်လပ်ရေးကို အတူတကွ ပြန်လည် အရယူခဲ့ကြပေသည်။

၆။ ဤသို့အားဖြင့် ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများအားလုံး တန်းတူရည်တူရှိမှုကို လည်းကောင်း၊ နယ်တွင်းကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ရရှိရေးကိုလည်းကောင်း မိသားစုစိတ်ဓါတ်၊ သို့မဟုတ်၊ ပင်လုံစိတ်ဓါတ်ဖြင့် အသိအမှတ်ပြုသဘော တူခဲ့ကြပေသည်။

ရ။ ဤသည်တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အလေးအနက်ခံယူ၍ စစ်မှန်သော ပါတီစုံဒီမိုကရေစီ နိုင်ငံတော်သစ်ကို ပြည်သူပြည်သားအားလုံးနှင့် အတူ တက်ညီလက်ညီ တည်ဆောက်သွားကြရန် အခိုင်အမာ သံန္နိဋ္ဌာန်ချမှတ်ခဲ့ပေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် တိုင်းရင်းသားများအရေးနှင့် ပတ်သက်၍ အစဉ်တစိုက်ချမှတ်ခဲ့သော သဘောထားများ

အဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (ယာယီ)နှင့် မူဝါဒသဘောထားများ (မူကြမ်း)

၈။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၉၈၈ ခုနှစ် အောက်တိုဘာလအတွင်းက ထုတ်ပြန်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (ယာယီ)နှင့် မူဝါဒသဘောထားများ (မူကြမ်း) ပါ၊ တိုင်းရင်းသား လူမျိုးများအပေါ် ထားရှိသည့် မူဝါဒသဘောထားများတွင် -
(က) “့  တိုင်းရင်းသားလူမျိုးများ၏ ပြဿနာကို ဦးစားပေးအလေးထားကာ ဖြေရှင်းကြမည်။ တိုင်းရင်းသားလူမျိုးအားလုံး၏ တန်းတူရည်တူ အခွင့်အရေးများကို အသိအမှတ်ပြုခြင်း၊ စိတ်ထား စေသနာ ဖြူစင်ခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း၊ တဦး၏ အယူအဆ တဦးလေးစားခြင်း၊ အခြေခံ လူ့အခွင့်အရေး လေးစားယုံကြည်ခြင်း၊ တိုင်းရင်းသား လူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းစဉ်လာ ဖွံ့ဖြိုးစေလိုသော ဆန္ဒအား လိုက်လျောခြင်းတို့ကို အခြေပြုလျက်၊ အကောင်းဆုံး အဖြေကို ရရှိသည်အထိ ကြိုးပမ်းမည်။ ဤအချက်များကို အထူးအလေးအနက်ထား၍ ပူးပေါင်း ဖြေရှင်းကြလျှင်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စုသား အချင်းချင်း သဟဇာတ ဖြစ်ရေးတို့သည် မုချအောင်ပန်းဆင်နိုင်မည့် ရည်မှန်းချက်များ ဖြစ်သည်ဟု ယုံကြည်သည်။ ဤရည်မှန်းချက်များ ထမြောက်အောင် ကြိုးပမ်း လုပ်ဆောင်သွားမည်။”

ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီးအဖြစ်၊ စီးပွားရေး အင်အားခိုင်မာ တောင့်တင်းစွာ ရပ်တည် နိုင်ရေးကို လိုလားသည့်အလျောက် ပြည်နယ်အသီးသီးတွင် စီးပွားရေး ဖွံ့ဖြိုးမှုလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဦးတည်မည်။ တိုင်းရင်းသား လူမျိုးများ၏ မွေးရာပါ အခွင့်အရေးများ ခံစား ပြည့်ဝရေးနှင့် ပြည်ထောင်စုကြီး တခုလုံး သာယာဝပြောရေးတို့ သဟဇာတ ဖြစ်စေမည့်မူကို လက်ကိုင်ကျင့်သုံး၍ ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ထုတ်မည်။” - ဟု အတိအလင်း မူဝါဒ သဘောထားများ ချမှတ်ခဲ့ပေသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက် အမှတ် (၉)
၉။ တဖန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်အတွင်း နိုင်ငံအနှံ့အပြား ကွင်းဆင်း စည်းရုံးခဲ့စဉ် ရှမ်းပြည်ပင်လုံမြို့၌ (၁၁.၂.၈၉) ရက်နေ့တွင် နေ့စဉ် အဖွဲ့ချုပ်၏ သဘောထားနှင့် ယေဘူယျ ရှေ့လုပ်ငန်းစဉ်များကို ကြေညာချက်အမှတ် (၉) အတိုင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ ရှင်းလင်းပြောကြားချက်မှာ-
(က) “ပြည်ထောင်စု တခုလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍနယ်ပယ် အားလုံးတို့၌ အပြည့်ဝဆုံးသော ဒီမိုကရေစီ အခြေအနေများ ဖော်ထုတ်ရေးနှင့် အစစ်မှန်ဆုံးသော ဒီမိုကရေစီ နိုင်င့တော်သစ် တည်ဆောက်ရေးကို ဦးတည် ရှေးရှုမည်။”
(ခ) “တိုင်းရင်းသားလူမျိုးအားလုံး လက်တွဲမဖြုတ်စတမ်း သွးစည်းညီညွတ်မှုဖြင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးကို ဦးတည် ရှေးရှုမည်။”
(ဂ) “ပြည်ထောင်စု တိုင်းရင်းသား လူမျိုးအားလုံး၏ အခွင့်အရေး တန်းတူရည်တူမှုကို လက်ခံလျက်၊ မည်သည့်လူမျိုးကိုမျှ အထူးအခွင့်အရေး မပေးရေးနှင့် လူမျိုးနွယ်စု အားလုံး ခံစားထိုက်၊ ခံစားအပ်သော မည်သည့် အခွင့်အရေးကိုမျှ ချုပ်ခြယ်ကန့်သတ်မှု မပြုရေးကို ဦးတည် ရှေးရှုမည်။” “တိုင်းရင်းသား လူမျိုးများ အားလုံး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ကဏ္ဍနယ်ပယ် အသီးသီး၌ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိရေးကို ဦးတည် ရှေးရှုမည်။”
(င) “နယ်ပယ်ဒေသ အသီးသီး၌ တိုင်းရင်းသားလူမျိုး အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု၊ ကူညီ ရိုင်းပင်းမှု၊ ဝိုင်းဝန်း ပံ့ပိုးမှုဖြင့် ပြည်ထောင်စုကြီး တခုလုံးနှင့် ပြည်ထောင်စုကြီး၏ ပြည်နယ်ဒေသ အစိတ်အပိုင်း အသီးသီး၏ စီးပွား ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်ရှေးရှုမည်၊” ဟူသည်များ ဖြစ်ပေသည်။

၁၀။ ယေဘူယျ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျင်း၍
(က) ဒီမိုကရေစီ အောင်မြင်စွာ တည်ဆောက်နိုင်ချိန်တွင် ပြည်ထောင်စုကြီး တည်တံ့ ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေး၊ တိုင်းရင်းသား လူမျိုးများအားလုံး သွေးစည်းညီညွတ်ရေး၊ တန်းတူသော ဒီမိုကရေစီ လူ့ဘောင်သစ်၏ အခြေခံ အုတ်မြစ်ကြီးများကို အခိုင်အမာ ချနိုင်စေရန် အကျိုးငှာ၊ ပင်လုံညီလာခံကြီးကဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂတ်ခရီးလမ်းညွှန်များကို ချမှတ်နိုင်မည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသား ညှိနှိုင်းမှု ညီလာခံတရပ်ကို ခေါ်ယူကျင်းပမည်။
(ခ) တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသား ညှိနှိုင်းမှု ညီလာခံကြီးတွင် တိုင်းရင်းသား လူမျိုးအားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တိုင်းရင်းသားလူမျိုးအားလုံး၏ အခွင့်အရေး တန်းတူရည်တူခွင့်၊ လူမျိုးနွယ်ကြီး တခု၏ နယ်ပယ်ဒေသအတွင်း မှီတင်းနေထိုင်လျက် ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်နယ်မြေဒေသရှိသော လူမျိုးငယ်တို့၏ သီးခြားနယ်မြေဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသည့် အရေးကိစ္စများနှင့်စပ်လျင်း၍ အများသဘော ညီမျှသော ပြဋ္ဌာန်းချက်များကို ချမှတ်မည်။
(ဂ) “တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံကြီးတွင် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး၏ သွေးစည်းခိုင်မာမှုကို ယိမ်းယိုင် ပြိုကွဲနေစေပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံတွင် ဒုက္ခ ပင်လယ်ဝေစေလျက်ရှိသည့် ပြည်ထောင်စုတွင်း စစ်မက်ဖက်ပြိုင်မှုများ အပြီးအပိုင် ပြေပျောက်ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းနိုင်ရန် ညှိနှိုင်းမည်။”
(ဃ) တိုင်းရင်းသားလူမျိုးပေါင်းစုံ အမျိုးသားညှိနှိုင်းမှု ညီလာခံကြီးတွင် တိုင်းရင်းသား လူမျိုးအားလုံးနှင့် ပြည်နယ်အားလုံး၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်ပိုင်စာပေ၊ ထုံးတမ်းယဉ်ကျေးမှုနှင့် ဘာသာစကားများ စည်ပင်ထွန်းကားရေးနှင့် အပြန်အလှန် ဖလှယ်စည်းပူးရေးတို့အတွက် ခိုင်မာတိကျသော ဝိုင်းဝန်းပံ့ပိုးမှု၊ အာမခံမှု၊ လေးစား စောင့်ထိန်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းချမှတ်မှုများကို ဖော်ထုတ်မည် ဟူ၍ လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပေသည်။ အထက်တွင် ဖော်ပြခဲ့သည့် “…ပင်လုံ ညီလာခံကြီးကဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂတ်ခရီးလမ်းညွှန်များကို ချမှတ် နိုင်မည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ အမျိုးသား ညှိနှိုင်းမှု ညီလာခံတရပ်ကို ခေါ်ယူကျင်းပမည်” ဟူသည်နှင့်ပတ်သက်၍ အဆိုပါ ညီလာခံသည် ပြည်ထောင်စု စိတ်ဓာတ် လုံးဝလွှမ်းမိုးသော ညီလာခံဖြစ်ရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်း
၁၁။ ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ် မေလတွင် ကျင်းပပြုလုပ်ခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့ရသည်။ ထိုစဉ်က တိုင်းပြည်သို့ ထုတ်ပြန် အသိပေးခဲ့သော အဖွဲ့ချုက်၏ “ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကြေညာစာတမ်” တွင်-

“တိုင်းရင်းသားလူမျိုးအသီးသီးသည် မိမိတို့ ရပိုင်ခွင့်များနှင့် တာဝန်ယူမှုတို့တွင် တန်းတူ ရည်တူ ရှိစေရမည်။ ထို့အပြင်-
(က) တိုင်းရင်းသား လူမျိုးများအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုဖြင့်၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးကို ဦးတည်ရှေးရှုမည်။
(ခ) ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးအားလုံး၏ အခွင့်အရေးတန်းတူရည်တူမှုကို လက်ခံလျက် မည်သည့်လူမျိုးကိုမျှ အခွင့်အရေးမပေးရေးနှင့် လူမျိုးနွယ် လူမျိုးစု အားလုံး၏ ခံစားထိုက်၊ ခံစားအပ်သော မည်သည့်အခွင့်အရေးကိုမျှ ချုပ်ခြယ် ကန့်သတ်မှု မပြုရေးကို ဦးတည်ရှေးရှုမည်။
(ဂ) တိုင်းရင်းသား လူမျိုးများ အားလုံးသည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ကဏ္ဍ စသော နယ်အသီးသီး၌ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နဲ့အညီ ဦးတည်ရှေးရှုမည်။
(ဃ) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မပေါ်ပေါက်မီ ကြားကာလ အစီအစဉ်ဖြင့် ပြည်သူ့လွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ ရှိပြီးသားပြည်နယ်များအတွက် အာဏာပိုင် အဖွဲ့များ ဖွဲ့စည်းပေးမည်။
(င) နယ်ပယ်အသီးသီး၌ တိုင်းရင်းသားလုမျိုးအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ကူညီရိုင်းပင်းမှု၊ ဝိုင်းဝန်းပံ့ပိုးမှုဖြင့် ပြည်ထောင်စုကြီးတခုလုံးနှင့်၊ ပြည်ထောင်စုကြီး၏ ပြည်နယ်ဒေသအစိတ်အပိုင်း အသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ရှေးရှုမည်။
(စ) ဒီမိုကရေစီစနစ် အောင်မြင်စွာ တည်ဆောက်နိုင်ချိန်တွင် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေး၊ တိုင်းရင်းသား လူမျိုးအားလုံး သွေးစည်းညီညွတ်ရေး တည်းဟူသော ဒီမိုကရေစီလူ့ဘောင်၏ အခြေခံအုတ်မြစ်ကြိးများကို အခိုင်အမာချနိုင်စေရန်အလို့ငှါ၊ ပင်လုံညီလာခံကဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂါတ် ခရီး လမ်းညွန်များကို ချမှတ်နိုင်မည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသား ညှိနှိုင်းမှု ညီလာခံ တရပ်ကို ခေါ်ယူကျင်းပမည်၊
(ဆ) တိုင်းရင်းသားလူမျိုးတိုင်းသည် မိမိတို့စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာများကို ထိန်းသိမ်းစောင့်ရှောက်ခွင့်၊ ဖွံ့ဖြိုးတိုးတက်စေခွင့် ရှိစေရမည်။
(ဇ) တိုင်းရင်းသားလူမျိုးများသည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား လူမျိုးများ အားလုံး စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီထွန်းကားရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စ အစရှိသည်များကို ပြည်ထောင်စုတစ်ခုလုံး အတိုင်းအတာဖြင့် ပါဝင်ဆောင်ရွက် စေရမည်” ဟု ကတိကဝတ်ပြုခဲ့ပေသည်။

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညှိနှိုင်းခြင်း
၁၂။ ဤသို့အားဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် မဲဆန္ဒရှင် ပြည်သူတို့၏ တစ်ခဲနက် ထောက်ခံမှုဖြင့်၊ အထွေထွေ ရွေးကောက်ပွဲတွင် အောင်ပန်းဆွတ်ခူး အနိုင်ရရှိခဲ့သည်။ ထိုသို့ အောင်နိုင်ပြီးနောက်၊ တိုင်းရင်းသား ပြည်သူတရပ်လုံး လိုလား မျှော်မှန်းနေကြသည့် “စစ်မှန်သော ပါတီစုံဒီမိုကရေစီနိုင်ငံတော်သစ်” တည်ဆောက် နိုင်ရေးအတွက် တိုင်းရင်းသား လူမျိုးများ၏ သဘောဆန္ဒများကို ရယူရန်ဦးစားပေး ဆောင်ရွက်ခဲ့သည်။ တိုင်းရင်းသား လူမျိုးများ၏ နိုင်ငံရေးပါတီ (၂၁) ပါတီ ပေါင်းစပ်ဖွဲ့စည်းထားအပ်သော “ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်” နှင့် ညှိနှိုင်းပြီး၊ ၁၉-၈-၉၀ ရက်နေ့တွင် သဘောထား ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကြေညာချက်မှ အချက်အချို့ များမှာ -
(က) “ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာပြီးလျှင် ပြည်သူ့လွှတ်တော်က တင်မြှောက်သော ဒီမိုကရေစီအစိုးရ ဖွဲ့စည်းပြီး၊ အမြန်ဆုံးသော ကာလအတွင်း၊ ပြည်သူ့လွှတ်တော်၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား လူမျိုးများနှင့် ပါဝင်သင့်သော ပါဝင်ထိုက်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များပါဝင်သည့် အမျိုးသားညှိနှိုင်းမှု ညီလာခံကြီးတရပ် ကျင်းပ၍၊ ပြည်ထေင်စု ထူထောင်ရေးအတွက် လမ်းညွန်မှုများ ချမှတ်မည်။ ယင်းလမ်းညွန်မှုများနှင့်အညီ ပြည်သူ့လွှတ်တော်က ရေရှည် တည်တံ့ခိုင်မြဲမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ် တစ်ရပ်ကို ရေးဆွဲပြဋ္ဌါန်းအတည်ပြုရမည့့်”။
(ခ) “တိုင်းရင်းသားလူမျိုးများသည် လူမျိုးရေးတန်းတူညီမျှမှု၊ နိုင်ငံရေး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင် ပြဋ္ဌါန်းခွင့် အပြည့်အဝရှိစေရမည့်အပြင်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အာမခံချက်ရှိသော ပြည်ထောင်စုကို တိုင်းရင်းသား အားလုံး သွေးစည်းညီညွတ်စွာ ထူထောင်ရန်လိုအပ်ကြောင့်း့” ဟူသည်များ ဖြစ်ပါသည်။

၁၃။ “ကိုယ်ပိုင်ပြဋ္ဌါန်းခွင့် အပြည့်အဝရှိစေရမည်” ဟူသော သဘောသည် ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်အပိုဒ် - ၅ ပါ၊ “့တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခု ရရှိခံစားလျှက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့် ဒေသတွင်မဆို လုံးဝပြုမူလိမ့်မည်မဟုတ်၊ တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌါန်းခွင့် အပြည့်အဝရှိကြောင်း မူအားဖြင့် လက်ခံမည်။” ဆိုသည့် သဘောတရားကို အခြေခံ၍ သက်ဆိုင်ရာ ပြည်နယ်/တိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အာဏာပိုင်အဖွဲ့များသို့ လုံလောက်သော အုပ်ချုပ်မှု အာဏာများကို ညှိနှိုင်းဆွေးနွေး၍ ခွဲဝေ ပေးအပ်ရမည် ဖြစ်ပေသည်။

အခြေခံဥပဒေရေးဆွဲရာတွင် တိုင်းရင်းသားလူမျိုးများအရေးနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထားရှိသော သဘောထားများ

၁၄။ စစ်မှန်သော ပါတီစုံ ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပီပြင်စွာ ရေးဆွဲကြမည်ဆိုပါက ဒီမိုကရေစီ အခြေခံမူများကို လည်းကောင်း၊ လူ့အခွင့်အရေးနှင့် အခြေခံရပိုင်ခွင့်များကို လည်းကောင်း၊ မလွဲမသွေအခြေခံရပေမည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့စဉ်က ပြည်သူတို့အား ပေးထားခဲ့ပြီးသော ကတိကဝတ်များကို သတိရှိရှိ၊ လက်ကိုင်ပြု၍ ယင်း အခြေခံမူများအပေါ် စွဲမြဲစွာ ရပ်တည်သည်။ ပြည်သူတို့အား ပေးထားခဲ့ပြီးသော ကတိကဝတ်များကို ၎င်းတို့ထံ ပြန်လည်၍ တင်ပြခြင်း မပြုဘဲ၊ မည်သည့် အခါမျှ၊ မည်သည့် အကြောင်းကြောင့်မျှ၊ သွေဖီ ချိုးဖောက်ခြင်း ပြုလိမ့်မည်မဟုတ်ပါ။

၁၅။ အခြေခံဥပဒေရေးဆွဲရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထားရှိသော အခြေခံသဘောထားများမှာ -
(က) တိုင်းရင်းသားလူမျိုးများသည် မိမိတို့ ဘိုးစဉ်ဘောင်ဆက်ရပ်တည်ခဲ့သော လူမျိုး အစဉ်အဆက်ကို မပျောက်မပျက် ထိန်းသိမ်းလိုကြသည်။
(ခ) မိမိတို့၏ ဓလေ့ထုံးတမ်းဝဉ်ကျေးမှု၊ အနုပညာ၊ စာပေ၊ ဘာသာစကား၊ ဘာသာတရား၊ စရိုက် လက္ခဏာများကို အလွန်တန်ဖိုးထား ထိန်းသိမ်း မြှင့်တင်လိုကြသည်။
(ဂ) နယ်မြေဒေသကို မြတ်နိုးတန်ဘိုးထားကြသည်။
(ဃ) အစဉ်အဆက် ရပ်တည်နေထိုင်ခဲ့သော အစဉ်အလာနှင့် လွတ်လပ်ခွင့် တို့ကိုလည်း ဆက်လက်ခံယူလိုကြသည်။
(င) တန်းတူရည်တူမှုနှင့် မရှိအတူ၊ ရှိအတူ၊ အေးအတူပူအမျှ၊ မခွဲစတမ်း နေထိုင်သွားရေးနှင့် တစ်မိသားစုဝင်များ အဖြစ်၊ မျှတသည့်လူ့ဘောင်ဘဝကို တည်ဆောက်လိုကြသည်။
(စ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုလားကြသည်၊ စသည်တို့ဖြစ်ပါသည်။

၁၆။ ဤအချက်များကို အသိအမှတ်ပြု၍ တရားမျှတစွာ စီမံဖြည့်ဆည်းပေးရန် လိုအပ်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ခံယူထားပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး စသည့်အရေးများကို အခြေအနေအချိန်အခါနှင့် လိုက်လျောညီညွတ်စေရန် လည်းကောင်း၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေး၊ ပြည်ထောင်စုကြီး မပြိုကွဲရေး၊ တစ်မိသားစုအဖြစ် လက်တွေ့ခံယူကျင့်သုံး ဖေါ်ဆောင်နိုင်ရေးများ ရရှိစေရန် လည်းကောင်း၊ သဘောထားကြီးစွာထားပြီး ကြေအလည်ညှိနှိုင်း ဆွေးနွေးကြရန် လိုအပ်ပါသည်။

၁၇။ ပြည်နယ်နှင့် တိုင်းအတွင်းရှိ လူမျိုးစုများအနေဖြင့် ကိုယ်ပိုင်နယ်မြေ၊ ကိုပိုင်စကားနှင့် သင့်တင့်သော လူဦးရေရှိပြီး ၎င်းတို့၏ သဘောဆန္ဒအလျောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအဖြစ် နေလိုသော ဆန္ဒရှိပါက သတ်မှတ်ပေးရန်ဖြစ်ပေသည်။ ဤသည်နှင့် ပတ်သက်၍ ပြည်ထောင်စုပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်၊ လူမျိုးစုပြည်နယ်ဟု တိုင်းပြည်အခြေအနေများအရ လည်းကောင်း၊ နိုင်ငံရေးအခြေအနေများအရလည်းကောင်း သတ်မှတ်ပေးရန် လိုကောင်းလိုလာလိမ့်မည်။ ထိုသို့ အခြေအနေပေါ်ပေါက်လာလျှင် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ - ခုနှစ် အခြေခံ ရေးဆွဲရန်အတွက်၊ ဖဆပလ ပဏာမညီလာခံသို့ တင်သွင်းသည့် အဂါင်္ရပ်များဟူသည့် အချက်များအရ၊ ဆောင်ရွက်ပေးရန်သင့်လျော်သည်ဟု သဘောရသည်။ အင်္ဂါရပ်များမှာ -
(က) ပထဝီအနေအထားအရ၊ နယ်နိမိတ်အထင်အရှားရှိခြင်း၊
(ခ) မြန်မာ့စကားနှင့် မတူသော ဘာသာစကားတစ်မျိုးတည်းရှိခြင်း၊
(ဂ) ယဉ်ကျေးမှုတမျိုးတည်းရှိခြင်း၊
(ဃ) ရာဇဝင်အစဉ်အလာတစ်မျိုးတည်းရှိသော လူစုရှိခြင်း၊
(င) စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေး လုံလောက်မှုတို့ရှိသော လူစုရှိခြင်း၊
(စ) လူဦးရေအတော်အတန်ရှိခြင်း၊
(ဆ) သီးခြားပြည်ထောင်စု ဒေသ တစ်ခု အဖြစ်ဖြင့် မိမိ၏
ကိုယ်ပိုင်ထင်ရှားချက်အတိုင်း နေလိုသော ဆန္ဒရှိခြင်း၊ - တို့ဖြစ်ကြသည်။

၁၈။ တိုင်းရင်းသားလူမျိုးနွယ်စု အားလုံးသည် ပြည်ထောင်စုဖွား မိသားစုများဖြစ်ကြပြီး တစ်မြေတည်းနေ တစ်ရေတည်းသောက်၍ တန်းတူရည်တူ၊ အေးအတူပူအမျှ၊ ဥမကွဲ သိုက်မပျက်၊ သံသယကင်းရှင်းစွာ ထာဝစဉ် သွေးစည်းညီညွတ်စွာ မခွဲစတမ်း နေထိုင်သွားကြရမည်။ ပြည်ထောင်စု အတွင်းရှိ ပြည်နယ်အားလုံးသည် အခြေခံဥပဒေနှင့် အညီ -
(က) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိစေရမည်။
(ခ) ပြည်နယ်များက ပြဋ္ဌါန်းသော ဥပဒေမှန်သမျှသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ဖြစ်ရမည်။ အကယ်၍ ပြည်နယ်များက ပြဋ္ဌါန်းလိုက်သော ဥပဒေ တစ်ရပ်ရပ်သည် ပြည်ထောင်စု အကျိုးကို ထိခိုက်မည်ဆိုပါက လွှတ်တော်က ပြန်လည်စီစစ်ပိုင်ခွင့်ရှိရမည်၊ ဟု သဘောထားသည်။

၁၉။ နိုင်ငံတော်သည်၊ တန်းတူရည်တူဖြစ်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိသော တိုင်းရင်းသားလူမျိုးနွယ်စုများနှင့် ပေါင်းစပ်ဖွဲ့စည်းထားသော နိုင်ငံဖြစ်သည်။ လူမျိုးနွယ်စု အချင်းချင်း သည်လည်းကောင်း၊ လွမ်းမိုးခြင်း၊ အကြပ်ကိုင်ခြင်း၊ ချိုးနှိပ်ခြင်း၊ တရားမဲ့ပြုခြင်း၊ ခေါင်းပုံဖြတ်ခြင်း အလျင်း မရှိစေရ။ နိုင်ငံတော်၏ အသီးအပွင့် များကို မိမိတို့၏ ကာယ၊ ဥာဏ၊ ဇွဲ၊ ဝိရိယစွမ်းအားအလိုက် အကျိုးခံစားခွင့် ရှိစေရမည်ဟု သဘောထားသည်။

၂၂။ လွတ်တော်များဖွဲ့ စည်းရေးကိစ္စနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည်၊ ၁၉၈၉ ခုနှစ်၊ ဇူလိုင် (၁၅) ရက် ကတည်းကပင်၊ တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညှိနှိုင်းခဲ့သည်။ ထိုစဉ်ကပင် ဖက်ဒရယ် (ပြည်ထောင်စု) ဟူသော ကိစ္စကို စဉ်းစား ဆွေးနွေးကြရာ၌ ပြည်ထောင်စု ဖွဲ့ခြင်းသည်၊ ခွဲထွက်ရန်မဟုက်ဘဲ၊ ဗဟိုနှင့် ပြည်နယ်အစိုရများသို့ အာဏာများ ခွဲဝေပေးရေးနှင့် အစဉ်ပြေစွာပူးပေါင်း နေထိုင်သွားရေးသည်သာ အဓိကဖြစ်ကြောင်း သဘောထားခဲ့ကြသည်။ အထူးသဖြင့် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုများအကြား အာဏာများမည်ကဲ့သို့ ခွဲဝေပြီး၊ တာဝန်ဝတ္တရားများကို မည်ကဲ့သို့ ပိုင်းခြားသတ်မှတ်ကြမည်ကို ဆွေးနွေးညှိနှိုင်းကြပြီး၊ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ များကို ဆန့်ကျင်ပြီး၊ တိုင်းရင်းသား လူမျိုးအားလုံး ချစ်ကြည်သွေးစည်းရေးကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ကြးရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများ၊ ဘာသာရေးကိုးကွယ်မူ စသည်များကို ထိန်းသိမ်းသွားနိုင်ကြရေးးအတွက် ညှိနှိုင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း သဘောထားခဲ့ကြပေသည်။
၂၃။ ထို့ကြောင့် ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်အဖြစ် ဖွဲ့စည်းကြသည့်အခါ ပြည်ထောင်စု လွှတ်တော်ကို-
(က) မဲဆန္ဒနယ်မြေအလိုက် လူဦးရေကို အခြေခံရွေးကောက်တင်မြောက်လိုက်သော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည့် လွှတ်တော်တစ်ရပ်နှင့်
(ခ) ပြည်နယ်နှင့်တိုင်းများမှ လူဦးရေတူညီစွာ ရွေးကောက်တင်မြှောက်လိုက်သော လွတ်တော်ကိုယ်စားများနှင့် ဖွဲ့စည်းသည့် လွှတ်တော်တရပ် ပေါင်း (၂) ရပ်တို့ဖြင့် ဖွဲ့စည်းရန်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းများတွင်လည်း အချုပ်အခြာ အာဏာသည် ပြည်သူလူထုမှ ဆင်းသက်သည် ဟူသော ဒီမိုကရေစီ မူဝါဒအရ အဆိုပါ လွှတ်တော်များသို့ ပြည်သူများက မိမိတို့ပိုင်သည့် အချုပ်အခြာ အာဏာကို အသုံးပြု၍ ဒီမိုကရေစီကျင့်စဉ်နှင့် အညီ မိမိကိုယ်စား ပြည်သူ့ကိုယ်စားလှယ်များကို မိမိတို့ကိုယ်တိုင် ရွေးကောက်တာဝန် အပ်နှင်းရန်ဖြစ်သည်ဟု သဘောထားသည်။

၂၄။ လွှတ်တော် (၂) ရပ်၏ တာဝန်ပိုင်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းများ ပြုစုတင်သွင်းနိုင်ခွင့်၊ တင်ပြလာသော ဥပဒေကြမ်းများကို စိစစ်ဝေဖန် အကြံပြုပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များ တူညီစွာ ရှိသင့်ကြသည်။ သို့သော် ငွေကြေးဆိုင်ရာ ဥပဒေကြမ်းများကိုမူ ပြည်သူ့လွှတ်တော်ကသာ စတင် အကြံပြုသင့်ကြောင်း သဘောထားပါသည်။

၂၅။ အာဏာများ ခွဲဝေရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ်/တိုင်းဆိုင်ရာ ကိစ္စရပ်များကို ပီပြင်စွာ ဆောင်ရွက်နိုင်ရန် အကြေအလည် ဆွေးနွေးညှိနှိုင်းပြီး၊ အာဏာများကို ခွဲဝေ သတ်မှတ်ပေးရန် လိုအပ်သည်ဟု သဘောထားသည်။ ထို့ကြောင့် ပြည်ထောင်စု ဥပဒေပြုဇယား၊ ပြည်နယ်/တိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ရဒေသ အာဏာပိုင်အဖွဲ့များ၊ ဥပဒေပြုဇယားနှင့် တူညီ ဥပဒေပြုဇယားများကို တိကျစွာ ခွဲဝေသတ်မှတ်သွားကြရမည်ဟု အလေးအနက် ခံယူပေသည်။

၂၆။ တရားစီရင်ရာ၌ ထူးခြားသော အခြေအနေအရ တိုင်းရင်းသား လူမျိုးများအလိုက် ကျင့်သုံးကြသည့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ ပေးထားသင့်သည်ဟု သဘောထားသည်။ သို့သော် ခေတ်စနစ်များနှင့် လိုက်လျောညီထွေမှု မရှိလျှင်ဖြစ်စေ၊ ဥပဒေ ပြဋ္ဌာန်းချက်အရ လူမျိုးစုတမျိုးက အခြားလူမျိုးစုတမျိုးကို ထိခိုက်နစ်နာမှုရှိလျှင်ဖြစ်စေ ပြည်ထောင်စု လွှတ်တော်က စီစစ်ပြုပြင်ပိုင်ခွင့် ရှိသင့်ပေသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘောထားအနှစ်ချုပ်

၂၇။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တိုင်းရင်းသား လူမျိုးများအရေးနှင့် စပ်လျဉ်း၍ထားရှိသည့် သဘောထား အနှစ်ချုပ်များမှာ -
(က) အမိ မြန်မာနိုင်ငံတော်ကို “ပြည်ထောင်စု မြန်မာနိုင်ငံတော်” အဖြစ် ဖွဲ့စည်း တည်ဆောက်သင့်သည်။
(ခ) တိုင်းရင်းသား လူမျိုးများနှင့် ပေါင်းစပ်ဖွဲ့စည်းအပ်သော အမိနိုင်ငံတော်၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေးနှင့် တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသား လူမျိုးအားလုံး၏ သွေးစည်းညီညွတ်ရေးသည် အခြေခံအကျဆုံးသော လိုအပ်ချက်ဖြစ်သည်။
(ဂ) ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသား ပြည်သူတို့၏ အကျိုးကို ဖော်ဆောင်ကြရာ၌ တိုင်းရင်းသားလူမျိုး အချင်းချင်း တန်းတူရည်တူမှုဖြင့် သံသဝစိတ်ကင်းစင်စွာ အပြန်အလှန် ယုံကြည်ကြရန်၊ အပြန်အလှန် ကူညီရိုင်းပင်းကြရန်၊ အတူတကွ တက်ညီလက်ညီ လုပ်ကိုင်ဖော်ဆောင်ကြရန်နှင့် နိုင်ငံတော်၏ အသီးအပွင့်များကို မိမိတို့၏ ကာယ၊ ဥာဏ၊ ဝိရိယ စွမ်းအား အလိုက် အကျိုးခံစားခွင့်ရကြရန် လိုအပ်သည်။
(ဃ) တနိုင်ငံလုံးနှင့်ဆိုင်သော ကိစ္စရပ်များကို စုပေါင်းအကောင်အထည်ဖော်ကြ၍ ထူးခြားသော အခြေအနေအရ လူမျိုးစုများဆိုင်ရာ မိမိတို့ မြတ်နိုးတန်ဖိုးထားသည့် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ၊ စောင့်ထိမ်းအပ်သည့် ဓလေ့ထုံးတမ်းများကို သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့် ရှိကြရန် လိုအပ်သည်ဟူသည်များ ဖြစ်ပါသည်။

၂၈။ အထက်ပါ သဘောထားများနှင့်အညီ စစ်မှန်သော ပါတီစုံ ဒီမိုကရေစီ နိုင်ငံတော်အဖြစ် -
(က) အမိမြန်မာနိုင်ငံတော်ကို “ပြည်ထောင်စုနိုင်ငံတော်” အဖြစ် တည်ဆောက်ကြရန်၊
(ခ) ပြည်ထောင်စု နိုင်ငံတော်ကို ဖွဲ့စည်းသည့်အခါ ဗဟိုတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ ပါဝင်သော ပြည်ထောင်စု လွှတ်တော်ကို ဖွဲ့စည်းကြရန်၊
(ဂ) တန်းတူရည်တူဖြစ်ကြသော ပြည်နယ်နှင့် တိုင်းများတွင် သက်ဆိုင်ရာ ပြည်နယ် သို့မဟုတ် တိုင်း လွှတ်တော်တရပ် ဖွဲ့စည်းရန်၊
(ဃ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာများရှိသည့် အာဏာပိုင် အဖွဲ့များ ထားရှိရန်၊
(င) အဆင့်ဆင့်သော အာဏာပိုင်အဖွဲ့များကို အာဏာပိုင်အဖွဲ့များကို ပြည်သူက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများတွင် မိမိတို့ ကိုယ်တိုင် ရွေးကောက် တင်မြှောက် အာဏာနှင်းလိုက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန်၊
(စ) အဆင့်ဆင့်သော လွှတ်တော်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအာဏာပိုင် အဖွဲ့များသို့ လိုအပ်သော ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှုအာဏာနှင့် တရားစီရင်မှု အာဏာများကို ညှိနှိုင်းဆွေးနွေး၍ ခွဲဝေပေးအပ်ရန်၊
(ဆ) အာဏာများ ခွဲဝေသတ်မှတ်ရာတွင် ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ်/တိုင်း ဆိုင်ရာကိစ္စရပ်များကို လုံလောက်စွာ ဆောင်ရွက်နိုင်ရန် အကြေအလည် ညှိနှိုင်းပြီး သတ်မှတ်ရန်၊ အထူးသဖြင့် ပြည်ထောင်စု ဥပဒေပြုဇယား၊ ပြည်နယ်/တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥပဒေပြု ဇယားများနှင့် တူညီဥပဒေပြု ဇယားများကို တိကျစွာ ခွဲဝေသတ်မှတ်ရန်၊
(ဇ) တိုင်းရင်းသား လူမျိုးများအလိုက် ကျင့်သုံးကြသည့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာ ဒေသ အာဏာပိုင်အဖွဲ့များမှ လုပ်ပိုင်ခွင့်ရှိစေရန်၊
(ဈ) ကိုးကွယ်သည့်ဘာသာနှင့်ပတ်သက်၍ မိမိမြတ်နိုးကြည်ညိုသည့် မည်သည့် ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့်ရှိစေရန်၊ - စသည်တို့ ဖြစ်ပါသည်။

၂၉။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အခြေခံသဘောထားမှာ ငြိမ်းချမ်းတည်ငြိမ်ပြီး၊ လူတဦးချင်း၏ အခွင့်အရေးများ၊ တိုင်းရင်းသး လူမျိုများဆိုင် အခွင့်အရေးများ ခံစားပိုင်ခွင့်ရှိသော စီးပွားရေး၊ ဘဝခိုင်ခံ့မှု စသည်တို့ကို အာမခံသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရေး ဖြစ်ပါသည်။

၃၀။ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်သည့်အခါ စစ်ရေးနည်းလမ်းအားဖြင့် တည်ဆောက် ၍မရနိုင်ချေ။ နိုင်ငံရေးနည်းလမ်းအားဖြင့်သာ တည်ဆောက်သွားကြအပ်သည်ဟု ရိုးသားစွာ ယုံကြည်ကြသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးတို့တွင်လည်း မိမိတို့နိုင်ငံအတွင်း ပြဿနာများကို နိုင်ငံရေးနည်းအားဖြင့်သာ အောင်မြင်စွာ ဖြေရှင်းကြသည်ချည်း ဖြစ်ပါသည်။

၃၁။ ထိုသို့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်သည့်အခါ သက်ဆိုင်ရာများအနေဖြင့် မိမိတို့ဆန္ဒစွဲများကို တရားသေ ဆုတ်ကိုင်၍မထားဘဲ မိမိအပါအဝင် အများအားလုံး၏ အကျိုးစီးပွားကို စေတနာမှန်ကန်စွာဖြင့် ဖြစ်ပေါ်ခဲ့သော၊ ဖြစ်ပေါ်လျက်ရှိသော ချို့ယွင်းချက်၊ အားနည်းချက်များကို သင်ခန်းစာယူလျက် အမှန်တရားကို ရှာဖွေကြရပေလိမ့်မည်။ လူတဦးချင်း၏ အခွင့်အရေးများနှင့် တိုင်းရင်းသားလူမျိုးများဆိုင်ရာ ရပိုင်ခွင့်များကို တရားမျှတစွာ အဖြေရှာပြီး၊ အများစုကြီး၏ အကျိုးကို ဦးထိပ်ပန်ဆင်ကြရမည်ဟုလည်း အခိုင်အမာ သဘောထားပေသည်။

၃၂။ သို့ပါသဖြင့် အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းကြသည့်အခါတွင်လည်း၊ အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်သည်ဟူသော ဒီမိုကရေစီ၏ အဓိကမူအရ၊ ပြည်သူတို့သည် မိမိတို့၏ ကိုယ်ပိုင်ဆန္ဒအရ၊ လွတ်လပ်စွာ ရွေးချယ်ကြပြီး၊ အများစု လက်ခံနိုင်သော ဒီမိုကရေစီ အာမခံချက်များ ပါရှိရမည်ဖြစ်ပေသည်။ သို့မှသာလျှင် တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများ မုချ ဖြစ်ထွန်းခံစားနိုင်ကြမည်ဟု အလေးအနက် သဘောထားပေသည်။

နိဂုံး

အထက်ပါအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရင်းသား လူမျိုးများနှင့် ပတ်သက်၍ ထားရှိသော သဘောထားသည် အဖွဲ့ချုပ် စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ စွဲမြဲစွာ ခံယူသည့် မူဝါဒသဘောထားများအပေါ် အခြေခံ၍ ခိုင်မာစွာ ရပ်တည်ခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍လဲ ရပ်တည်ချက် ဖော်ဆောင်သွားမည် ဖြစ်ပေသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားများ သွေးစည်းညီညွတ်မှုကို ခိုင်မြဲစွာ တည်ဆောက်ခြင်းမပြုနိုင်ပါက၊ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်နိုင်မည်မဟုတ်ဟု သဘောထားသည်။

အထက်ပါသဘောထားများအပေါ် အခြေခံ၍ နိုင်ငံတော်နှင့် တိုင်းရင်းသား လူမျိုးများ၏ အကျိုးစီးပွားကို ပီပြင်စွာ ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ခိုင်မာစွာ ထည့်သွင်းပြဋ္ဌာန်းထားရှိရပေမည်။ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဟူသည်၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့အကြား ချုပ်ကိုင်သည့် ပဋိညာဉ်စာတမ်း ဖြစ်သောကြောင့် ဖြစ်ပေသည်။ အထူးသဖြင့် တိုင်းရင်းသား ပြည်သူအများစုကြီးက ယုံကြည်စွာ လက်ခံနိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်မှသာလျှင် တိုင်းရင်းသား လူမျိုး အားလုံး ပြန်လည်ရင်ကြားစေ့ရေးကို အမှန်တကယ် ဖော်ဆောင်ရာရောက်ပေမည်။ ရင်ကြား စေ့ရေးကိစ္စများကို အကောင်အထည်ဖော်နိုင်ရန် တိုင်းရင်းသား လူမျိုးခေါင်းဆောင်များ၊ အာဏာပိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြရန်ဖြစ်သည်။ သို့မှသာလျှင် တိုင်းရင်းသား ပြည်သူများ မျှော်မှန်းထားသော “စစ်မှန်သည့် ပါတီစုံ ဒီမိုကရေစီ နိုင်ငံတော်” ပီပြင်စွာ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း အလေးအနက် ခံယူအပ်ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ရန်ကုန်မြို့
၁၃၅၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၉) ရက်။
၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ယာယီစာကူးစက်
အမှတ် - ၃၉၃ ဖြင့် ကူးယူသည်။
အဖွဲ့ချုပ်အဖွဲ့ဝင်များ (အတွက်သာ)

Read More...

ပြည်ထောင်စုသဘောတရားများ ဒေါ်အောင်ဆန်းစုကြည်၏ အမှာစာ

CRPP ၏ (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများစာအုပ် ကောက်နုတ်စာ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ အမှာစာ

တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြသော နိုင်ငံဟူသည် ရေရှည် တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေးအတွက် မတူကွဲပြားမှု အပေါ်တွင် ညီညွတ်ရေးဖေါ်ထုတ်ရန်လိုပါသည်။ ထိုကဲ့သို့ မတူညီမှုအပေါ်တွင် ညီညွတ်ရေး တည်ဆောက်ရန် အဓိကလိုအပ်ချက်မှာ အချင်းချင်းအကြား ယုံကြည် လေးစားမှုနှင့် နားလည်မှုရှိခြင်းပင်ဖြစ်ပါသည်။ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဗမာအမျိုးသား ခေါင်းဆောင်များအကြား ယုံကြည်လေးစားမှု၊ နားလည်မှုများရယူခြင်းဖြင့် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရန် အခြေခံအုတ်မြစ်ဟုခေါ်ရမည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပင်လုံစိတ်ဓာတ်၏ အခြေခံဖြစ်သော အချင်းချင်း ယုံကြည်လေးစားမှုနှင့် နားလည်မှုကို ဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထောင်စုသား အားလုံး ကြိုးပမ်းကြရပါမည်။

(၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီက ထုတ်ဝေသော ဤစာအုပ်ငယ်တွင် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းတိုင်းရင်းသားအသီးသီးတို့ ရေးသား ပြုစုသော စာတမ်းများကို စုဆောင်းထားပါသည်။ တိုတောင်းသော အချိန်ကာလအတွင်း ၄င်းစာတမ်းများကို စုဆောင်းရသဖြင့် ကချင်တိုင်းရင်းသားများထံမှ စာတမ်းမရယူနိုင်ခဲ့ခြင်းကို ဝမ်းနည်းမိပါသည်။ သို့သော်လည်း ယခု ရရှိစုဆောင်းထားသော စာတမ်းများကို ဖတ်ရှုခြင်းအားဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၏ သမိုင်းအစဉ်အလာ၊ နိုင်ငံရေး မျှော်မှန်းချက်များနှင့် ပြည်ထောင်စု စိတ်ဓာတ်တို့အပြင် တရားသောပြဌာန်းချက်များ၏ အကာအကွယ်မရှိသောလူသားတို့၏ ခံစားချက်များကို နားလည် သဘောပေါက်နိုင်ရန် လမ်းပွင့်သွားစေသကဲ့သို့ ဖြစ်မည်ဟုယုံကြည်ပါသည်။

ပြည်ထောင်စုအတွင်း နေထိုင်ရှင်သန်နေကြရသော တိုင်းရင်းသားများ၏ ပြောင်မြောက်သောသမိုင်းကို လေ့လာခြင်းဖြင့် လူများစု၊ လူနည်းစုမဟူ အချင်းချင်းအကြားအပြန်အလှန် ဂုဏ်ယူလေးစားဖွယ်ရာ များစွာရှိ ကြောင်းကို သိရှိနိုင်ပါသည်။
လွတ်လပ်ရေးကြိုးပမ်းရာတွင် လူများစုဗမာများနည်းတူ လူနည်းစု တိုင်းရင်းသားများ၏ တက်ကြွသော တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ် စိတ်ဓာတ်များသည်လည်း အရေးပါလှကြောင်း၊ ထင်ရှားပါသည်။ တိုင်းရင်းသားများ၏ နိုင်ငံရေးမျှော်မှန်းချက်များကို လေ့လာလျှင် ၄င်းတို့ သည် ဆင်ခြင်တုံတရားပေါ် အခြေခံပြီး တိုင်းရင်းသားများ၏ ပထဝီအနေ အထား၊ လူမျိုးအနေအထားအရ လိုအပ်ချက်များနှင့် လျော်ကန်သင့်မြတ်ကြောင်းကို နားလည်နိုင်ပါသည်။

ကိုလိုနီအုပ်ချုပ်ရေးခေတ်နှင့် လွတ်လပ်ရေးရပြီးခေတ်များအတွင်း ပြည်ထောင်စုတိုင်းရင်းသားများ ကျော်ဖြတ်ခဲ့ရသော စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာ အတွေ့အကြုံများသည် ကျမတို့တနိုင်ငံလုံးအတွက် ရင်နင့်စရာပင်ဖြစ်ပါသည်။ အချင်းချင်းစိတ်ဝမ်းကွဲမှုများ၊ အုပ်ချုပ်သောအစိုးရများ၏ တရားမျှတမှု၊ စာနာမှုကင်းမဲ့သော အပြုအမှုများ၊ လက်နက်ကိုင် ပုန်ကန်ထကြွသည်အထိ ရောက်ခဲ့ရသော နိုင်ငံရေးကြိုးပမ်းမှုနှင့် သဘာဝအားဖြင့် ကြွယ်ဝသော ပတ်ဝန်းကျင်အတွင်း ဆင်းရဲနွမ်းပါး၍ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ နစ်နာမှုများခံရခြင်းသည် ကျမတို့နိုင်ငံကို လွန်စွာမှအကျည်းတန်စေပါသည်။ ဤကဲ့သို့သော အခြေအနေများ ဖြစ်ပေါ်ရခြင်းမှာ စစ်မှန်သောပြည်ထောင်စု စိတ်ဓာတ် ခေါင်းပါးခြင်းကြောင့်ပင်ဖြစ်ပါသည်။

ပြည်ထောင်စုစိတ်ဓာတ်ဟူသည် အဘယ်နည်း၊ မည်ကဲ့သို့ တည်ဆောက်ရမည်နည်း ဟူသော မေးခွန်းများ၏ အဖြေကို ယခု (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်သည့် တိုင်းရင်းသားများ ကိုယ်တိုင်ရေးသားထားသော ဆောင်းပါးများအတွင်းမှာ ရှာစေချင်ပါသည်။

ပြည်ထောင်စုသားများအကြား နားလည်မှုတိုးပွားစေရန် ရည်ရွယ်၍ ရေးသားပေးခဲ့သော ဆောင်းပါးရှင်များကို ပင်လုံစိတ်ဓာတ် ရှင်သန်စေသူများအဖြစ် ဂုဏ်ပြုလိုက်ပါသည်။ ။

အောင်ဆန်းစုကြည်
(အထွေထွေအတွင်းရေးမှူး)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

Read More...

ပြည်ထောင်စုစိတ်ဓာတ်၊ ဦးအေးသာအောင်။

CRPP ၏ (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများစာအုပ် ကောက်နုတ်စာ။

ပြည်ထောင်စုစိတ်ဓာတ်
ဦးအေးသာအောင်။

ယခုခေတ်အခါသမယ၌ လမ်း၊ တံတား၊ အဆောက်အဦ ဖွင့်ပွဲများ နှင့် ယုတ်စွအဆုံး ဘာမဟုတ်သည့် သာမန်ကိစ္စကလေးများ ပြုလုပ်ဆောင်ရွက်ကြရာ၌ပင် ကရင်၊ ကချင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားလူမျိုးစုံတို့၏ ဝတ်စုံများကို ဝတ်ဆင်စေလျက် တခမ်းတနား ပါဝင်ဆင်နွှဲစေ၏။ တိုင်းရင်းသား ပေါင်းစုံတို့၏ အကများဖြင့်လည်း အခမ်းအနားများကို သရုပ်ဖေါ် အမွှန်းတင်ကြသည်ကိုလည်း များစွာတွေ့မြင်နေရ၏။

တိုင်းရင်းသားလူမျိုးများကို အလေးပေး အရေးပေးသည့် သဘောပေလော၊ သို့မဟုတ် လူမျိုးပေါင်းစုံ နေထိုင်သည့် ပြည်ထောင်စု၏ အဓိပ္ပါယ်ကို သရုပ်ဖေါ်ပြသခြင်းပေလော၊ သို့တည်းမဟုတ် ရောင်စုံအဝတ်တန်ဆာများဖြင့် ၄င်းတို့၏ အခမ်းအနားများကို ပိုမို၍ လှပတင့်တယ် ကျက်သရေရှိစေရန် အခမ်းအနား၏ အဆောင်အယောင်သဘောထား၍ ပြုမူဆောင်ရွက် ခြင်းပေလော၊ ဤအချင်းအရာ သဘောထားများကို ပြုသူများသာ သိကြပေလိမ့်မည်။

တိုင်းရင်းသားလူမျိုးများကို အရေးပေးသည့် အလေးအနက်ထားသည့် သဘောဆိုပါက ကောင်းလေစွ။ ထိုထက်မှာမူ တိုင်းရင်းသား လူမျိုးအရေးကို အပေါ်ယံရွှေမှုံ့ကြဲ အဆောင်အယောင်သဘောမျှဖေါ်ပြနေခြင်းထက် တိုင်းရင်းသားလူမျိုးများ၏အရေးကို ကိုယ်ပိုင် ပြဌာန်းခွင့် အခြေခံဖြင့် ဖြေရှင်းလျက် အမျိုးသားသွေးစည်းညီညွတ်ရေးကို တည်ဆောက်ကြမည်ဆိုပါမူ ပို၍ ကောင်းလေစွဟူ၍ ဆင်ခြင်တွေးတောမိပေသည်။

၎င်းအပြင် “ပြည်ထောင်စုစိတ်ဓာတ်”ဟူသော ဝေါဟာရဆိုင်ရာ အပြောအဆို၊ အရေးအသား၊ အသုံးအနှုံးများသည်လည်း ယခင်ခေတ်အခါများမှာထက် ပိုမိုတွင်ကျယ်လာ၏။ ရွှေရည်စိမ် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တိုင်းရင်းသားလူမျိုးများကို “ပျားရည်နှင့် ဝမ်းချခြင်း” ပေလော၊ သို့မဟုတ် “အများယောင်၍ ယောင်ရ၊ အမောင် တောင်မှန်း မြောက်မှန်းမသိပါ” ဆိုသကဲ့သို့ မိမိကိုယ်၌က ပြည်ထောင်စု၏ အခြေခံသဘောနှင့် ပြည်ထောင်စုမူများကို ခံယူသိမြင်ခြင်းမရှိပါဘဲလျက် အများက ပြောဆိုသုံးနှုံးခြင်းကြောင့်သာ ပြောဆိုသုံးနှုန်းကြခြင်းပေလော၊ သို့တည်းမဟုတ် မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်းနေထိုင်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် စစ်မှန်သောပြည်ထောင်စုကို တည်ထောင်မှသာ တိုင်းရင်းသားလူမျိုးများကို စည်းရုံးနိုင်မည်ဟူ၍ ခံယူချက်ဖြင့်ပင် ပြောဆိုသုံးနှုန်းနေခြင်း ပေလော။ ဤ အချင်းအရာ သဘောထားများကိုလည်း ပြုသူများသာသိကြပေလိမ့်မည်။

“ရွှေရည်စိမ်ပြည်ထောင်စုစိတ်ဓာတ်” များကိုဖယ်ရှားပြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့သော ပြည်ထောင်စုမူ၊ ပြည်ထောင်စုစိတ်ဓာတ်ကို သိမြင် ခံယူလျက် ပြောဆိုသုံးနှုန်းပါမူ ကောင်းလေစွ။ ထိုထက်မှာမူ ဒီမိုကရေစီရေး၊ တန်းတူရေး၊ လွတ်လပ်ရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကို အသိအမှတ်ပြုပြီး လူမျိုးစုပြဿနာကို ဖြေရှင်းကာ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ကြပါမူကား အတိုင်းထက်အလွန် ကောင်းလေစွဟူ၍ တွေးမြင် ခံစားမိပေသည်။

လမ်းစဉ်ပါတီခေတ်၌ “တောင်သူလယ်သမားဦးကြီးများ” ဆိုသော ဝေါဟာရသည် တွင်ကျယ်စွာ အသုံးပြုခြင်း ခံခဲ့ရသည်။ သို့ရာတွင် တောင်သူလယ်သမားများ၏ ဘဝမှာမူ အထူးအခွင့်အရေးများ ဗလာနတ္ထိ၊ ယ္ခင်ခေတ်များမှာထက်ပင် ခါးသီးသောခံစားချက်များကို ခံစားခဲ့ကြရ၏။

ပြည်ထောင်စုစိတ်ဓာတ်နှင့်ပတ်သက်၍ ပြောဆိုသုံးနှုန်းကြရာတွင်လည်း ဤသို့မဖြစ်ရန်လိုသည်။ မည်သည့် ပြဿနာကိုမဆို အပေါ်ယံ အပြောသက်သက်ဖြင့်မပြီးပေ။ ရွှေရည်စိမ်စိတ်ဓာတ်နှင့် သဘောထားများကို ဖယ်ရှားပြီး ပြဿနာကို အခြေခံကျကျ ရှုမြင်သုံးသပ်ရန်လိုသည်။ လောက၌ ဖြစ်ပျက်တတ်သော သဘာဝနိယာမတရားများသည် လူတို့၏ဆန္ဒနှင့် ကင်းလွတ်၏။ ထို့ကြောင့် ပြဿနာတရပ်ကို ရှုမြင်သုံးသပ်ရာတွင်လည်း ဆန္ဒစွဲ၊ လူမျိုးစွဲများ ကင်းရှင်းရန်လိုပေသည်။ ထို့အပြင် ဓမ္မဓိဋ္ဌာန် ကျကျသုံးသပ်၍ ရလာသော အခြေခံသဘောတရားများကို အသိအမှတ်ပြု လက်ခံရန်လို၏။ ၄င်းအပြင် ပြေလည်စွာ ဖြေရှင်းမှသာ ပြီးမြောက်နိုင်ပေမည်။ ထို့ကြောင့် ပြည်ထောင်စုအတွင်းမှ တိုင်းရင်းသားလူမျိုးများ ပြဿနာကိုလည်း ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ရမည်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုရမည်။ လူမျိုးစု၊ လူနည်းစုများ၏ အခွင့်အရေးကို အလေးနက်ထား လက်ခံမည်။ ဤအခြေခံသဘောတရားများပါသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဖြေရှင်းမှသာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အမှန်တကယ်ရရှိနိုင်ပေမည်။

“ပြည်ထောင်စု”ဟူသည် ပြည်ထောင်များကို ပေါင်းစည်းထားခြင်းဖြစ်၏။ လူမျိုးအသီးသီးတို့ မှီတင်း နေထိုင်ရာများကို စုပေါင်းထားခြင်း လည်းမည်၏။ ပေါင်းစည်းကြခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဘုံရန်သူကို စုပေါင်းကာကွယ်ရန်နှင့် ဘုံအကျိုးစီးပွါးကို တည်ဆောက်ကြရန်ဖြစ်၏။

ရှေးပဝေသဏီခေတ်၌လူသားတို့သည်မိသားစု၊ ဆွေမျိုးစု၊ သွေးတူ များအဖြစ်သာစုဖွဲ့နေထိုင်ခဲ့ကြသည်။ အန္တရာယ်များနှင့် ရန်သူများကိုလည်း မိမိတို့အင်အားဖြင့် ရင်ဆိုင်တိုက်ခိုက်ခြင်းဖြင့်သာ များသောအားဖြင့် ဖြေရှင်း ခဲ့ကြဟန်ရှိသည်။ သို့ရာတွင် ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့် ဆွေမျိုးစု၊ သွေးတူစုများ၏ ပိုင်ဆိုင်မှု (ကျွဲ၊ နွား၊ သိုး၊ တိရိစ္ဆာန်များနှင့် စိုက်ပျိုးမြေယာများ)ကို ပိုင်ဆိုင်လာသောအခါ မြေယာလုစစ်ပွဲများ၊ အုပ်စုစစ်ပွဲများ ဖြစ်ပွါးလာ၏။ ဤသို့ဖြင့် ကြီးနိုင်ငယ်ညှဉ်းသဘော၊ အုပ်စုကြီးများက အုပ်စုငယ်များကို အနိုင်ပြုတိုက်ခိုက် လုယက်သိမ်းပိုက်မှုများ ရှိလာခဲ့၏။ မိမိအုပ်စုကို ရန်ပြုမည့် ရန်သူများရှိလာ၏။ စိန်ခေါ်မှုများ ရှိလာ၏။ ဤသို့ဖြင့် ဆွေမျိုးစု၊ မျိုးတူစု၊ သွေးတူစုများအချင်းချင်း ပေါင်းဖွဲ့သည့်အစုအဖွဲ့များ ပေါ်ထွန်းလာ၏။ ဤသည်မှာ ယနေ့ ကမ္ဘာ့နိုင်ငံရေးနယ်ပယ်တွင် တွင်ကျယ်စွာ ကျင့်သုံးနေကြသော ပြည်ထောင်စုများ၏ အခြေခံသဘောပင် ဖြစ်ပေသည်။

လူသားတို့သည် ဆွေမျိုးစု၊ မျိုးတူစု၊ သွေးတူစု အသိုင်းဝိုင်းမျိုးစုံမှ တဖြည်းဖြည်း နိုင်ငံတော်အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ ဘာသာစကား၊ ဓလေ့ ထုံးတမ်းယဉ်ကျေးမှု၊ ဆွေမျိုးတော်စပ်မှုအရဖွဲ့စည်းနေထိုင်ခဲ့ရာမှ တခုတည်း သော အာဏာပိုင်မှု (အကြီးအကဲ)အောက်တွင် နေလိုခြင်းကြောင့် မျိုးတူစုများ စုဖွဲ့လာကြသည်။ လူ့ယဉ်ကျေးမှုစတင်လာခြင်းနှင့် စိုက်ပျိုးရေးစနစ်ပိုမို ထွန်းကားလာခြင်းကြောင့်လည်း ဆွေမျိုးစုများ ပိုမိုစုစည်းလာကြသည်။ အုပ်စုတစုနှင့်တစုအကြား ရန်လိုမှု၊ စိန်ခေါ်မှုများနှင့် နယ်မြေလုစစ်ပွဲများကြောင့် အင်အားကြီးသော အုပ်စုကအင်အားငယ်သောအုပ်စုအပေါ် လွှမ်းမိုး တိုက်ခိုက်သိမ်းပိုက်မှုများ ရှိလာသည်။ ဤကဲ့သို့သော စုဖွဲ့မှုများမှအုပ်ချုပ်ရေးယန္တယားနှင့် နိုင်ငံတော်များပေါ် ပေါက်လာခဲ့ပေသည်။

မူလနိုင်ငံတော်များသည် ဒီမိုကရေစီကျသော၊ လူထုအားဖြင့်ရွေး ချယ်သည့် လူထုကိုတိုက်ရိုက်ကိုယ်စားပြုသော နိုင်ငံတော်များသာ ဖြစ်ခဲ့ကြ၏။ သို့ရာတွင် ပစ္စည်းဥစ္စာနှင့် ဓနအင်အားကို ရှာဖွေစုဆောင်းရာတွင် ထွန်ယက် စိုက်ပျိုးလုပ်ကိုင်၍ ရှာဖွေသည်ထက် လုယက် တိုက်ခိုက် သိမ်းပိုက်ခြင်းအားဖြင့် ပိုမိုရရှိနိုင်သည့်သဘောကို မြင်လာသောအခါ လုယက်သိမ်းပိုက် သည့် စစ်ပွဲများမှသည် ပဒေသရာဇ်အင်ပါယာများ ထူထောင်ခဲ့ကြသည်။

နပိုလီယံ၏ အင်ပါယာကိုအကြောင်းပြုပြီး အမျိုးသားရေးစိတ်နှင့် အမျိုးသားနိုင်ငံကိုကာကွယ်ရန် စိတ်များ ပြင်းပြလာခဲ့ကြသည်။ နပိုလီယံ သည် ဥရောပ၌ အင်္ဂလန်မှလွဲပြီး ကျန်ပဒေသရာဇ်နိုင်ငံများကို သိမ်းပိုက်ခဲ့သည်။ ထိုနိုင်ငံများတွင် အမျိုးသားဘုရင်များကို ဖယ်ရှားပြီး နပိုလီယံ၏ ဆွေတော်မျိုးတော်များကို ဘုရင်များအဖြစ် ခန့်အပ်အုပ်ချုပ်စေခဲ့သည်။ ထို အချိန်မှစ၍ နိုင်ငံများစွာတို့သည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်လူမျိုး ဘုရင်များကို တမ်းတလာကြ၏။ အမျိုး၊ ဘာသာ၊ သာသနာနှင့် မိမိနိုင်ငံကိုထူ ထောင်လိုသော ကာကွယ်လိုသော စိတ်များပေါ်ပေါက်ကာ တော်လှန်ပုန်ကန် ခဲ့ကြသည်။ ထိုကဲ့သို့ တော်လှန်ပုန်ကန်မှုများကြောင့် နပိုလီယံ၏ အင်ပါယာ ပြိုကွဲရပြီး အမျိုးသားနိုင်ငံများပေါ်ပေါက်လာ၏။

စက်မှုတော်လှန်ရေးနောက်ပိုင်း၌ နယ်ချဲ့စနစ်ပေါ်ပေါက်လာရာ ထို နယ်ချဲ့စနစ်မှမွေးဖွားပေးလိုက်သော ကိုလိုနီဝါဒနှင့် ကိုလိုနီနိုင်ငံများ ပေါ်ပေါက်လာခဲ့၏။ ယင်းကိုလိုနီနိုင်ငံများတွင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးတည်းဟူသော အမျိုးသားရေး စိတ်ဓာတ်နှင့် အမျိုးသားရေး ဝါဒသည်လည်း ပီပြင်စွာ ပေါ်ပေါက်လာခဲ့ပေသည်။ အမျိုးသားနှင့်နိုင်ငံတော်၊ နိုင်ငံတော်နှင့် အမျိုးသား၊ အပြန်အလှန်ဆက်စပ်နေသည့် အမျိုးသားနိုင်ငံတော်သဘောတရားများ၊ လူမျိုးတိုင်း၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားနိုင်ငံ ထူထောင်ခွင့် စသည့် အမျိုးသားဝါဒသည် ပထမကမ္ဘာစစ်ကြီးအပြီးတွင် ထင်ရှားစွာပေါ်ပေါက်လာခဲ့ပေသည်။ (အမေရိကန်သမတ ဝုဒ်ရိုးဝီ(လ်)ဆင် ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဆိုဗီယက်ယူနီယံ၏ခေါင်းဆောင်လီနင်၏ ကိုယ်ပိုင် ပြဌာန်းခွင့် သဘောတရားများ)
ပထမကမ္ဘာစစ်ကြီးအပြီး ပေါ်ပေါက်လာသော နိုင်ငံတော်များသည် များသောအားဖြင့် လူမျိုးတမျိုးတည်းဖြင့် ဖွဲ့စည်းသော နိုင်ငံတော်များထက် လူမျိုးအများအပြားကို စုပေါင်းပါဝင်ဖွဲ့စည်းထားသော နိုင်ငံတော်များသာ ဖြစ်ကြပေရာ ပြည်ထောင်စု သဘောတရားများသည်လည်း ပေါ်ထွန်းလာခဲ့ပေသည်။ (ဆွစ်ဇာလန်ပြည်ထောင်စု၊ ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန် ပြည်ထောင်စု၊ ယူဂိုဆလားဗီးယားပြည်ထောင်စု၊ ချက်ကိုစလိုဗက်ကီးယား ပြည်ထောင်စုတို့သည် ပြည်ထောင်စုသဘောတရား အမျိုးမျိုးကိုပေါ်လွင်စေ သည်။)

မြန်မာနိုင်ငံတွင် ပဒေသရာဇ်ခေတ်ဦးဖြစ်သော (၁ဝ၄၄)ခုနှစ်မှ စ၍ နန်းတက်သည့် အနော်ရထာမင်းသည် တိုက်ခိုက် သိမ်းပိုက်ခြင်းအားဖြင့် ပဒေသရာဇ်လက်နက်နိုင်ငံတော်ကို တည်ထောင်ခဲ့၏။ သို့ရာတွင် အနော်ရထာ၏ နိုင်ငံတော် မပေါ်ထွန်းမှီ မြန်မာနိုင်ငံ၏ နယ်မြေဒေသအတွင်းတွင် ပျူလူမျိုးတို့၏ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာနိုင်ငံတော်များ၊ မွန်တို့၏ သုဝဏ္ဏဘူမိနိုင်ငံတော်၊ ရခိုင်လူမျိုးတို့၏ ဒွါရာဝတီ၊ ဓညဝတီ၊ ဝေသာလီ နိုင်ငံတော်များ၊ ရှမ်းတို့၏ နန်ရှောင်နိုင်ငံတော်စသည့် နိုင်ငံများသည် အုပ်ချုပ်ရေး၊ စာပေယဉ်ကျေးမှု အမွေအနှစ်များဖြင့် ပြည့်ဝဖွံ့ဖြိုးတိုးတက်လျက် ရှိနေသည်ကို တွေ့ရပေမည်။
ပျူလူမျိုးတို့သည် တိဘက်တိုဘားမင်းအုပ်စုဝင်များဖြစ်ကြပြီး တိဘက်ကုန်းမြင့်မှ ဆင်းသက်လာသည်။ မြန်မာပြည်ဒေသသို့ ရောက်သော အခါ ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ ကြသည်။ မွန်လူမျိုးတို့သည် မွန်ခမာ အနွယ်ဝင်များဖြစ်ကြပြီး သုဝဏ္ဏဘူမိ နှင့် ဟံသာဝတီနိုင်ငံများကို တည်ထောင်ခဲ့ကြသည်။ ရခိုင်လူမျိုးများသည် ရခိုင်ဒေသသို့ ရှေးဦးရောက်နှင့်လာကြသော ကမ်းယံလူမျိုး၊ သက်လူမျိုးများ နှင့် နောက်ပိုင်းမှ ဝင်ရောက်လာသော အာရီယံလူမျိုးများရောနှော နေထိုင် ခဲ့ကြပြီး ဒွါရာဝတီ၊ ဓညဝတီ၊ ဝေသာလီ၊ ပါးရိန်၊ လောင်းကြတ်၊ မြောက်ဦး နိုင်ငံတော်များကို တည်ထောင်ခဲ့ကြပေသည်။

ရှမ်းလူမျိုးတို့သည် ဆီနိုထိုင်း အနွယ်များဖြစ်ကြပြီး နန်ချောင်နိုင်ငံတော်များကို တည်ထောင်ခဲ့ကြပေသည်။ နောက်ပိုင်းတွင် စော်ဘွားနယ်များဖြင့် အုပ်စိုးနေထိုင်ခဲ့ကြသည်။ မြန်မာလူမျိုးတို့သည် တိဘက်မြန်မာ အနွယ်များ ဖြစ်ကြပြီး ပုဂံ၊ အင်းဝ၊ ပင်းယ၊ စစ်ကိုင်း၊ တောင်ငူ၊ အမရပူရ၊ မန္တလေးနိုင်ငံတော်များကို တည်ထောင်ခဲ့ကြသည်။

မြန်မာပဒေသရာဇ်ခေတ်သည် အေဒီ (၁ဝ၄၄)ခုနှစ်၊ အနော်ရထာ နန်းတက်သောနှစ်မှ သီပေါမင်းနန်းကျသော သက္ကရာဇ်(၁၈၈၅)ခုနှစ်ထိ ရှည် ကြာခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံဟူ၍ ဖြစ်ပေါ်လာမည့် သမိုင်းကြောင်း ကို လေ့လာမည်ဆိုပါက ထိုသမိုင်းကြောင်း ဖြစ်ပေါ်ရာ ပထဝီအနေအထားကို လည်း အနည်းငယ် သိမြင်ထားရန် လိုပေသည်။ ပထဝီအနေအထားများသည် ထိုတိုင်းပြည်၏ ရာဇဝင်သမိုင်းကြောင်းကို စီမံဖန်တီးရာတွင် အဓိကအချက်တချက်အနေဖြင့် ပါဝင်နေခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အနောက်စွန်း၌တည်ရှိသည်။ အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ ယိုးဒယားနိုင်ငံတောင်ဘက်တွင် မုတ္တမကွေ့နှင့် ဘင်္ဂလား ပင်လယ်အော်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ မဏိပူရနယ်၊ အာသံနယ်နှင့် မြင့်မောက်သော တောင်တန်းကြီးများ၊ မြောက်ဘက်တွင် တိဘက်နိုင်ငံများ ရှိခဲ့ကြပေသည်။

ရှေးမြန်မာမင်းတို့၏ လက်ထက်တန်ခိုးကြီးသော မင်းများသာလျှင် ဤမျှ ကျယ်ပြန့်သောဒေသနှင့် ၄င်းထက်ပိုသော ဒေသများကို သိမ်းပိုက် ပိုင်ဆိုင်ခဲ့ကြပြီး ကျန်အချိန်များမှာ တစိတ်တဒေသကိုသာပိုင်ဆိုင်ကာ ထီးပြိုင် နန်းပြိုင် တိုင်းငယ်ပြည်ငယ်ကလေးများ အဖြစ်သာ တွေ့မြင်ကြရပေသည်။

မြန်မာနိုင်ငံကို အကြမ်းအားဖြင့် သုံးသပ်ရလျှင် ပင်လယ်ကမ်းခြေ ဘက်တွင် ရခိုင်လူမျိုးတို့၏ ဒွါရာဝတီ၊ ဓညဝတီ၊ ဝေသာလီ၊ ပါးရိန်၊ လောင်း ကြပ်၊ မြောက်ဦး။ မွန်တို့၏ သုဝဏ္ဏဘူမိ၊ ဟံသာဝတီ(ပဲခူး)။ အလယ်ပိုင်း၌ သရေခေတ္တရာ(ပြည်)နှင့် ၄င်း၏ အရှေ့ဘက်၌ ကေတုမတီ (တောင်ငူ)၄င်း၏ မြောက်ဘက်၌ ပုဂံ၊ အင်းဝ၊ စစ်ကိုင်းစသည်တို့၏ တည်ရာဖြစ်သောဧရာဝတီ မြစ်ဝှမ်းအလယ်ပိုင်း၊ ထိုမှ မြောက်နှင့်အရှေ့ဘက်တို့တွင် ရှမ်းပြည်များတည်ရှိ ခဲ့ကြပေသည်။

စစ်ကိုင်း၊ အင်းဝ၊ ပုဂံပြည်ကြီး၏တည်ရာ ဧရာဝတီမြစ် အနောက်ဘက်ကို သုနာပရန္တတိုင်း၊ အရှေ့ဘက်ကို တမ္ပဒီပတိုင်းဟူ၍ ခေါ်ပြီး မြန်မာ တို့၏ဒေသဖြစ်သည်။ ပုသိမ်၊ မြောင်းမြ၊ ပဲခူး၊ ဟံသာဝတီ၊ မုတ္တမ၊ တနင်္သာရီ စသည်တို့ကား မွန်လူမျိုးတို့၏ ဒေသဖြစ်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ မြေပုံကို ကြည့်လျှင် ရခိုင်ပြည်ကိုချန်လှပ်ထားသော မြန်မာနိုင်ငံကို တောင်နံရံတံတိုင်းကြီး ဝိုင်းရံလျက် ရှိသည်ကို တွေ့ရပေလိမ့်မည်။ နောက်ဘက်တွင် ပတ်ကွိုင်တောင်၊ နာဂတောင်၊ ချင်းတောင်၊ ရခိုင် ရိုးမတောင်တို့ပါဝင်သော တောင်တန်းမြင့်ကြီးသည် ကျော်ဖြတ်ရန်ခဲယဉ်းလှ၏။ ၄င်းတောင်တန်းနံရံကြီးကို ဖြတ်ကျော်၍ ဝင်ရောက်ရန် ခရီးလမ်းများမှာ စင်စစ်အားဖြင့် မြစ်ငယ်များစီးဆင်းနေသော တောင်ကြားများသာ ဖြစ်ကြ၏။ ဗြဟ္မပုတ္တရမြစ်ရှိရာ ဟူးကောင်းတောင်ကြားလမ်း၊ မဏိပူရမြစ်စဉ် အတိုင်း မဏိပူရလမ်း၊ အမ်းတောင်ကြားလမ်း၊ တောင်ကုတ်တောင်ကြားလမ်း၊ အရှေ့ဘက်တွင် တာပင်မြစ်ကြောင်းလမ်း (ဗန်းမော်)ကသာမှ ရွှေလီ မြစ်ကြောင်းလမ်း၊ မြစ်ငယ်ကြောင်းအတိုင်း ကွမ်းလုံကူးတို့ဆိပ်လမ်း၊ တောင်ဘက်တွင် ဂျိုင်းမြစ်ကိုလျှောက်၍ ကော့ကရိတ်လမ်း၊ မော်လòမိင်အရှေ့ဘက် တောင်ကုန်းများမှာ မမြင့်လှ၍ ကျော်ဖြတ်ရန် လွယ်ကူသည်။ ဤလမ်းများသည် မြန်မာတို့က နိုင်ငံခြားသို့ စစ်ချီရာလမ်းနှင့် နိုင်ငံခြားသားတို့ မြန်မာနိုင်ငံသို့ ဝင်ရောက်ရာလမ်းများဖြစ်ကြသည်။

မြန်မာနိုင်ငံနှင့် ရခိုင်ပြည်တို့သည် ရခိုင်ရိုးမတောင်တန်းကြီး၏ အတားအဆီးကြောင့် စစ်မက်ရေးရာများကို ကာဆီးထားသကဲ့သို့ ရှိသည်။ ထို့ကြောင့်ရခိုင်ပြည်ကို မြန်မာတို့တိုက်ခိုက်သောအကြိမ်ပေါင်း အလွန်နည်း သည်။ အနော်ရထာမင်းလက်ထက်တွင်တကြိမ်၊ အလောင်းစည်သူ လက်ထက်တွင် တကြိမ်၊ အင်းဝမင်းခေါင် လက်ထက်နှင့် တပင်ရွှေထီးတို့ လက်ထက်တွင် တကြိမ်စီ တိုက်ခိုက်ပြီး ရခိုင်ဘုရင် မင်းရာဇာကြီး လက်ထက်တွင် မြန်မာပြည်ဘက်သို့ တကြိမ်သာလာရောက်တိုက်ခိုက်သည်ကိုတွေ့ရပေသည်။ အမရပူရခေတ် ဘိုးတော်ဘုရားလက်ထက်ကျမှသာ မြန်မာတို့သည် ရခိုင်ပြည်ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

အင်းဝ(မြန်မာ)နှင့် ဟံသာဝတီ(မွန်)တို့အကြားတွင် သွားလာရ လွယ်ကူသော ဧရာဝတီမြစ်ကြောင်းရှိခြင်းကြောင့် အကြိမ်များစွာ စစ်မက် ဖြစ်ပွါးကြသည်ကိုတွေ့ရပေသည်။ (အနှစ် ၄ဝ စစ်)။ ပြည်နှင့်တောင်ငူတို့သည် ဟံသာဝတီနှင့် အင်းဝတို့အကြားတွင်ရှိသော်လည်း ပြည်မှာ ဧရာဝတီမြစ်ကြောင်းလမ်းတွင်ကျပြီး တောင်ငူမှာမူ ပဲခူးရိုးမတောင် တန်းဖြင့် ပိုင်းခြား ကာကွယ်ထားသကဲ့သို့ရှိသည်။ ဟံသာဝတီနှင့် အင်းဝတို့ အပြန်အလှန် စစ်ပြုကြရာတွင်လည်း ဧရာဝတီမြစ်ကြောင်းဖြင့် ရေကြောင်းချီသည်က များပေသည်။ ထို့ကြောင့် သရေခေတ္တရာ(ပြည်)သည် ရှေးအခါက လွတ်လပ်ခဲ့သော်လည်း နောင်တွင် မြန်မာလူမျိုးနှင့် မွန်လူမျိုးတို့၏ လက်အောက်တွင် တလှည့်စီကျရောက်ခဲ့ရပေသည်။ ကေတုမတီ(တောင်ငူ)မှာကား စစ်မက် ဘေးမှ လွတ်ကင်းခဲ့ပေသည်။ ထို့ကြောင့် တဖြည်းဖြည်း အင်အားတောင့်တင်း လာပြီးလျှင် နောင်တွင် အင်းဝနှင့်ပဲခူး(ဟံသာဝတီ)တို့ စစ်ပန်းလာသောအခါ ထိုပြည်နှစ်ပြည်လုံးကိုပင် သိမ်းယူနိုင်ခဲ့ပေသည်။

ရှမ်းပြည်ကား မြန်မာပြည်နှင့် တရုတ်တို့၏ ကြားတွင်ရှိ၍တခါတရံ သီးခြားလွတ်လပ်နေပြီး ရံဖန်ရံခါတွင် မြန်မာတို့၏ လက်အောက်ခံ ဖြစ်ကာ တခါတရံ တရုတ်တို့၏ လက်အောက်ခံလည်းဖြစ်ခဲ့သည်။ ထားဝယ်၊ တနင်္သာရီ၊ မုတ္တမတို့မှာလည်း ပဲခူး(မွန်)နှင့် ယိုးဒယား တို့အကြားတွင်ရှိပြီး မွန်တို့၏ လက်အောက်ခံဖြစ်ပြီး ရံဖန်ရံခါတွင် ယိုးဒယားလက်အောက်သို့ ကျရောက်ခဲ့ပေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံသမိုင်းကို ရေးသားဖေါ်ပြရာတွင် မြန်မာလူမျိုးတမျိုးတည်း၏သမိုင်းကိုဖေါ်ပြခြင်းထက်အခြားလူမျိုးများ၏ သမိုင်းအပါအဝင် ပြည်ထောင်စုသမိုင်းကိုသာ ဖေါ်ပြသင့်ပေသည်။ ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတွင် သမိုင်းကို ရေးသားဖေါ်ပြရာ၌ မွန်လူမျိုးများ၏ သမိုင်းနှင့် မွန်နိုင်ငံတော်များအကြောင်းကိုလည်းကောင်း၊ မွန် မင်းဆက်ကိုလည်းကောင်း၊ ထင်ရှားသော ရှမ်းဘုရင်များ အကြောင်းကိုလည်းကောင်း၊ ရှမ်းလူမျိုးတို့၏သမိုင်းနှင့် ရှမ်းနိုင်ငံတော်အကြောင်းကိုလည်းကောင်း၊ ထင်ရှားသော ရှမ်းဘုရင်များ အကြောင်းကိုလည်းကောင်း၊ ထိုနည်းတူစွာ ရခိုင် လူမျိုးတို့၏သမိုင်းနှင့် ထင်ရှားသောနိုင်ငံတော်များကိုလည်းကောင်း၊ ထင်ရှားသော ဘုရင်များအကြောင်းကိုလည်းကောင်း ဖေါ်ပြမှု၊ သင်ကြားမှုနည်းပါး ခြင်းကြောင့် သိရှိသူ အလွန်ပင် နည်းပေသည်။ အချို့မှာ ဥက္ကလာပမင်း၊ ရှင် စောပုဘုရင်မနှင့် ဓမ္မစေတီမင်းစသည့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်၏ ဒါယကာများဖြစ်ကြသော ဘုရင်များကိုပင် မွန်ဘုရင် ဟူ၍လည်းကောင်း၊ သီဟသူ၊ အုန်းဘောင်ခုံမှိုင်း စသည့်မင်းများကိုလည်း ရှမ်းမင်းများဟူ၍ လည်းကောင်းသိကြသူနည်းပေသည်။ ထိုနည်းတူစွာ ရခိုင်မင်းဆက်မှထင်ရှားသောမင်းများဖြစ်ကြသည့် စန္ဒာသူရိယ၊ မင်းထီး၊ မင်းဘာကြီး၊ မင်းရာဇာကြီး စသည့်မင်းများအကြောင်းကိုကား သိရှိသူ အလွန်နည်းပါးလှပေသည်။ ဤသို့ဖြစ်ရသည်မှာ သမိုင်းကိုဖေါ်ပြရာတွင် ပြည်ထောင်စုသမိုင်း အနေဖြင့် ဖေါ်ပြခြင်းထက် မြန်မာသမိုင်းကိုသာ ဖေါ်ပြနေခြင်းကြောင့် ဖြစ်ပေသည်။ ထို့ ကြောင့် သမိုင်းကိုဖေါ်ပြရာတွင် ပြည်ထောင်စုသမိုင်းအနေဖြင့်သာ ဖေါ်ပြသင့် ပေသည်။ လူမျိုးတို့၏ သမိုင်းဟူသည် မေ့ပျောက်ချန်ထားသင့်သော အကြောင်းအရာများမဟုတ်ပေ။

ထိုနည်းတူစွာ သမိုင်းကိုဖေါ်ပြရာ၌လည်း ဖြစ်ရပ်မှန်များအတိုင်း ရေးသားဖေါ်ပြရန်လို၏။ ဤသို့ ဖေါ်ပြခြင်းသည် ပဒေသရာဇ်ခေတ်တွင် ဖြစ်ခဲ့သည်များကို အကြောင်းပြု လူမျိုးအချင်းချင်း အမုန်းပွါးရန် မဟုတ်ပေ။ လူမျိုးတို့၏ သမိုင်းမှတ်တမ်းကို သုံးသပ်ပြီး သင်ခန်းစာယူကာ အနာဂတ် နိုင်ငံတော်တည်ဆောက်ကြရန်သာဖြစ်၏။ (အတိတ်ကာလက ဂျပန်လူမျိုးများသည် ဖက်ဆစ်စနစ်ဖြင့် မြန်မာနိုင်ငံကို အုပ်စိုးခဲ့ခြင်းကြောင့် ယနေ့ ခေတ်ဂျပန်လူမျိုးများအား မုန်းတီးမှုများမထားသင့်ပေ၊ သို့ရာတွင် စစ်ဝါဒီ ဖက်ဆစ်တို့၏ သဘောကိုမူ သုံးသပ်ဆင်ခြင်အပ်ပေသည်)။ ရှည်ကြာများ မြောင်လှသောသမိုင်းကြောင်းသည် လူမျိုးတမျိုး၏ရှေ့ခရီးအတွက် အင်အား တရပ်လည်းဖြစ်ပေသည်။

မြန်မာတို့သည်အနော်ရထာမင်းလက်ထက်မှစ၍ ရှမ်းတို့ကို သိမ်း သွင်းနိုင်ခြင်း၊ မဏိပူရနှင့်အာသံနယ်များကို သိမ်းပိုက်နိုင်ခြင်း၊ လင်းဇင်း၊ ဇင်းမယ်နှင့် ယိုးဒယားကို အောင်နိုင်ခြင်း၊ မွန်မြန်မာ အနှစ် (၄ဝ)စစ်ပွဲကို အပြီးသတ် အောင်မြင်ခြင်း တရုတ်တို့၏ ကျူးကျော်မှုများကိုတွန်းလှန်နိုင်ခြင်း၊ ရခိုင်ပြည်ကိုသိမ်းယူနိုင်ခြင်း (ဘိုးတော်ဘုရားလက်ထက်) ပန်းဝါစစ်ပွဲကို အောင်နိုင်ခြင်းစသည်တို့ကြောင့် မြန်မာတို့၏ ဇာတိသွေး ဇာတိမာန်များ ထက်သန်ခဲ့ကြသည်။ မွန်လူမျိုး၊ ရခိုင်လူမျိုးတို့မှာမူ ပဒေသရာဇ်နိုင်ငံတော်များ ပျောက်ပြီး ဇာတိသွေးဇာတိမာန်များ ညှိုးနွမ်းခဲ့ကြရပေသည်။

သို့ရာတွင် မြန်မာတို့သည် ပထမအင်္ဂလိပ်မြန်မာစစ်ပွဲတွင် ရှုံးနိမ့်ခြင်း၊ ဗြိတိသျှတို့၏ နိုင်လိုမင်းထက်ပြုမူမှုကို ခံရခြင်း၊ ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲနှင့် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲများတွင် ရှုံးနိမ့်ပြီး ထီးနန်းပါ ပျောက်ရသောအခါ အမျိုးသားဇာတိမာန်များ ညှိုးကျခဲ့ရပြန်သည်။ သူ့ကျွန်မခံလိုသောမြန်မာတို့၏ တော်လှန်ရေးသည်လည်း စည်းလုံးညီညွတ်မှု မရှိခြင်း၊ လက်နက်အင်အား၊ လူအင်အား မမျှခြင်းကြောင့် အင်္ဂလိပ်တို့ သိမ်းပိုက်ပြီး (၁ဝ)နှစ်ခန့်အကြာတွင် ကျရှုံးကာ အားမတန်မာန်လျှော့၍ မီးခဲပြာဖုံး ကြိမ်မီးအုံးဘဝသို့ ရောက်ရပြီး အင်္ဂလိပ်တို့၏အုပ်ချုပ်မှုအောက်တွင် ငြိမ်ဝပ်ပိပြား ခဲ့ရပေသည်။ အချို့မှာမှု အင်္ဂလိပ်တို့ကိုပင် အထင်ကြီးကာ အင်္ဂလိပ်တို့ပေးသော ရာထူးဌာနများ၌နှစ်ခြိုက်ပျော်ပိုက်လျက်ရှိကြပေသည်။ ပြည်သူအများမှာကား ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းကို တမ်းတ၍ မင်းလောင်းနှင့် တန်ခိုးရှင်များကိုသာ မျှော်လျက် ရှိကြပေသည်။

မြန်မာတို့၏ ညှိုးနွမ်းခဲ့သော ဇာတိမာန်သည် မီးခဲပြာဖုံးဘဝမှ ရုရှား-ဂျပန်စစ်ပွဲကို အကြောင်းပြု၍လည်းကောင်း၊ ပထမ ကမ္ဘာစစ်ကြီးကို အကြောင်းပြု၍လည်းကောင်း ပြန်လည်နိုးကြားလာခဲ့ပေသည်။ ဤသို့ဖြင့် ဝိုင်အမ်ဘီအေ အသင်းကြီး ပေါ်ပေါက်လာခဲ့ပြီး ထိုအသင်းကြီးမှ ချမှတ်လိုက်သော အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာတည်း ဟူသော ဝံသာနုရက္ခိတ တရားများပေါ်ထွန်းလာခဲ့ပေသည်။ ထိုတရားများသည် ဦးဥတ္တမ၏ “ကြောက်သွေးပါရင် ဇာဂနာနှင့် နှုတ်ပစ်”၊ “ခရက်တောက်ထွက်သွား”စသည့် ရဲရဲတောက် ဟောပြော စည်းရုံးမှုများကြောင့် အမျိုးသားရေးစိတ်ဓာတ်များနိုး ကြားလာခဲ့ပေသည်။ (၁၉၂ဝ)ခုနှစ် ကျောင်းသားသပိတ်ကြီးမှာမူ အမျိုးသားရေး စိတ်ဓာတ်ကို တရှိန်ထိုး တွန်းတင်ပေးသကဲ့သို့ရှိပေသည်။ ဒို့ဗမာအစည်း အရုံးခေတ်သို့ရောက်သောအခါ “ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့ စာ၊ ဗမာစကားသည် ဒို့စကား၊ ဗမာပြည်ကို ချစ်ပါ၊ ဒို့စာကို ချီးမြှင့်ပါ၊ ဒို့ စကားကို လေးစားပါ”ဟူသော အမျိုးသားရေးဝါဒသည် ငွါးငွါးစွင့်စွင့် ပေါ်ထွက်လာခဲ့ပေသည်။

“ဗမာ့ထွက်ရပ်ဂိုဏ်း”ခေတ်သို့ရောက်သောအခါ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး စသည့် အမျိုးသားရေးဝါဒဖြင့် အမျိုးသား လွတ်မြောက်ရေးလက်နက်ကိုင် တိုက်ပွဲကို ဆင်နွှဲခဲ့ကြပေသည်။

(၁၉၄၆-၄၇) ခုနှစ်များဖြစ်သော လွတ်လပ်ရေး အကြိုကာလသို့ ရောက်သောအခါ မြန်မာတို့၏ အမျိုးသားရေးဝါဒသည် အလှည့်အပြောင်း တခုသို့ ရောက်လာပြီး အမျိုးသားရေးဝါဒနှင့် ပြည်ထောင်စု သဘောတရားများကို ပေါင်းစပ်ကာ “ပြည်ထောင်စု စိတ်ဓာတ်” တည်းဟူသော အမျိုးသားများ ပေါင်းစည်းရေးဝါဒ (သဘောတရား)သည် ပေါ်ထွန်းလာခဲ့ပေသည်။ ထိုသို့ ဖြစ်ပေါ်ရန် စေ့ဆော်သည့် နိုင်ငံရေး အခြေအနေများလည်း ရှိခဲ့ပေသည်။

ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို မြန်မာဒေသ၊ ရခိုင်ဒေသ၊ မွန် ဒေသများကိုပေါင်းလျက် “မြန်မာပြည်မ” ဟူ၍ အုပ်ချုပ်ပြီး ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်းဒေသများကိုမူ တောင်တန်းအထူးဒေသများအဖြစ် သီးခြားခွဲ၍ အုပ်ချုပ်ခဲ့ပေသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ မြန်မာ အမျိုးသားများ၏ နိုင်ငံရေးအရ နိုးကြားမှု ကမ္ဘာ့နိုင်ငံတကာ နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားလွတ်မြောက်ရေး လူပ်ရှားမှုအရှိန်အဟုန် ပြင်းထန်လာခြင်းကြောင့် မြန်မာနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေးပေးရမည့် အခြေအနေ ရောက်ရှိသောအခါ ဗြိတိသျှအစိုးရသည် ရှမ်းပြည်နှင့် တောင်တန်းနယ်များကို ချန်ထားလိုသောသဘောထားများရှိခဲ့ကြပေသည်။ ထိုသဘောထားများ ကို (၁၉၄၅)ခု မေလ(၁၇)ရက်နေ့တွင် ထုတ်ပြန်သော စက္ကူဖြူစာတမ်းတွင် အထင်အရှား တွေ့ရပေသည်။

ယင်း စက္ကူဖြူစာတမ်းတွင်-
“ရှမ်းပြည်အပါအဝင် တောင်တန်းဒေသများကိုမူ မြန်မာပြည်မနှင့် အဆိုပါဒေသများ တလုံးတစည်းတည်း ပူးပေါင်းရန် တောင်တန်းဒေသများက ဆန္ဒမရှိသရွေ့ ထိုဒေသများကို ဘုရင်ခံက သီးခြားအုပ်ချုပ်သွားမည်”ဟု ဖေါ်ပြထားသည်။
ဤအချက်အရ မြန်မာပြည်မကို လွတ်လပ်ရေးပေးသည့်တိုင်အောင် တောင်တန်းဒေသများကို ချန်ထားမည့် ဗြိတိသျှအစိုးရ၏ သဘောထားမှာ ထင်ရှားပေသည်။ ထို့ကြောင့် ပြည်မနှင့်တောင်တန်းဒေသများသည် လွတ် လပ်ရေးယူရာတွင်ပူးပေါင်းရေး/မပူးပေါင်းရေးသည် ပြဿနာတရပ်အနေဖြင့် ပေါ်ပေါက်လာခဲ့ပေသည်။ တနည်းအားဖြင့် တောင်တန်းဒေသများ အနာဂတ်ရေးသည်လည်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြဿနာတရပ် ဖြစ်လာတော့သည်။ တောင်တန်းဒေသများနှင့် ပေါင်းစည်းရေးတွင်လည်း လူဦးရေအားဖြင့် အတော်အသင့်များပြီး နယ်မြေအားဖြင့် ကျယ်ဝန်းသော ရှမ်းပြည် နှင့် ပူးပေါင်းရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာရပေသည်။

တောင်တန်းဒေသများနှင့် ပေါင်းစည်းရေးတွင် ဖဆပလ၏ သဘော ထားကို(၁၉၄၅)ခုသြဂုတ်လ(၁၉)ရက်နေ့တွင် ကျင်းပသော နေသူရိန်အစည်းအဝေးကြီး၌ ကြေညာခဲ့သည့် ကြေညာချက်တွင် အောက်ပါအတိုင်း တွေ့ရပေသည်။ “ဗမာပြည်အတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်း မိမိတို့ကံကြမ္မာကို မိမိတို့ကသာ ဖန်တီးနိုင်ပြီး အားလုံး၏ သဘောနှင့်ညီညွတ်စွာထူထောင်သော နိုင်ငံတည်ထောင်ရန်။ ဤသို့တည်ထောင်ရာ၌ ပါဝင်သော လူမျိုး အသီးသီးအား မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာ ဖန်တီးနိုင်သော အခွင့်အရေးပေး ထားရန်”

ထို့ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်ရေးနှင့်ပတ်သက်၍-
၁) ဗမာများကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရသကဲ့သို့ တခြားတိုင်းရင်းသားများလည်း ရရမည်ဆိုသည့် သဘောမှ ဗမာများနှင့် အခြားတိုင်း ရင်းသားများ တန်းတူအခွင့်အရေး ရရမည်။
၂) လွတ်လပ်လာမည့်မြန်မာနိုင်ငံကိုလည်း တိုင်းရင်းသားအားလုံး၏ သဘော ဆန္ဒနှင့်အညီသာ ဖွဲ့စည်း တည်ထောင်သွားမည် ဆိုသည့် သဘောထားများကို တွေ့ရသည်။

(၁၉၄၅)ခု နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ဖဆပလ ညီလာခံကြီးတွင် တင်သွင်းသည့် အဆိုအမှတ်(၆) တိုင်းရင်းသား လူနည်းစုအရေးအဆိုနှင့် အဆို အမှတ်(၇) နယ်ခြားဒေသများအား မြန်မာပြည်မနှင့် ပေါင်းစည်းရေးအဆိုများတွင်လည်း အထက်ပါသဘောထားများကို အထင်အရှားတွေ့ရပေသည်။

အဆိုအမှတ်(၆)တွင်-
“လွတ်လပ်သော ဗမာပြည်သစ်ကို တည်ထောင်ရာမှာ တိုင်းရင်း သားလူနည်းစု၊ လူမျိုးစုအားလုံး သဘောတူတဲ့ နည်းနဲ့ လွတ်လပ်စွာတည် ထောင်ရန် ကျနော်တို့က သဘောတူကြောင်း ကတိပေးပါသည်။ မည်သည့် တိုင်းရင်းသားလူနည်းစုမဆို မိမိတို့ကြမ္မာကို မိမိတို့ ဘာသာ ဖန်တီးခွင့်ပေး ပါမည်။ ကျနော်တို့နှင့် ခွဲလိုတဲ့ အခါမှာ ခွဲခွင့်ရှိကြောင်း ကတိပြုပါသည်။ လူမှန်လျှင် အခွင့်ရေးတူရှိရမည်ကို သဘောပေါက်ပြီးသားဖြစ်သော (၄၆) ခုနှစ် မြန်မာတို့အပေါ်၌ လူနည်းစုကို ချုပ်ချယ် လိမ့်မည်ဟု သံသယရှိဖွယ် မဟုတ်တော့ပါ”

အဆိုအမှတ်(၇)တွင်-
“မြန်မာတို့နှင့် ခွဲရေးတွဲရေးကို ဗြိတိသျှတို့က မဆုံးဖြတ်ပဲ မြန်မာ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ် အချင်းချင်းသာ လွတ်လပ်စွာ ဆွေးနွေးဆုံးဖြတ်ရန်”

ရှမ်းတို့၏ သဘောထားများကိုလည်း အောက်ပါအတိုင်း တွေ့ရပေမည်။
“ရှမ်းစော်ဘွားအချို့က ရှမ်းပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ရေးရယူပြီး ဗြိတိသျှဓနသဟာယနယ်အတွင်း ပါဝင်လိုကြသည်။ စော်ဘွားအချို့ကမူ ရှမ်းပြည်ကို မြန်မာ၊ အိန္ဒိယ၊ သီဟိုဠ်နှင့် မလေးနိုင်ငံများကဲ့သို့ပေးရန် တောင်းဆိုလိုကြသည်။ (ရပလ) ရှမ်းပြည် လွတ်လပ်ရေးအဖွဲ့ကြီး အဖွဲ့ဝင်များကမူ ဗမာပြည်နှင့် ပေါင်း၍ လွတ်လပ်ရေးကို ရယူလိုကြသည်။ သို့ရာတွင်-
၁) ပြည်ထောင်စုမူအရ ပေါင်းရမည်။
၂) အခွင့်အရေးနှင့် အဆင့်အတန်းတူ ဖြစ်ရမည်။
၃) ရှမ်းပြည်အားလုံးကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရမည်။
၎) ခွဲထွက်လိုက အချိန်မရွေး ခွဲထွက်ခွင့်ပေးရမည်။”

မည်သို့ပင်ရှိစေ ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်များသည် ပင်လုံတွင်တွေ့ ဆုံဆွေးနွေးခဲ့ကြပြီး “မြန်မာပြည်နှင့်ပေါင်း၍ လွတ်လပ်ရေးကိုယူမှသာ ရှမ်းပြည်နှင့် ကချင်၊ ချင်း အစရှိသော တိုင်းရင်းသား တို့သည် လွတ်လပ်ရေးကို အလျင်အမြန်ရမည်” ဟူသော အဆုံးအဖြတ်ပေါ် မူတည်၍ ပူးပေါင်းကြရန် သဘောတူခဲ့ကြသည်။ ဤသို့ဖြင့် ပင်လုံသဘောတူစာချုပ် ပေါ်ပေါက်လာခဲ့ရပေသည်။

ပင်လုံစာချုပ်သည် ရိုးရိုးရှင်းရှင်း စာချုပ်တခုမျှသာဖြစ်သည်။ ပြည်ထောင်စုဖွဲ့စည်းရေးဆိုင်ရာမူများကို ဖေါ်ပြထားခြင်းမရှိပေ။ သို့ရာတွင်ပင်လုံ စာချုပ်ချုပ်ဆိုရန်အတွက် ဆွေးနွေးချက်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၏ တင်ပြချက်များ၊ အပြန်အလှန် နားလည်သဘောပေါက်ပြီးသဘောတူ ညီချက်များနှင့် ကတိကဝတ်များအနေဖြင့်သာ တည်ရှိပေသည်။ ဤအချက်များမှာ ပင်လုံစိတ်ဓာတ်ခေါ် ပြည်ထောင်စုစိတ်ဓာတ် ပင်ဖြစ်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ခဲ့ကြသော ပြည်ထောင်စု စိတ်ဓာတ်ဆိုသည်မှာ တန်းတူခြင်း၊ လွတ်လပ်ခြင်း၊ ဒီမိုကရေစီကျခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုခြင်း၊ လူနည်းစု လူမျိုးစုများ၏ အခွင့်အရေးကို အလေးအနက်ထားခြင်းများလည်း ဖြစ်ပေသည်။ တနည်းအားဖြင့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားများအားလုံး လွတ်မြောက်ရေးတည်းဟူသော ဘုံအကျိုးစီးပွါးအတွက် အကျိုးတူ၊ သဘောတူ ပူးပေါင်းခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်၏ အဓိကမျှော်မှန်းချက် ဖြစ်ပေတော့သည်။

ဦးအေးသာအောင်

Read More...

ဗိုလ်ချုပ်အောင်ဆန်းနှင့်ပြည်ထောင်စုစိတ်ဓာတ်၊ ဦးအေးသာအောင်။

CRPP ၏ (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများစာအုပ် ကောက်နုတ်စာ။

ဗိုလ်ချုပ်အောင်ဆန်းနှင့်ပြည်ထောင်စုစိတ်ဓာတ်
ဦးအေးသာအောင်။

ဤကမ္ဘာ၌ များစွာသော နိုင်ငံတို့သည် လူမျိုးအများအပြား ပါဝင်ပေါင်းစပ်လျက် ပြည်ထောင်စု နိုင်ငံတော်များကို ဖွဲ့စည်းခဲ့ကြ၏။ ဤသို့ ဖွဲ့စည်းခဲ့ကြသည့် ပြည်ထောင်စုများအနက် အချို့သော ပြည်ထောင်စုတို့၌ တန်းတူညီမျှသော အခြေခံဖြင့်ဖွဲ့စည်းကာ၊ အမျိုးသား အကျိုးစီးပွါးကို အညီအမျှပြု၍ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းလျက်ပင်ရှိကြ၏။ ပြဿနာကြီးငယ် ပေါ်ပေါက်သည်ကိုလည်း ဆွေးနွေးညှိနှိုင်း ဖြေရှင်းကာ ပြေငြိမ်းစေ၏။ အချို့သော ပြည်ထောင်စုများတွင်းမူ အပေါ်စီးရနေသော၊ အင်အားကြီးသော၊ လူဦးရေအားဖြင့် များသောလူမျိုးများက “လွဲမှားသော အမျိုးသားရေးဝါဒ”ကို ကျင့်သုံးလျက် လွှမ်းမိုးအုပ်ချုပ်ကြ၏။ ပြည်ထောင်စုဖွဲ့ရာ၌လည်း မညီမျှသော အခွင့်အရေးများကိုပြဌာန်း ကျင့်သုံးကြ၏။ အချို့မှာမူညီမျှသော အခွင့်အရေးများကိုပင် ပြဌာန်းထားသော်လည်း၊ ထိုအခွင့်အရေးများကို ကျန်လူမျိုးများက မကျင့်သုံးနိုင်အောင် ဖိနှိပ်လွှမ်းမိုးထားကြ၏။ ထိုကြောင့် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ လူ့အခွင့် အရေးများတွင် မညီမျှမှုဖြစ်ပေါ်ကာ နက်ရှိုင်းသော အမျိုးသားရေး ပြဿနာ များပေါ်ပေါက်လာကြ၏။ လူမျိုးအချင်းချင်း မကြေနပ်မှု၊ မုန်းတီးမှုများ ပွားများ၍ ပဋိပက္ခများ ကျယ်ပြန့်လာ၏။ နောင်သောအခါ ပြည်ထောင်စုကြီးပါ ပြိုကွဲ ပျက်စီးရပေသည်။

ပြည်ထောင်စုကြီးကို ဖွဲ့စည်းရာ၌လည်း ကွဲပြားခြားနားသည့် လူမျိုးများ၏ မတူညီ ကွာဟသော နိုင်ငံရေး၊ စီးပွါးရေး၊ အခြေခံများပေါ်တွင် ပေါင်းစပ်ဖွဲ့စည်းကြရ၏။ ထိုအခြေအနေများကိုအခွင့်ကောင်းယူ၍ လွဲမှားသော အမျိုးသားရေးဝါဒကျင့်သုံးကာ လူမျိုးတမျိုးက ကျန်လူမျိုးများအပေါ် စိုးမိုး ချယ်လှယ် အုပ်ချုပ်လေ့ရှိကြပေသည်။ လွဲမှားသော အမျိုးသားရေးဝါဒဆိုသည်မှာ မိမိတို့လူမျိုးသည် မြင့်မြတ်သော အမျိုးအနွယ်ဖြစ်သည်ဟူ၍ ကြွေးကြော်လျက် ထိုသို့မြင့်မြတ်သည့် အမျိုးအနွယ်ဖြစ်ခြင်းသည် ပင်လျင် အခြားသော လူမျိုးများအား စိုးမိုးအုပ်ချုပ်စီမံခွင့်ရှိသည့် နိမ့်ကျသော အမျိုးအနွယ်များကို ဖိနှိပ်စိုးမိုးချယ်လှယ်ရန် အခွင့်အရေးများ ရှိသည်ဟူ၍ ယူဆတတ်ကြသည်။ ထိုအယူအဆဖြင့်ပင် ပြည်တွင်း၌ ဖိနှိပ်စိုးမိုးအုပ်ချုပ်ပြီး အင်အားကြီးထွားလာသောအခါ ပြည်ပနိုင်ငံများကို အင်အားသုံး၍ ကျူးကျော်သိမ်းပိုက်ခြင်းများ ပြုလုပ်တတ်ကြပေသည်။ “မှန်ကန်သောအမျိုးသားရေးဝါဒ”မှာမူ မည်သည့်လူမျိုးရေး ဖိနှိပ်မှုကိုမဆို ပြတ်သားစွာ ဆန့်ကျင်၏။ မိမိလူမျိုးအား အခြားလူမျိုးက ဖိနှိပ်ချုပ်ချယ်သည်ကို ဆန့်ကျင် တိုက်ခိုက်ရုံ သာမက မိမိလူမျိုးက အခြားလူမျိုးအပေါ် ဖိနှိပ်ချယ်လှယ်ကျူးကျော်သိမ်းပိုက်သည်ကိုလည်း ဆန့်ကျင်ပေသည်။

မြန်မာနိုင်ငံ၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများတွင် မှန်ကန်သော အမျိုးသားရေးဝါဒကို ကိုင်စွဲကာပြည်သူလူထု ကြီးတရပ်လုံးကို စည်းရုံး သိမ်းသွင်းနိုင်ခဲ့ပေသည်။ ထူးခြားသည်မှာ မှန်ကန်သော အမျိုးသားရေးဝါဒကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့်ပေါင်းစည်းပြီး အမျိုးသား သွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့ခြင်းပင်ဖြစ်ပေသည်။ ဗိုလ်ချုပ်သည် (၁၉၃၂)ခုနှစ်လောက်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ခဲ့သည်။ နိုင်ငံရေးစိတ်ဓာတ်(ဝါ)အမျိုးသားရေးစိတ်ဓာတ်ရင့်ကျက်လာပြီး အမျိုးသားပညာရေး တိုက်ပွဲများတွင် ပါဝင် ခေါင်းဆောင်ခဲ့သည်။ (၁၉၃၆)ခုနှစ် ကျောင်းသားသပိတ်ကြီးမှာ ပါဝင်ခေါင်းဆောင်ခဲ့သည်။ သပိတ်ကြီးအပြီးတွင် နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသို့ ခြေစုံပစ်၍ဝင်ခဲ့သည်။ ဒို့ဗမာအစည်းအရုံးတွင် အထွေထွေအတွင်းရေးမှူး ဖြစ်လာသည်။ (၁၃ဝဝ) ပြည့်အရေးတော်ပုံတွင် ပါဝင်ဦးစီးခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို တည်ထောင်ကာ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့သည်။

ဤသို့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဒို့ဗမာအစည်းအရုံးခေတ်တွင်ချမှတ်ခဲ့သော “ဗမာပြည်သည်ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ ဒို့ပြည်ကို ချစ်ပါ၊ ဒို့စကားကို ချီးမြှင့်ပါ၊ ဒို့စာကိုလေးစားပါ”ဟူသည့် အမျိုးသားရေးဝါဒအလံကိုပင်ကိုင်စွဲခဲ့ပေသည်။ မြန်မာတမျိုးသားလုံးသည် အမျိုးသားရေးစိတ် နိုးကြားလာပြီး ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ အသင်းချုပ်ကြီးအောက်တွင် ညီညွတ်သော အင်အားစုအဖြစ် စုစည်းမိခဲ့ကြသော်လည်း အင်္ဂလိပ်နယ်ချဲ့တို့၏ပရိယါယ်ကျောက်ဆောင်များ ဖြစ်သော တွဲရေး/ခွဲရေး၊ ဒိုင်အာခီ အုပ်ချုပ်ရေး၊ (၉၁) ဌာနအုပ်ချုပ်ရေးများနှင့် တိုက်မိသောအခါ ပြိုကွဲခဲ့ရသည်။ ထိုသို့ပြိုကွဲနေသော အမျိုးသားအင်အားစုများ၏ ညီညွတ်ရေးကို တည်ဆောက်သည့် အနေဖြင့် ဗမာ့ထွက်ရပ်ဂိုဏ်းအဖွဲ့ကြီးကို ဖွဲ့စည်းခဲ့ပေသည်။ ထိုအဖွဲ့ကြီးသည် ပါတီပေါင်းစုံ၊ ပုဂ္ဂိုလ်ပေါင်းစုံ ပါဝင်သော အဖွဲ့ကြီးဖြစ်သည်။ အဖွဲ့ကြီး၏ ရည်ရွယ်ချက်မှာ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးဟူ၍ ဖေါ်ပြထားပေ သည်။ ဤသို့အားဖြင့် အမျိုးသားရေးဝါဒကိုပြောင်းလဲနေသောအခြေအနေ နှင့်ကိုက်ညီအောင်ချမှတ်ခဲ့ပေသည်။ အလုပ်သမား၊ လယ်သမားနှင့် လူထုလူတန်းစားအလွှာပေါင်းစုံကိုလည်းစည်းရုံးနိုင်ခဲ့ပေသည်။ ၄င်းအပြင် ရဲဘော် (၃ဝ)မှ သောင်းချီသော အမျိုးသားတပ်မတော်ကိုလည်းတည်ထောင်ခဲ့ပေ သည်။ နောက်ပိုင်းတွင် အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုကြီးဖြစ်သော ဖတပလ (နောင် ဖဆပလ)ကိုဖွဲ့စည်းလျက် တပ်မတော်ကိုပါ ၄င်းအဖွဲ့နှင့် ပေါင်းစပ်ပေးကာ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲခဲ့ပါသည်။ နောင် ဗြိတိသျှတို့ကို နိုင်ငံရေးအရ တိုက်ပွဲဝင်ရာတွင်လည်း တမျိုးသားလုံးကို သိပ်သိပ်သည်းသည်းဖြင့် နက်ရှိုင်းစွာ စည်းရုံးနိုင်ခဲ့ပေသည်။

သို့ရာတွင် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွင် ဗမာတမျိုးသားလုံးကို စည်းရုံးနိုင်ရုံမျှနှင့် မပြည့်စုံ၊ မလုံလောက်၊ တိုင်းရင်းသားလူမျိုးများပါဝင်သော အမျိုးသားညီညွတ်ရေးကို တည်ဆောက်ရန် လိုအပ်သည်ကို ကြိုတင်သိမြင်ခဲ့ပေသည်။ ထို့ကြောင့် တိုင်းရင်းသား စည်းရုံးရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပေသည်။ ဗိုလ်ချုပ်၏ တိုင်းရင်းသားစည်းလုံးရေးအတွက် ကြိုးပမ်းမှုကို ဂျပန်ခေတ်၌ စတင်တွေ့ရပေသည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသည် တမျိုးသားလုံးအကျိုးဖြစ်ရကား မြန်မာနိုင်ငံမှာ လူဦးရေအားဖြင့် အတော်အသင့်များသည့် ကရင်အမျိုးသားများပါဝင်လာရေးသည် အရေးကြီး ပေသည်။ ထိုနည်းတူစွာ ကရင်အမျိုးသားများကို မစည်းရုံးနိုင်လျှင် တနည်းအားဖြင့် ကရင်အမျိုးသားများ မပါဝင်လျှင် အခက်အခဲများရှိနိုင်ပြီး ကရင်နှင့်မြန်မာအမျိုးသားများပါ နစ်နာမည်ကို ကြိုတင်သိမြင်ခဲ့ပေသည်။ ထို့အပြင် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတရပ်လုံးတွင် ကရင်အမျိုးသားများ ပါဝင်လာရေးအတွက် စည်းရုံးရေးသည် မရှိမဖြစ် လိုအပ်သကဲ့သို့ ကရင်-ဗမာညီညွတ်ရေးသည် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် လွတ်လပ်ရေးအတွက် သော့ချက်ကျသော ပြဿနာတရပ်ဖြစ်သည်ကိုလည်း သဘောပေါက်ခဲ့ပေသည်။

ထိုအချိန်၌ မြစ်ဝကျွန်းပေါ်ဒေသတွင် ကရင်-ဗမာလူမျိုးရေးဆန်သော ပြဿနာများ စတင်ဖြစ်ပေါ်လျက်ရှိပေရာ ဗိုလ်ချုပ်သည် ကရင်-မြန်မာ ညီညွတ်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ရပေသည်။ ကရင်ခေါင်းဆောင်များကို ရန်ကုန်သို့ ဖိတ်ခေါ် တွေ့ဆုံ ဆွေးနွေးသည့်အပြင် ပြည်သူလူထုကိုလည်း ကရင်မြန်မာချစ်ကြည်ရေးအတွက် ဟောပြောစည်းရုံးခဲ့ပေသည်။ ထို့အပြင် ကရင်အမျိုးသား ခေါင်းဆောင်များကို တပ်မတော်အတွင်းသို့ ဝင်ရောက်စေခြင်း၊ အထူးသဖြင့် ဗြိတိသျှ လက်အောက်တွင် အမှုထမ်းခဲ့ကြသော ကရင်အရာရှိများကိုလည်း အမြင်ကျယ်စွာဖြင့် တပ်မတော်တွင် နေရာပေး သိမ်းသွင်းခဲ့ပေသည်။

ဤသို့ ကရင်ဗမာစည်းလုံးညီညွတ်ရေးအတွက် ဆောင်ရွက်ခဲ့ရာတွင် ဗိုလ်ချုပ်၏ မှန်ကန်သော အမျိုးသားရေးဝါဒနှင့် တိုင်းရင်းသားများအပေါ် သဘောထားကို ကရင်အမျိုးသားညီလာခံကွန်ဖရင့်သို့ ပေးပို့သော ဗိုလ်ချုပ်၏သဝဏ်လွှာက အလေးအနက် သက်သေပြလျက်ရှိပေသည်။

“ကရင်အမျိုးသား ရဲဘော်အပေါင်းတို့ -
မြစ်ဝကျွန်းပေါ်ဒေသများသို့ ယခင်အခါ ကျွန်ုပ်လှည့်လည် လာရောက်စဉ်က ကျွန်ုပ်အား ကရင်အမျိုးသားများ၏ အကြီးဆုံးမိတ်ဆွေ တဦးအဖြစ် အသိအမှတ်ပြုစေလိုကြောင်း ကျွန်ုပ်ပြောခဲ့သည်ကို ရဲဘော်တို့ အချို့ ကြားမိကောင်းကြားမိပါလိမ့်မည်။ ကျွန်ုပ်သည် ယခုတဖန် ဤစကားကို ထပ်မံ ဖေါ်ပြကမ်းလှမ်းလိုပါသည်။ ဗမာနိုင်ငံတွင် လူမျိုးများ တစည်းတရုံးတည်းဖြစ်မှုကိုလည်းကောင်း၊ ဗမာနိုင်ငံလူမျိုးများသည် မှန်ကန်သော လူမျိုးရေး တရားလက်ကိုင်ထား၍ ကမ္ဘာသူကမ္ဘာသားတို့နှင့် အကျိုးတူ ဆောင်ရွက်မှုကိုလည်းကောင်း၊ ကျွန်ုပ်သည် ရှေးယခင်ကစ၍ ယုံကြည်ခဲ့ပါသည်။ ထိုသို့ ယုံကြည်သည့်အတိုင်း ကျွန်ုပ်တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍လည်း ဆောင်ရွက်သွားမည်ပင်ဖြစ်ပါသည်။ ကျွန်ုပ်၏ ဤစိတ်ထားမှာ ယခုစစ် အခြေအနေတွင် ခါတော်မီဝါဒသဘောမဟုတ်သည်ကို တိတိလင်းလင်း နားလည်စေလိုပါသည်။ ကျွန်ုပ်၏ စေတနာသည် ကရင်အမျိုးသားများအပေါ်သာမက ဗမာနိုင်ငံလူမျိုးအားလုံးပေါ်တွင် ထားပါသည်။ ဤစေတနာ ဤစိတ်ထားသည် တနေ့နေ့ လက်ငင်းအားဖြင့် လက်တွေ့ကျွန်ုပ် ပြနိုင်သည့်အခါတွင် ထင်ထင်ရှားရှား တွေ့မြင်ရပါလိမ့်မည်။

လူမျိုးများနှင့် ပတ်သက်၍ ကျွန်ုပ်၏သဘောထားကို အကျဉ်းအားဖြင့် ဖေါ်ပြရသော် အောက်ပါအတိုင်းပင် ဖြစ်ပါသည်-
၁) မည်သူမဆို ဘာသာ၊ သာသနာအရေးတွင် လွတ်လပ်စွာ မိမိတို့ကိုး ကွယ်လိုရာ ဘာသာကို ကိုးကွယ်ခွင့် ရှိရမည်။ နိုင်ငံတော်အစိုးရသည် ဘာသာရေးတွင် ကြားနေရမည်။
၂) လူမျိုး ကွဲပြားမှုကိုလည်းကောင်း၊ ဘာသာ ကွဲပြားမှုကိုလည်းကောင်း၊ ယောက်ျား/မိန်းမ လိင်ကွဲပြားမှုကိုလည်းကောင်း အခြေပြုကာ နိုင်ငံတော်အတွင်း ရာထူးဌာနအရ အလုပ်အကိုင်များရရှိရေးတွင် ချုပ်ချယ်မှုများ မရှိစေရ။
၃) xxx
၎) ပညာရေးကို လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေး သင်ကြားနိုင်ခွင့် ရှိရမည်။
၅) လူမျိုးကွဲပြားသူများသည် မိမိတို့ သီးသန့်ယဉ်ကျေးမှုကို ပိုင်ခွင့်ရရှိရမည်။ ဥပမာ ကရင်များအတွက် ကရင်ကျောင်းများ၊ ရှမ်းများအတွက် ရှမ်းကျောင်းများ ကရင်များအတွက်ကရင်နေ့များ၊ ရှမ်းများအတွက် ရှမ်းနေ့များ၊ ကရင်များအတွက် ကရင်ဘာသာကို အစိုးရရုံးသုံး ကျောင်းသုံးဘာသာအဖြစ် အသိအမှတ်ပြုခြင်း၊ ကရင်အမျိုးသားအဝတ်၊ ကရင် ခရိုင်ဓလေ့ထုံးစံတို့ကို အသိအမှတ်ပြုခြင်း၊ ကရင်စာပေ ယဉ်ကျေးမှုများကို အသိအမှတ်ပြုခြင်း စသည်တို့ပင်ဖြစ်သည်။
၆) လူမျိုးများ၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုဆက်ဆံရေးနှင့် ပတ်သက်သော အခွင့်အရေးများကို တတ်နိုင်သမျှ ဥပဒေအားဖြင့် အသိအမှတ်ပြုရမည်။
၇) ဗမာများထက် အဆင့်အတန်းနိမ့်သော လူမျိုးများ၏ အဆင့်အတန်းများကို မြှင့်တင်ရန် အထူးကြိုးစား ဆောင်ရွက်ပေးပြီးလျှင် ဗမာများနှင့် အတူ ကမ္ဘာ့အဆင့်အတန်းသို့ အမြန်ဆုံး တက်လှမ်းနိုင်ရမည်။ လူမျိုး အချင်းချင်း နှိမ့်ချသည့် အသုံးအနှုန်း၊ အခေါ်အဝေါ်၊ စာပေအမှတ်အသား၊ အထိမ်းအမှတ် အလံ အစရှိသည်တို့ကို အစိုးရက ဥပဒေတား မြစ်ပေးရမည်။ လူမျိုးများညီညွတ်မှုကိုသာ ရှေ့ရှုအမှတ်အသားအထိမ်း အမှတ် စာပေများကိုသာ သုံးရမည်။ အထက်ပါအချက်တို့ကား ကျွန်ုပ်၏ သဘောထားပုံကို သိသာစေရန် ဖေါ်ပြခြင်းဖြစ်ပါသည်။ ဤသဘောထားအတိုင်း အထမြောက်ရန် ကျွန်ုပ်သည် အစဉ်တစိုက် ကြိုးပမ်းသွားမည်ကို ရဲဘော်တို့အား စကားလက်ဆောင်ပါးလိုက်သည်။ xxx
ပုံ(အောင်ဆန်း)
(၁၉၊ ၂၊ ၄၅)

ဤသဝဏ်လွှာကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်၏ မှန်ကန်သော အမျိုးသားရေးဝါဒနှင့် တိုင်းရင်းသား လူမျိုးများအရေးနှင့် ပတ်သက်၍ မှန် ကန်သော သဘောထားရည်တည်ချက်များကို လေးစားဖွယ်ရာ တွေ့မြင်ရပေသည်။ အထူးသဖြင့် လွတ်လပ်ရေး အကြိုကာလတွင် ဗိုလ်ချုပ်၏ တိုင်းရင်းသားလူမျိုးများအပေါ် သဘေားထားနှင့် ပြည်ထောင်စုစိတ်ဓာတ်များကို ပီပြင် ထင်ရှားစွာ တွေ့လာရပေသည်။ ဗိုလ်ချုပ်၏ ပြည်ထောင်စု စိတ်ဓာတ်သည် ဗိုလ်ချုပ်ပြောခဲ့သော မိန့်ခွန်းများတွင် ထင်ဟပ်လျက်ရှိပေသည်။ ဗိုလ်ချုပ်သည် လွတ်လပ်ရေးရယူရာ၌ ဗမာပြည်ကိုသာမက တောင်တန်းဒေသများကိုပါ ပူးပေါင်း၍တပြိုင်တည်း လွတ်လပ်စေလိုသည်။ တောင်တန်းဒေသများ မပါသော လွတ်လပ်ရေးသည် ဗမာပြည်၏ ပြီးပြည့်စုံသော လွတ်လပ်ရေးဟု မယူဆပေ။ ဘဝတူ တိုင်းရင်းသားများကိုလည်း လွတ်လပ်စေလိုသည်။ ထိုသို့ ဆောင်ရွက်ခြင်းမှာ အခြားတိုင်းရင်းသား လူမျိုးများ အရေးကို ဗမာများက စိုးမိုးခြယ်လှယ်ရန်အတွက် မဟုတ်ပေ။ တမျိုးသားလုံး၏ အကျိုးကို ရည်မျှော်ပြီး ဆောင်ရွက်ခြင်းသာဖြစ်သည်။ ဘဝတူ ညီအကို တိုင်းရင်းသားများသည် အကွဲကွဲအပြားပြား ဆောင်ရွက်နေခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ အကျိုးများနိုင်မည်ဟုပင် ယုံကြည်သည်။ ပူးပေါင်းသည်ဆိုရာ၌လည်း မိမိသဘောဆန္ဒအလျောက် ပူးပေါင်းရေးကိုသာ လိုလားပုံကို အောက်ပါ မိန့်ခွန်း ကောက်နှုတ်ချက်များမှ သက်သေပြလျက်ရှိပေသည်-

“ကျွန်ုပ်သည် ယခုဘုရင်ခံမင်းကြီးတိုက်ရိုက် အုပ်ချုပ်နေသောနယ်များပါ ဗမာပြည်နှင့်တပြိုင်တည်း လွတ်လပ်စေရန် ဆန္ဒရှိကြောင်း၊ ဖဆပလ ၌လည်း ဤအတိုင်းအတာထား၍၊ အမှုဆောင်ဝန်ကြီးများကလည်း ဤ အတိုင်းပင်ဖြစ်ကြောင်း” (ဘုရင်ခံမင်းကြီးနှင့် တွေ့ဆုံရာတွင် ပြောကြားချက်မှ)

“နယ်စပ်ဒေသများနှင့်စပ်လျဉ်း၍ အခက်အခဲရှိမည်မထင်ကြောင်း၊ ၄င်းတို့အား ကျွန်ုပ်တို့နှင့် အလိုအလျောက် ပူးပေါင်းရန် သဘောကျကြောင်း၊ သို့ရာတွင် အတင်းအကြပ် ပူးပေါင်းခိုင်းရန် မကြံရွယ်ပဲ ၄င်းတို့အနက်မှ အမှုဆောင်ဝန်ကြီးတဦးခန့်ထားရန် သဘောတူခဲ့ကြောင်း။” (မန်ချက်စတာ ဂါးဒီယန်း သတင်းထောက်နှင့်တွေ့ဆုံရာတွင် ပြောကြားချက်မှ)

“ဗမာပြည်လွတ်လပ်ရေးရပြီဟု မဆိုနိုင်ကြောင်း၊ တောင်တန်းနယ်များ ပြဿနာသာ ကျန်ရှိတော့ကြောင်း၊ တောင်တန်းနယ်များ မလွတ်လပ် သရွေ့ဗမာပြည်လွတ်လပ်ပြီဟု မဆိုနိုင်ကြောင်း၊ ဗမာများသည်တောင်တန်း လူမျိုးများကို ၄င်းတို့ဘာသာ အုပ်ချုပ် စေလိုကြောင်း၊ ဗမာများသည် ရှမ်း၊ ကချင်၊ ချင်းတို့၏ ပြည်တွင်းရေးကို စွက်ဖက်မည် မဟုတ်ကြောင်း” (ပင်လုံတွင် ပြောကြားချက်မှ)

“မြန်မာများသည် ဗြိတိသျှ၏ကျွန် မဖြစ်လိုကြောင်း၊ ထိုနည်းတူစွာ တောင်တန်းလူမျိုးများသည် ဗြိတိသျှကျွန်အဖြစ် မရောက်စေလိုကြောင်း၊ ထို့ပြင် တောင်တန်းလူမျိုးများသည် မြန်မာ့ကျွန်အဖြစ်လည်း မဖြစ်စေလို ကြောင်း” (ပင်လုံတွင် ပြောကြားချက်မှ)

“တိုင်းပြည်ကြီးပွားစေချင်ရင်- ဗမာကတမျိုး၊ ကရင်ကတဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြားပြား လုပ်နေကြရင်ဖြင့် အကျိုးရှိမှာ မဟုတ်ဘူး၊ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မည်”(ရှမ်းစော်ဘွားများတည်ခင်းသည့် ထမင်းစားပွဲတွင် ပြောကြားချက်မှ)

၎င်းအပြင် မြန်မာနိုင်ငံတွင် တည်ရှိနေသည့် တိုင်းရင်းသားလူမျိုး များ၏ပကတိ အခြေအနေများကို နိုင်ငံတကာ အတွေ့အကြုံများနှင့် ပေါင်း စပ်ကာတင်ပြခဲ့သည့် ဗိုလ်ချုပ်၏ တိုင်းရင်းသားလူမျိုးများ အရေးနှင့်ပတ်သက်သည့် သဘောထားရေး ဆိုင်ရာများကိုလည်း ဖဆပလ ပဏာမ ပြင်ဆင်မှု ညီလာခံ မိန့်ခွန်းတွင် ပီပြင်စွာတွေ့မြင်ရပေသည်။ (ဗိုလ်ချုပ်၏ တင်ပြချက်များ)

ဒီနေရာမှာ လူမျိုးရေးကိစ္စကို ဆွေးနွေးလိုတယ်။ အင်္ဂလပ်လိုမှာ- (Nation or Nationality, Race, Tribe) အစရှိသည်အားဖြင့် လူမျိုးရေးတွေ ကိုအသီးသီးခေါ်ထားတာရှိတယ်။ (Nation or Nationality) ဆိုတာ အဓိပ္ပါယ်ကတော့ ဥပမာ- ဗြိတိသျှလူမျိုးဆိုရင် အင်္ဂလိပ်၊ စကော့၊ ဝေလ၊ အိုင်းရစ် လူမျိုးတွေပေါင်းထားတာကို ခေါ်တာပဲ။

အမေရိကန်လူမျိုးဆိုရင်လည်း ဥရောပလူမျိုးစုံ အမေရိကန်မှာ လာနေပြီး အမေရိကန်လူမျိုးလို့ခေါ်တဲ့ လူအားလုံးကို ခေါ်တာပဲ၊ ဒီတော့ (Nation) သို့မဟုတ် (Nationality) ခေါ်တဲ့ လူမျိုးကြီးကိုဆိုကြပါစို့- အဲဒီ လူမျိုးကြီးဆိုတာ ဘယ်လိုအချင်းအရာတွေနဲ့ပြည့်စုံမှ လူမျိုးကြီးလို့ခေါ်မလဲ။ အဲဒီလူမျိုးပြဿနာနဲ့ပတ်သက်ပြီးဘယ်လိုသရုပ်ဖေါ်ထားသလဲဆိုရင်”လူမျိုး ကြီးဆိုတာ ရာဇဝင်အရဖြစ်ပွားပြီး၊ တည်တည်တံ့တံ့နေလာတဲ့သူ၊ ဘာသာစကားနဲ့၊ သူ့နယ်မြေနဲ့၊ သူ့စီးပွားရေးနဲ့၊ သူ့ယဉ်ကျေးမှု ပညာ ထုံးစံဓလေ့နဲ့  ညီညွတ်စည်းရုံးထားတဲ့ လူပေါင်းစုပဲလို့ သရုပ်ဖေါ်ပြခဲ့တယ်။ ဒီနေရာမှာ လူပေါင်းစုဆိုတာဟာ (A Nation is not a racial or Tribal community of people) လို့အတိအလင်းဖေါ်ပြထားတယ်။ အဓိပ္ပါယ်ကတော့ လူမျိုးကြီးဆို တာ အသွေးအဆင်တူတဲ့ (Race) တို့ (Tribe) လို့ခေါ်တဲ့ လူမျိုးစုမျိုးမဟုတ် ဘူး၊ အဲဒီ(္မခေန)တို့ပေါင်းစပ်ထားခြင်းဖြစ်တယ်လို့ ရှင်းလင်းပြန်တယ်။” x x x

ဒါဖြင့် အဓိပ္ပါယ်က ဘယ်လိုသဘောလဲ။ လူမျိုးကြီးဆိုတာ အချင်း ချင်းပေါင်းသင်းနေရင် (Ragional autonomy) ဆိုတဲ့ နယ်မြေအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြီး၊ ခွဲထွက်ခွင့်ပါရထိုက်သတဲ့ (The right of self-determi-nation means that a nation can arrange its life according to its own will. It has the right to arrange its own life on the basis of autonomy. It has the right to enter into federal relation with other nation. It has the right to complete secession) လို့ဆိုထားတယ်။ ဒါပေမယ့် ဆက်ပြော ထားတာ ရှိသေးတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လူမျိုးကြီးဆိုတာတိုင်း ရထိုက်တယ်ဆိုပေမယ့် နေရာတကာမှာ အမြဲတမ်း မဟုတ်ဘူး ကောင်းကျိုး လုပ်ဖို့သာဖြစ်တယ်။ ဆိုးကျိုးလုပ်ဖို့မဟုတ်ဘူးဆိုတာပြောထားတယ်။ လူမျိုး အချင်း ချင်းချယ်လှယ်လွှမ်းမိုးမှု၊ နှိပ်စက်မှု မဖြစ်ရအောင် ဒီအခွင့်အရေးမျိုးကို လူမျိုးကြီးတိုင်းကို ပေးထားတာပဲ။

ဒါတွေအားလုံးðခံလိုက်တော့ ဘာအဓိပ္ပါယ်ထွက်သလဲဆိုရင် လူမျိုး ကြီးဆိုတာ အချင်းချင်းပေါင်းကြရင် ကိုယ်ပိုင်ပြဌာန်းခွင့်အရ ပေါင်းကြ။ ဒါပေ မယ့် နေရာတကာ အချိန်အခါတိုင်းမှာ အခြေအနေအကျိုးအကြောင်းကို မထောက်ပဲ အရမ်းကိုယ်ပိုင်ပြဌာန်းခွင့် မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါက (Nation or Nationality) ဆိုတဲ့လူမျိုးကြီးများနှင့်ပတ်သက်ပြီးသိသင့်သိထိုက်သော သဘောတရားတွေပဲ။ ပြီးတော့-

x x x ဒီဟာတွေကတော့ လူမျိုးရေးလူနည်းစုအခွင့်အရေးတွေနှင့် ပတ်သက်ပြီး သိသင့်သိထိုက်တဲ့အချက်တွေပဲ။ ပြီးတော့ လူမျိုးရေး လူနည်းစုဆို တာ လူဦးရေးဘယ်လောက်ရှိမှ လူမျိုးရေးလူနည်းစုခေါ်မလဲဆိုတာကို သိဖို့ လိုတယ်။ အရင်စစ်မဖြစ်ခင်ရှိခဲ့တဲ့ နိုင်ငံပေါင်းစုံအသင်းချုပ်ကြီးက သရုပ်ပြဌာန်းထားတာကတော့ လူမျိုးရေးလူနည်းစုဆိုတာ လူမျိုးရေးလူများစုရဲ့ ငါးပုံတပုံလောက်ရှိမှ လူမျိုးရေးလူနည်းစုလို့ ခေါ်နိုင်မယ်လို့ ဆိုထားတယ်။ ဘာပြုလို့လဲဆိုတော့ ရှမ်းပြည်မှာ လူမျိုးပေါင်း (၂ဝ-၃ဝ)လောက်ရှိတယ်။ အဲဒီလိုသာ လူမျိုးကွဲတိုင်း လျှောက်ခေါ်နေရင် ဆုံးမှာမဟုတ်ဘူး။ ဒါကြောင့် လူဦးရေ သတ်မှတ်ရတာပဲ။ သို့ပေမယ့် ဗမာပြည်အဖို့မှာ လူမျိုးရေး လူများစုရဲ့ ငါးပုံတပုံဆိုတာကတော့ များလွန်းအားကြီးတယ်ထင်တယ်။ ဆယ်ပုံတပုံ လောက်ရှိရင်ပဲလူမျိုးရေးလူနည်းစုလို့ ခေါ်သင့်တယ်လို့ ကျနော်ယူဆတယ်။ လူမျိုးရေး၊ လူများစုရဲ့ ငါးပုံတပုံရှိမှ လူမျိုးရေးလူနည်းစု ဆိုရင်တော့ ဗမာပြည်မှာ လူမျိုးရေး၊ လူနည်းစုကို မရှိနိုင်တော့ဘူး။

x x x ဒီတော့ လူမျိုးရေးပြဿနာနဲ့ပတ်သက်ပြီး ကျနော် တော်တော်စုံစုံ လင်လင်ပြောပြပြီးတဲ့နောက် ကျနော်တို့ ဗမာပြည်သစ်ကို တည်ထောင်တော့ ပြည်ထောင်စုသဘောတည်ထောင်မလား၊ လူမျိုးကြီးတမျိုးတည်းပဲဆိုတဲ့ တိုင်းပြည်မျိုး (Unitary State) တည်ထောင်မလားဆိုတဲ့ မေးခွန်းကို ဖြေဆိုလိုတယ်။ ကျနော့်အမြင်အရဆိုရင်တော့ အထက်ကဆိုခဲ့တဲ့ လူမျိုးရေးအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးတွေကို စည်းကမ်းသတ်မှတ်ပေးပြီးတော့ (Unitary State) လူမျိုးကြီးတမျိုးဆိုတဲ့ နိုင်ငံမျိုးတော့ ထောင်လို့မဖြစ်ဘူး။ ပြည်ထောင်စုသဘောမျိုးပဲဖြစ်မှာပဲ။ ဒါပေမယ့် ပေါင်းကာမှ “ဆေးအတွက် လေး”ဆိုတဲ့ ပြည်ထောင်စုမျိုးတစိတ်တဒေသက တခုလုံးကို ဆန့်ကျင်တဲ့ ပြည်ထောင်စုမျိုးဆိုရင်တော့ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ပြည်ထောင်စုဟာ စီးပွားရေးတိုးတက်မှုကို စုပေါင်းပြီး စနစ်တကျ စီစဉ်နိုင်မယ့် ပြည်ထောင်စုမျိုး ဖြစ်ရမယ်။ ဒါမှ လူမျိုးအားလုံး တိုင်းသူပြည်သားအများဆုံး တိုးတက်မှုကို လုပ်နိုင်မှာပဲ။ ပေါင်းတယ်ဆိုတာ အချင်းချင်း ကောင်းကျိုးရှိအောင် ပေါင်းကြတာဖြစ်ပြီး ဆိုးကျိုးရှိအောင် ပေါင်းတာမျိုး ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။

ဒီလိုလူမျိုးရေး ပြဿနာနဲ့ပတ်သက်ပြီး နောက် အကြောင်းပေါ်ရင် ပေါ်သလို ဆွေးနွေးသင့်ရင် ဆွေးနွေးပါအုံးမယ်။ အခု မိန့်ခွန်းမှာတော့ ဒီ လောက်နဲ့ပဲတော်လောက်ပြီလို့ ကျနော်ယူဆတယ်။ (ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံမိန့်ခွန်းမှ)

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သောနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် ကရင်၊ ကချင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့် လူမျိုးများအပြင် အခြားလူမျိုးအများအပြားလည်း စုဖွဲ့ပေါင်းစည်း နေလျက်ရှိကြပေသည်။ မြန်မာနိုင်ငံတွင် နေထိုက်လျက် ရှိကြသောလူမျိုးများ၏ အခြေအနေမှာလည်း စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုအားဖြင့် မညီမညာ အဆင့်ဆင့် ကွဲပြားခြားနားပြီး အချို့မှာ အလွန်ခေတ်နောက်ကျလျက် ရှိကြပေသည်။ ထို့ကြောင့် လူမှုရေးပုံစံစနစ်များအစ ယဉ်ကျေးမှုထုံးတမ်း ဓလေ့များနှင့် နေထိုင်ပုံများပါ ကွဲပြားလျက်ရှိပေသည်။ ဤကဲ့သို့စီးပွားရေးနှင့်ဖွံ့ဖြိုးမှု အဆင့်ဆင့်ကွဲပြားမှုသည် လူမျိုးတမျိုးနှင့်တမျိုး နားလည်မှုလွဲမှားပြီး မယုံ မကြည်မှုများကို ပေါ်ပေါက်စေနိုင်ပေသည်။

ထို့အပြင်စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသည့်ဖွံ့ဖြိုးတိုးတက်ရေး အားဖြင့် အဆင့်ဆင့်ကွဲပြားနေပြီး အချို့မှာ အလွန် ခေတ်နောက်ကျလျက် ရှိနေခြင်းကြောင့်ယင်းအခြေခံများနှင့်ကိုက်ညီသောတိကျသည့်သဘောထား မူဝါဒတရပ်ကို ချမှတ်အကောင်အထည်ဖေါ်နိုင်ရေးသည်လည်း အလွန်ခက်ခဲ နက်နဲသောပြဿနာတရပ်ဖြစ်ပေသည်။ မည်သို့ပင်ရှိစေ ဤပြဿနာကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ပကတိအခြေအနေနှင့် ကိုက်ညီစွာ လက်တွေ့ကျကျ ဖြေရှင်းပေးခဲ့ပေသည်။ တနည်းအားဖြင့် ဗိုလ်ချုပ်၏ ပြည် ထောင်စု(ဝါ) တိုင်းရင်းသားလူမျိုးများအပေါ် သဘေားထားကိုလည်း လက်တွေ့ပြသရာလည်း ရောက်ပေသည်။

တိုင်းရင်းသားလူမျိုးများအပေါ် သဘောထား သို့မဟုတ် ပြည် ထောင်စုစိတ်ဓာတ်ကို ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် တင်သွင်းခဲ့သော အဆိုများ၌ ပီပြင်စွာတွေ့မြင်ရသည့်အပြင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ၏ ဖြစ်တည်မှုအခြေခံနှင့်လည်း အလွန်ကိုက်ညီမှုရှိသည်ကို တွေ့ ရပေသည်။ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် အဆို (၁၄)ချက်ကိုတင် သွင်းခဲ့ရာ အပိုဒ် (၃)တွင် အောက်ပါအတိုင်း ဖေါ်ပြထားသည်-
၃(၁) အောက်ပါ အင်္ဂါလက္ခဏာအားလုံးနှင့်သော်လည်းကောင်း၊ အချို့ သော်လည်းကောင်း၊ ပြည့်စုံ၍ (ခ)(ဂ)(ဃ)(ခ)တို့၌ ဖော်ပြထားသော နယ်မြေများသည် ဤတိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်သတ်မှတ်၍ နောင်အခါ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတွင် ထိုသို့ ဆုံးဖြတ် သတ်မှတ်သောတရားဥပဒေနှင့်အညီ”ပြည်ထောင်စုပြည်နယ်” အဆင့်အတန်းကိုဖြစ်စေ၊ “ကိုယ်ပိုင်အုပ်ချုပ်ရ ပြည်နယ်အဆင့်အတန်းကိုဖြစ်စေ” “လူမျိုးစုပြည်နယ်” အဆင့်အတန်းကိုဖြစ်စေရရှိမည်။

အင်္ဂါလက္ခဏာများကား-
၁) ပထဝီအနေအထားအရ နယ်နိမိတ်အထင်အရှားရှိခြင်း။
၂) မြန်မာစကားနှင့်မတူသော ဘာသာစကားတမျိုးတည်းရှိခြင်း။
၃) ယဉ်ကျေးမှုတမျိုးတည်းရှိခြင်း။
၎) ရာဇဝင်အစဉ်အလာတမျိုးတည်းရှိသော လူစုရှိခြင်း။
၅) စီးပွားရေးဆိုင်ရာအကျိုးကျေးဇူးနှင့်စီးပွားရေးလုံလောက်မှုတို့ရှိသော လူစုရှိခြင်း။
၆) လူဦးရေ အတော်အတန်ရှိခြင်း။
၇) သီးခြားပြည်ထောင်စု “အဖွဲ့ဝင်တခု” အဖြစ်ဖြင့် မိမိ၏ ကိုယ်ပိုင် ထင်ရှားချက်အတိုင်းနေလိုသော ဆန္ဒရှိခြင်းတို့ဖြစ်လေသည်။
ထိုနယ်မြေများသည် မိမိတို့အားအပ်နှင်း၍သော်လည်း ကောင်းခွဲဝေ လွှဲအပ်၍သော်လည်း ရရှိသောအာဏာနှင့် အလုပ်ဝတ္တရားများကို သုံးစွဲ ဆောင်ရွက်ရမည်။

၃(၂) ထိုအာဏာနှင့် အလုပ်ဝတ္တရားများသည်ပဏာမပြင်ဆင်မှုညီလာခံ သဘင်ကခန့်သော ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့် နှစ်ဦးနှစ်ဘက် သဘောတူညီချက်ကိုရပြီးမှ ဆုံးဖြတ်သတ်မှတ်ရမည့် အာဏာနှင့်အလုပ်ဝတ္တရားများဖြစ်ကြသည်။ အထက်ပါ ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့် ရရှိလာသော သဘောတူညီချက်သည် ဖဆပလ အမှုဆောင်အဖွဲ့၏အတည် ပြုချက်ကို ခံယူရမည်။

အထက်ပါဖေါ်ပြခြင်များကို ကြည့်ခြင်းအားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကို ဖွဲ့စည်းရာတွင် အဖွဲ့ဝင်ပြည်နယ်များ၏ အဆင့်အတန်းကို အခြေခံအင်္ဂါရပ်(၇)ရပ်သတ်မှတ်ပြီး ထိုအင်္ဂါရပ်များပေါ်မူတည်၍ ပြည်ထောင်စုပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်၊ လူမျိုးစု ပြည်နယ်ဟူ၍ ပြည်နယ်များ၏ အဆင့်ကို ခွဲခြားသတ်မှတ်ဖေါ်ပြထားသည်ကို တွေ့ရသည်။ ဤသည်မှာ မြန်မာနိုင်ငံရှိ လူမျိုးများ ဖြစ်ပေါ်တိုးတက်မှုအားဖြင့် အဆင့်ဆင့်ကွဲပြားလျက်ရှိရာ ထိုအခြေအနေများနှင့် လွန်စွာကိုက်ညီမှု ရှိသည်ဟု ဆိုရပေမည်။ အပိုဒ်ငယ်(၂)တွင်လည်း ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာများကို ဆွေးနွေးညှိနှိုင်းပြီး နှစ်ဦးနှစ်ဘက် သဘောတူမှ ဆုံးဖြတ်မည်ဟူ၍ ပါရှိသည်မှာ ဒီမိုကရေစီကျပြီး လူမျိုးများ၏ အခြေခံအခွင့်အရေးများကို လေးစားရာရောက်ပေသည်။

အပိုဒ်(၄)တွင် အောက်ပါအတိုင်းဖေါ်ပြထားပေသည်-
၎။ (ဤနေရာမှစ၍အောက်တွင်”ပြည်ထောင်စုဥပဒေပြုအဖွဲ့”ဟုခေါ်ဆိုအပ်သော)ဗဟိုဥပဒေပြုအဖွဲ့၏ စီရင်ပိုင်ခွင့်အာဏာသည် ပြည်ထောင်စု နိုင်ငံ တဝှမ်းလုံး၌တည်ရမည်။ “ပြည်ထောင်စုပြည်နယ်” သို့မဟုတ် ”ကိုယ်ပိုင် အုပ်ချုပ်ရပြည်နယ်” သို့မဟုတ် ”လူမျိုးစုပြည်နယ်” တို့၏ ဥပဒေအဖွဲ့များကို လုံးဝခွဲဝေ လွှဲအပ်ပေးသည့် ဌာနအမျိုးအစားထဲတွင်မပါဝင်သော ကိစ္စခပ်သိမ်းတို့နှင့် စပ်လျဉ်း၍ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ မည်သို့ပင်ဆိုထားစေကာမူ ပြည်ထောင်စုဥပဒေအဖွဲ့၏ ဥပဒေပြုအမိန့်အာဏာသည် အောက်၌သီးခြားဖေါ်ပြထားသော ဌာနအမျိုးအစားများတွင် ပါဝင်သည့် ကိစ္စအားလုံးတို့ အပေါ်၌ တည်ရမည်။

၁) ပြည်ထောင်စုအစိုးရဌာနများကိစ္စ။
၂) ပြည်နယ်အချင်းချင်းကိစ္စများ။
၃) ကျန်ကိစ္စများ။
၎) ပြည်ထောင်စုတစ်နိုင်ငံလုံးနှင့်ချီ၍ စီးပွားရေးတိုးတက်အောင်ပြုရန်ရှိသော ကိစ္စများ။
၅) “ပြည်ထောင်စုနယ်” “ကိုယ်ပိုင်အုပ်ချုပ်ရ ပြည်နယ်” “လူမျိုးစု ပြည်နယ်” တို့မှတပါး ကျန်နယ်မြေများနှင့် စပ်လျဉ်းသောကိစ္စများ။
(မှတ်ချက်။ အထက်ပါပုဒ်မ(၄)ပုဒ်မခွဲ(၅)တွင်ဆိုထားသောကျန်နယ်မြေများအတွက် ဥပဒေပြုအဖွဲ့များသတ်သတ်ထားရှိမည်မဟုတ်ချေ။)

အထက်ဖေါ်ပြပါအချက်များကို သုံးသပ်မည်ဆိုပါက ပြည်ထောင်စု ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်၊ လူမျိုးစု ပြည်နယ်များသည် လုံးဝ ဥပဒေပြုအာဏာများရှိကြပြီး၊ ကျန်ဒေသများတွင်ကား ဥပဒေပြုအာဏာပေးထားမည် မဟုတ်သည်ကို တိတိကျကျ ဖေါ်ပြထားပေသည်။

၇(၁) “တိုင်းရင်းသားလူနည်းစုများ” ၏ အခွင့်အရေးများဖြစ်သော
၁) လူတို့၏ အခွင့်အရေး။
၂) လူမျိုးတို့၏ စရိုက်၊ ထုံးစံဓလေ့၊ စသည်တို့နှင့် ဆိုင်သော သို့မဟုတ် ယဉ်ကျေးမှုနှင့်ဆိုင်သော အခွင့်အရေးများ။
၃) ကိုယ်ပိုင်ယဉ်ကျေးမှုပြဌာန်းနိုင်ခွင့်ကိုမထိခိုက်စေပဲ လွတ်လပ်စွာ ပေါင်းသင်းဆက်ဆံနိုင်သော အခွင့်အရေး
၎) ဥပဒေပြုအဖွဲ့တွင် ထိုက်သင့်သောကိုယ်စားလှယ်ဦးရေပါဝင် နိုင်ရေး။

ထိုအခွင့်အရေးများကို လူမျိုးရေးအားဖြင့်လည်းကောင်း၊ ဘာသာ စကားအားဖြင့်လည်းကောင်း၊ ယဉ်ကျေးမှုအားဖြင့် လည်းကောင်း၊ ရာဇဝင် အစဉ်အလာများအားဖြင့်လည်းကောင်း၊ လူများစုနှင့်ကွဲပြားခြားနားသော သူများလည်းဖြစ်၍ သက်ဆိုင်ရာ ပြည်ထောင်စု အဖွဲ့ဝင်တခုတွင် လူဦးရေ ဆယ်ပုံတပုံထက်မနည်းရှိသည့် သူများလည်းဖြစ်သော ပြည်သူတစုသည် ခံစားနိုင်သည်ဟု အာမခံချက် ရှိရမည်။

ဤအပိုဒ်တွင်မူ လူနည်းစုလူမျိုးစုအရေးကို အလေးပေးဖေါ်ပြထားသည်ကို တွေ့ရပေမည်။
၈။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် “ပြည်ထောင်စုပြည်နယ်” “ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ်” “လူမျိုးစု ပြည်နယ်”တို့အား ပိုင်းခြား ခွဲဝေလွှဲအပ်ထားသောအာဏာများမှတပါးလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမတမြန်မာနိုင်ငံတော်၏ ဥပဒေပြု အာဏာကိုလည်းကောင်း၊ အုပ်ချုပ်မှုအာဏာကိုလည်းကောင်း၊ တရားစီရင်မှုအာဏာကိုလည်းကောင်း စိုးပိုင်ရမည်။ ထိုအာဏာတို့ကို နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကတည်ထောင်ထားသောပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရဌာနများက သော်လည်းကောင်း၊ ထိုဌာနများ၏ အမိန့်အရသော်လည်းကောင်း သုံးစွဲနိုင်ရမည်။ ပြည်ထောင်စုအာဏာနှင့် ပြည်နယ်၏အာဏာကို ခွဲဝေသတ်မှတ်ထား မည်ကို အတိအကျဖေါ်ပြထားခြင်းဖြစ်ပေသည်။

၉။ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိပြည်သူအားလုံးတို့၏ အထွဋ်အမြတ်ဖြစ်ထိုက်သော နိုင်ငံတော်၏အကြီးအမှူးဖြစ်သည့် နိုင်ငံတော် သမတနှင့်တကွ ပြည်သူ့လွှတ်တော်၊ လူမျိုးစုလွှတ်တော် နှစ်ရပ်ပါသော ပြည်ထောင်စု မဟာလွှတ်တော်သည် ပြည်ထောင်စု ဥပဒေပြု အာဏာကိုစိုးပိုင်ရမည်။ နိုင်ငံတော်သမတအား ပြည်ထောင်စု မဟာလွှတ်တော်က ရွေးကောက်တင်မြှောက်ရမည်။ ပြည်သူ့လွှတ်တော် အမတ်များကို လျို့ဝှက်သောမဲဆန္ဒပေးစနစ်ဖြင့်အရွယ်ရောက်သူတိုင်းက ရွေးကောက်တင်မြှောက်ရမည်။ လူမျိုးစုလွှတ်တော်တွင် ပြည်ထောင်စုပြည်နယ်မှလည်းကောင်း တိုင်းရင်းသားလူနည်းစုမှ လည်းကောင်း ပြည်ထောင်စုအဖွဲ့ဝင်တခုအဖြစ်ဖြင့် စုရုံးဖွဲ့စည်း အပ်သောကျန်နယ်မြေများမှလည်းကောင်း၊ ကိုယ်စားလှယ်အမတ်များ ပါဝင်ရမည်။

ဤအပိုဒ်သည်လည်း ပြည်ထောင်စု နိုင်ငံတနိုင်ငံအတွက် အဓိကကျသည့်အပြင် လူမျိုးများတန်းတူရေးအတွက် အရေးပါသည့် လွှတ်တော်နှစ် ရပ်ထားရှိရေးကို ထင်ထင်ရှားရှားဖေါ်ပြထားခြင်းဖြစ်သည်။ အားလုံးကို ခြုံ၍ ပြောပြရမည်ဆိုပါက ဗိုလ်ချုပ်တို့ ချမှတ်ခဲ့သော ပြည်ထောင်စုမူသည် ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ပကတိအခြေအနေနှင့် ကိုက်ညီသော မူတရပ်ဖြစ်သည်ဟုဆိုရပေမည်။

၎င်းအပြင် မြန်မာနိုင်ငံအတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့် လမ်းညွှန်ချက်များနှင့်၎င်း လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားချက်များတွင် ဗိုလ်ချုပ်၏ ပြည်ထောင်စု သဘောတရားနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမို၍ ရှင်းလင်းစွာ တွေ့နိုင်ပေသည်။

လမ်းညွှန်မူ(၇)ချက်မှာ-
၁။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် မြန်မာပြည်ထောင်စု နိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် သမတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်စေရမည်။

ထို့ပြင်-
၂။ ပြည်ထောင်စုနိုင်ငံတော်တွင်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကသတ် မှတ်ဖေါ်ပြသည့် တသီးပုဂ္ဂလပြည်နယ်များပါဝင်စေလျက်၊ သို့သတ်မှတ် ဖေါ်ပြထားသည့် တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ် ဖေါ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာရရှိစေရမည်။

ထို့ပြင်-
၃။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမတမြန်မာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်း အားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ သက်ဆင်းစေရမည်။

ထို့ပြင် -
x x x
၅။ ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်လူနည်းစုအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဌာန်းထားရှိစေရမည်။

ထို့ပြင်-
x x x
လမ်းညွန်ချက်များအရဆိုပါက မြန်မာနိုင်ငံတော်ကို ပြည်ထောင်စုနိုင်ငံအဖြစ် ဖွဲ့စည်းရမည်ဖြစ်ပေသည်။ ထိုပြည်ထောင်စုတွင် တသီးပုဂ္ဂလ ပြည်နယ်များ(သို့မဟုတ်)သီးခြားပြည်နယ်များပါရှိရမည်။ ၄င်းအပြင် ပြည်နယ်မရရှိသော လူမျိုးများအတွက်လည်း တိုင်းရင်းသားလူနည်းစု လူမျိုးစု အခွင့်အရေးများ သတ်မှတ်ထားရှိပြီး လုံလုံလောက်လောက် ကာကွယ်ပေးရမည်ဟူသည့် အချက်များအထင်အရှားပါရှိပေသည်။ ရှင်းလင်းချက်များ၌ဖေါ် ပြရာတွင်လည်း ပြည်ထောင်စုစိတ်ဓာတ် အခြေခံများကို ထင်ဟပ်စေပါသည်။

“မြန်မာ ပြည်ထောင်စုနိုင်ငံတော်ဆိုတာကို ကျနော် အထူးရှင်းပြ နေစရာမလိုပါဘူး။ သည်နိုင်ငံတော်ကို ပြည်ထောင်စုတွေ စုထားမည်ဆိုတဲ့ သဘောလောက်ပါပဲ။ ပြည်ထောင်စုနိုင်ငံတော်ဆိုကတည်းက ကျနော်တို့ အခုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ (Unitary Constitution) လူတမျိုး တည်းဆိုတဲ့ နိုင်ငံမျိုးမဟုတ်ဘဲနှင့် လူမျိုးပေါင်းစုံပြည်ထောင်စုနိုင်ငံဆိုတဲ့ အဓိပ္ပါယ် ရောက်သွားပါတယ်။ အဲသည်တော့ ကျနော်ကနေပြီးပြည်ထောင်စု နိုင်ငံတော်အဖြစ် ဖွဲ့စည်းအပ်တယ်လို့ အဆိုသွင်းတဲ့ကိစ္စမှာ ယခု ကြွရောက်လာကြတဲ့ အမတ်မင်းများက ဗမာနိုင်ငံတော်ကို သည်လိုပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ်နှင့် ဖွဲ့စည်းအပ်တယ်လို့ဆိုတဲ့ အခြေခံမူဟာ သင့်မသင့်ကို သည်လွှတ်တော်ကြီးက စဉ်းစားဘို့ပါပဲ။

ကျနော်တို့အခုဖြစ်နေတဲ့ ဗမာပြည်ရဲ့ အခြေအနေတွေကို ထောက် လို့ကြည့်လျှင် ကျနော်တို့နိုင်ငံကို ပြည်ထောင်စုနိုင်ငံအဖြစ်နှင့် ဖွဲ့စည်း တည်ထောင်မှသာလျှင် သင့်လျော်လျောက်ပတ်လိမ့်မယ်လို့ ယူဆတဲ့အတိုင်း သည်အခြေခံသဘောကို သည်အဆိုထဲမှာ ထည့်သွင်းပြီး သည်လွှတ်တော်ကြီးမှာတင်သွင်းခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုနိုင်ငံတော်ဆိုသည်မှာ တင်ပြထားခြင်းအားဖြင့် ယခု သည်တိုင်းပြည်ပြု လွှတ်တော်မှာကြွရောက်လာကြတဲ့ တောင်တန်းဒေသများ ကိုယ်စားလှယ် အမတ်မင်းများဟာ ပြည်ထောင်စု နိုင်ငံတော်တွင် သူတို့သက်ဆိုင်ရာနယ်များက ပါဝင်ပြီးသား ဖြစ်သွားမည်လား ဆိုပြီး သံသယရှိနေတယ်လို့ ကျနော်သိရပါတယ်။

အဲသည်တော့ ဒီကစ္စနှင့်ပတ်သက်လို့ ကျနော် တိတိလင်းလင်း ရှင်းလင်းချင်တာကတော့ ဗမာပြည်ထောင်စုနိုင်ငံတော် လို့ခေါ်တွင်ဖို့ဆိုပြီး တော့ သည်အဆိုထဲမှာတင်ပြထားပေမည့်သည်ပြည်ထောင်စုနိုင်ငံတွေထဲမှာ ဘယ်နယ်တွေပါလို့၊ ဘယ်နယ်တွေပါရမည်လို့၊ သတ်မှတ်ထားခြင်း မရှိသေး ပါဘူး။ သည်တော့ တောင်တန်းဒေသကနေပြီးတော့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေဟာ ဘာမျှသည်ကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်စရာအလျှဉ်း မရှိပါဘူး။ သည်ပြည်ထောင်စုနိုင်ငံတော်ထဲမှာ ကိုယ်ပါချင်မှ ကိုယ့်နယ် ဆိုင်ရာမှနေပြီးတော့ ပါချင်မှပါနိုင်တာပဲ။ သည်တိုင်းပြည်ပြုလွှတ်တော် မဖွဲ့ စည်းမီအခါမှာ တိုင်းပြည်ပြုလွှတ်တော် ဖွဲ့စည်းရန်အလို့ငှါ ကျနော်တို့သဘော တူညီချက်တွေ စာချုပ်အမျိုးမျိုးချုပ်တဲ့အခါတုန်းက တောင်တန်းဒေသ ကိုယ်စားလှယ်များနှင့် ကျနော်တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရဆိုလို့ရှိရင်ဖြစ်စေ၊ နောက်ပြီးတော့ တောင်တန်းဒေသဆိုင်ရာ စုံးစမ်းရေးအဖွဲ့ အစီရင်ခံစာမှ ထောက်ခံချက်များကို ကျနော်တို့ လက်ခံလာခဲ့သည့် အတိုင်းဖြစ်စေ၊ အဲသည်လို လက်ခံထားခဲ့သည့် စာသဘောတွင်မကဘဲ (Not only the letter of agreement) သည်စာသဘောကို ကျနော်သဘောတူညီလာခဲ့တာတွင် မကဘဲ၊ ကျနော်တို့အဘို့မှာဆိုလိုရှိရင် (The spirit of agreement) သဘောတူညီလာခဲ့တဲ့ တကယ့်အရင်ခံ သဘောတရားကို လက်ခံပြီးတော့၊ သည် အတိုင်းဘဲ သည်တိုင်းပြည်ပြု လွှတ်တော်မှာ လုပ်မှာပါဘဲဆိုတာ၊ တောင်တန်းနယ်ဆိုင်ရာ ကိုယ်စားလှယ်များ တိတိလင်းလင်း နားလည်စေချင်ပါတယ်။ ကျနော်တို့ပေးပြီးသားကတိ၊ နားလည်ပြီးသား သဘောတူညီချက်တွေကို၊ နယ်ချဲ့သမားတွေလို ကျနော်တို့ ဖောက်ဖျက်ခြင်းမလုပ်ပါဘူး။ သည်လို ပေးပြီးသား ကတိနှင့် နားလည်ပြီးသား သဘောတူညီချက်ကို ဖေါက်ဖျက်မည်လားလို့ သံသယရှိတဲ့လူတွေဟာ ဥက္ကဋ္ဌမင်း ခွင့်ပြုချက်အရပြောရလျင် ကျနော်တို့ ရဲ့ (Sensne of honour, Sense of self-respect, Sense of pride) တို့ကို စော်ကားတယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲသည်တော့ ကျနော်တို့ ပေးပြီးသားကတိ၊ နားလည်ပြီးသားသဘောတူညီချက်တို့အရ၊ တောင်တန်းနယ်က ကိုယ်စားလှယ်တွေဟာ တိုင်းပြည်ပြု လွှတ်တော်ထဲ ရောက်လာတဲ့အခါ သေသေချာချာနားလည်စေချင်တာက ဘယ်နည်းနှင့်မျှ ကျနော်တို့ဗမာ လူများစုဖြစ်တဲ့ လူတွေဟာ ခင်ဗျားတို့ကို အတင်းအားဖြင့် ကျနော်တို့ ပြည်ထောင်စုထဲမှာ မသွင်းပါဘူး။ သဘောမတူဘဲနေနိုင်တဲ့ အခြေအနေမျိုးကို လက်တလုံးကြား လိမ်တဲ့နည်းနှင့်လည်း ကျနော်တို့ မလုပ်ပါဘူးဆိုတာ အတိအလင်းနားလည်စေချင်ပါတယ်။”

ဤရှင်းလင်းချက်များက ပေါ်လွင်စေသည်မှာ မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံနေထိုင်သည့် အားလျော်စွာ လူမျိုးပေါင်းစုံ ပြည်ထောင်စု နိုင်ငံသာဖြစ်ရမည်။ ပြည်ထောင်စုများကို ပေါင်းထားသည့် ပြည်ထောင်စု ဖြစ်ရမည်ဟူ၍ ထပ်မံရှင်းလင်းထားသည်ကို တွေ့ရပေသည်။ ပြည်ထောင်စုတွင် ပါဝင်မည့် ပြည်နယ်များအနေဖြင့်လည်း လွတ်လပ်မူရှိပြီး မိမိ၏ဆန္ဒသဘော အလျောက်သာ ပါဝင်ရမည်။ အတင်းအကျပ်အားဖြင့် ပါဝင်စေခြင်းပြုလုပ်ရမည် မဟုတ်သည်ကိုလည်း ရှင်းလင်းထားပေသည်။ တဖန် ပင်လုံတွင်ချုပ်ဆိုခဲ့သော စာချုပ်စာတမ်း၏သဘောအရ၊ ၄င်းတောင်တန်းဒေသဆိုင်ရာ အစီရင်ခံစာမှ ထောက်ခံချက်များကိုသာမက၊ နှစ်ဦးနှစ်ဖက် သဘောတူညီ ချက်များကိုပါ ဖေါက်ဖျက်မည်မဟုတ်ကြောင်း၊ ရှင်းလင်းဖေါ်ပြထားပေသည်။

ဤရှင်းလင်းချက်၏အခြေခံအကြောင်းတရားများကိုနားလည်နိုင်ရန်အတွက် ပင်လုံစာချုပ်နှင့်တကွပင်လုံစာချုပ်တွင်မပါသော်လည်း ဗိုလ်ချုပ်နှင့် တိုင်းရင်း သားခေါင်းဆောင်များ ဆွေးနွေးခဲ့သည့် ဆွေးနွေးချက်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၏ တင်ပြချက်များ၊ အပြန်အလှန် သဘောတူညီချက်များ ကတိကဝတ်များကိုပါ နားလည်သဘောပေါက်ရန်လိုပေသည်။

ဗိုလ်ချုပ်နှင့် ရှမ်း၊ ကချင်၊ ချင်းစသည့် တိုင်းရင်းသားခေါင်းဆောင်များသည် ပင်လုံစားချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ပင်လုံစာချုပ်သည် သာမန် ရိုးရိုးရှင်းရှင်းစားချုပ်တခုမျှသာဖြစ်သည်။ ပြည်ထောင်စုဖွဲ့စည်းရေးဆိုင်ရာ အခြေခံအချက်အလက်များနှင့် လုပ်ပိုင်ခွင့်အာဏာများကိုမူ ပြည့် ပြည့်စုံစုံ ဖေါ်ပြထားခြင်းမရှိပေ။ ၄င်းစာချုပ်တွင် ဖေါ်ပြထားသည်မှာ ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ခြင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်း တို့သည် လွတ်လပ်ရေးကို ပိုမိုလျှင်မြန်စွာရလိမ့်မည်ဟု ယုံကြည်ကြသည် ဟူ၍ လည်းကောင်း၊ နယ်စပ်ဒေသများနှင့်ပတ်သက်၍ ဆောင်ရွက်ရန် တောင်တန်းဒေသများကိုယ်စားလှယ်တဦးခန့်ထားရေး၊ ထိုကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ၊ ကချင်ပြည်နယ်ဖွဲ့စည်းရေးကိစ္စနှင့် ဤစာချုပ်ကို အကြောင်းပြု၍ ရှမ်းပြည်နယ်၏ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးများကို မထိခိုက်စေရန်စသည့် အချက်များလောက်သာ ဖေါ်ပြထားပေသည်။

သို့ရာတွင် ပြည်ထောင်စုဖွဲ့စည်းရေးနှင့် သက်ဆိုင်သောအချက်များကိုကား တိုင်းရင်းသားခေါင်းဆောင်များ၏ တင်ပြချက်များ၊ ဆွေးနွေးချက်များနှင့် အပြန်အလှန်သဘောတူနားလည်မှုများ၊ ကတိကဝတ်များ အနေဖြင့်သာ ရှိနေကြပေသည်။ ထိုကြောင့် ဗိုလ်ချုပ်၏ ရှင်းလင်းချက်တွင်- “ကျနော်တို့ပေးပြီးသားကတိ၊ နားလည်ပြီးသော သဘောတူညီချက်တွေကို နယ်ချဲ့သမားလို ကျနော်တို့ ဖောက်ဖျက်ခြင်း မလုပ်ပါဘူး။ သဘောမတူဘဲ နေနိုင်တဲ့အခြေအနေမျိုးကို လက်တလုံးကြားလိမ်တဲ့နည်းနှင့်လည်း ကျနော် တို့မလုပ်ပါဘူး-” ဟူ၍ပင် ထပ်လောင်းကတိပြုခဲ့ပေသည်။

ပြည်ထောင်စု ပြည်နယ်များနှင့် ပတ်သက်၍လည်း အောက်ပါအတိုင်း ရှင်းလင်းထားသည်ကို တွေ့ရပေသည်-
“အဲသည် နိုင်ငံဟာလည်းသမတနိုင်ငံဖြစ်ရမယ်။ သမတစနစ်အရ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်ဖြစ်ရမယ်ဆိုတဲ့မူတွေ ထည့်ထားပါတယ်။ သည် နိုင်ငံတော်ဟာလည်း ပြည်ထောင်စုနိုင်ငံတော်ဖြစ်ရမယ်-”

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့် လမ်းညွန်ပြ ဌာန်းချက်(၂)တွင်- “ပြည်ထောင်စုနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သတ်မှတ်ဖေါ်ပြထားသည့် တသီးပုဂ္ဂလပြည်နယ်များပါဝင်စေလျက်” ဟု ပါရှိပါသည်။ ထိုအချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ်ရှင်းလင်းခဲ့သည်မှာ- “ကျနော်တို့သည် ပြည်ထောင်စုထဲမှာ ဘယ်နယ်ပယ်တွေ ပါမလဲဆိုတာကို သတ်မှတ်ရမည်။ အခု မသတ်မှတ်ရသေးဘူး၊ ပါချင်တဲ့နယ်တွေသာသတ်မှတ် ရမည်။ အခုမသတ်မှတ်ရသေးဘူး။ ပါချင်တဲ့နယ်မှ ပါကြပါဆိုတာ ရှင်းပါတယ်။ သို့သတ်မှတ်ဖေါ်ပြထားသည့် တသီးပုဂ္ဂလပြည်နယ်များသည်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ်ဖေါ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာများရှိစေရမည်။

ထိုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ နောက် ကျနော်တို့ အချင်းချင်း ဆွေးနွေး၊ တိုင်ပင်၊ ညှိနှိုင်းဆုံးဖြတ်ပြီးတဲ့နောက် သတ်မှတ် ဖေါ်ပြထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများလည်း ရှိလိမ့်မည်။ အဲသည်တော့သည်ကိစ္စမှာ ရှင်းလင်းနားလည်စေချင်တာက သည်လို ပြည်ထောင်စုနိုင်ငံတော်ထဲမှာ တသီးပုဂ္ဂလ ပြည်နယ်များဟာ ဘယ်ပြည်နယ်တွေလဲ ဆိုတာသည်အထဲမှာ မပါသေးဘူး။ ဘယ်နယ်တွေက ပါချင်လို့ ဘယ်နယ်တွေက မပါချင်ဘူးဆိုတာ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ် ဖေါ်ပြထားသည့် ပြည်နယ်များဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများ ရှိစေမယ်ဆိုတဲ့အတိုင်း၊ အဲသည် ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာတွေကို သတ်မှတ်ဖို့ လိုတယ်။ အထူးသဖြင့် တောင်တန်းနယ်ပယ် ကိုယ်စားလှယ်များနှင့် တိုင်ပင် ဆွေးနွေးပြီး လုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။

အဲသည်လိုလုပ်ပြီးမှ သဘောတူသည်ဖြစ်စေ၊ နောက်ဆုံး ဆုံးဖြတ် ချက်ကျသည်ဖြစ်စေ၊ အဲသည်လို ဆုံးဖြတ်ကြတဲ့အခါမှာ၊ သတ်မှတ် ဖေါ်ပြထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများကို သဘောတူကျေနပ်လို့၊ ဝင် လာတဲ့ပြည်နယ်များသာ ပါလိမ့်မယ်။ ပြည်ထောင်စုနိုင်ငံဆိုပြီး အဲသည်လို သဘောလောက်သာထည့်ထားတယ်။ ဘယ်နယ်ကိုမှ ကျနော်တို့ အတင်း ထည့်ထားတာ မဟုတ်ပါဘူး။”

ဤရှင်းလင်းချက်များအရဆိုပါက ပြည်ထောင်စု ဖွဲ့စည်းရာတွင် တသီးပုဂ္ဂလပြည်နယ်များနှင့် ဖွဲ့စည်းရမည်။ ထိုပြည်နယ်များတွင် ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာများရှိရမည်။ ထိုအာဏာများကိုပင်လျှင် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဆွေးနွေးဆုံးဖြတ်မည်။ ပြည်နယ်များ၏ လုပ်ပိုင်ခွင့် အာဏာများကို ဆုံးဖြတ်ချက်ကျပြီးပါမှ ထိုအချက်ပေါ်မှာ နှစ်သက်မှုရှိမှသာ ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် ပါဝင်နိုင်သည်။ မိမိသဘောဆန္ဒအရ မပါဝင်ဘဲလည်း နေနိုင်သည်များကို ရှင်းလင်းထားပေသည်။ ဤအချက်များကို ကြည့် ခြင်းအားဖြင့် ပြည်ထောင်စုပြည်နယ်များပါဝင်ရေးသည် အတင်းအကျပ် ပါဝင်စေခြင်းမရှိ၊ လွတ်လပ်ပြီးသဘောတူညီမှုရှိမှသာ ဝင်ရောက်နိုင်သည်ကို တွေ့ရပေမည်။ ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြည်ထောင်စုစိတ်ဓာတ်သည် လွတ်လပ်မှု၊ တန်းတူမှု၊ ဒီမိုကရေစီကျမှု၊ လူမျိုးများ၏ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိမှု၊ လူမျိုးစုလူနည်းစု၏ အခွင့်အရေးများကို အလေးအနက်ထား အသိအမှတ်ပြုမှု စသည့် အခြေခံမူများပေါ်တွင် တည်ပေသည်။

ဤသို့အားဖြင့် ဗိုလ်ချုပ်သည် မှန်ကန်သော အမျိုးသားရေးဝါဒနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပေါင်းစပ်ကာ အမျိုးသား သွေးစည်းညီညွတ်ရေးကို တည်ဆောက်ခဲ့၏။ တိုင်းရင်းသားလူမျိုးများပြဿနာကို ရှုမြင်သုံးသပ်ရာ တွင် လူမျိုးစွဲ၊ ဆန္ဒစွဲကင်းရှင်း၏။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ပကတိအခြေအနေများကို နိုင်ငံတကာအတွေ့အကြုံများနှင့် ပေါင်းစပ်ကာ စစ်မှန်သော ပြည်ထောင်စုမူတရပ်ကို ချမှတ်နိုင်ခဲ့၏။ တိုင်းရင်းသားလူမျိုးများ၏ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအသိအမှတ်ပြု၏။ စိတ်တူ၊ သဘောတူ၊ တန်းတူ ရည်တူမှုဖြင့် ပြည်ထောင်စုကိုတည်ဆောက်ခဲ့၏။ ဗိုလ်ချုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံကို စတင်တည်ထောင်ခဲ့သည့် အမျိုးသား ခေါင်းဆောင်ကြီးလည်း ဖြစ်ပေသည်။ ဗိုလ်ချုပ်၏ ပြည်ထောင်စုစိတ်ဓာတ်ကား ချီးကျူးလေးစားအပ်သည်။ စံပြုအတုယူလောက်ပေသည်။ ယနေ့ကာလသည်ကား ဗိုလ်ချုပ်၏ ကောင်းမြတ်သောစံနမူနာနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို လက်ကိုင်ထား ပြီး၊ အမျိုးသားသွေးစည်းညီညွတ်ရေးကို ပြန်လည်တည်ဆောက်ကြရမည့် အချိန်သမယဖြစ်ပေသည်။

အေးသာအောင်
အတွင်းရေးမှူး
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ

Read More...

ကယားပြည်နယ် - ပြည်ထောင်စုနှင့် လွတ်လပ်ရေး။

CRPP ၏ (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများစာအုပ် ကောက်နုတ်စာ။

ကယားပြည်နယ် - ပြည်ထောင်စုနှင့် လွတ်လပ်ရေး
(ကယားအမျိုးသားပုဂ္ဂိုလ်ကြီးတဦး၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားချက်ကို မြန်မာဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်သည်)

ကရင်နီလူမျိုးစုသည် ကရင်အမျိုးသာများ၏ အဆက်အနွယ်လူမျိုးစုဖြစ်သည်။ ကရင် (ကရင်နီလူမျိုးစုများ အပါအဝင်) အမျိုးသားတို့သည် မော်ဂိုလီယံလူမျိုးများ၏ အဆက်အနွယ်များဖြစ်သည်ဟု ယူဆရသည်။ တောင်ဘက်အရပ် ရှမ်းပြည်ဘက်သို့ ပြောင်းရွှေ့လာကြပြီး ရှမ်းပြည်ဒေသ၏ အရှေ့ပိုင်းတွင် အခြေစိုက် နေထိုင်ကြသည်။ ထိုဒေသ၏တောင်ပိုင်း၌ ကရင် များကလည်းကောင်း၊ မြောက်ပိုင်းတွင် ကရင်နီများ ကလည်းကောင်း၊ ကနေ့ထက်တိုင် အခြေစိုက်နေထိုင်လျက်ရှိကြသည်။ ကရင်နီဒေသတွင် ကရင်နီ (ခေါ်) ကယားနှင့် ကယန်း (ခေါ်) ဂဲခို၊ ဂဲဂါး၊ ဃခူ၊ ဃငန်၊ ကယောနှင့် မနူး လူမျိုးစုများ နေထိုင်သည်။

ကရင်နီလူမျိုးများသည် ၄င်းတို့ကို ကယား (သို့မဟုတ်) ပရားကြယား (PRA-KAYAS) ဟု ခေါ်ကြသည်။ မြန်မာဘုရင်များလက်ထက်တွင် ကရင်နီဒေသ၌ နယ်မြေ (၅)ခု ရှိ သည်။ နယ်မြေတခုစီကို စောဖျားဒူ ဟုခေါ်သည့် အကြီး အကဲများကအုပ်ချုပ်ခဲ့ကြသည်။ ထိုခေတ်မတိုင်မီက ကရင်နီနယ်မြေဒေသကို တဦးတည်းသောအကြီးအကဲများကအုပ်ချုပ်ခဲ့ကြသည်။ ၄င်းအား ဘူးဖေါ် (BU-HPAW) ဟု ခေါ်ဝေါ်ကြပြီး၊ လူထုက ကြည်ညို လေးစားခြင်းခံရသည်။ “ဘူးဖေါ်”၏ အဓိပ္ပါယ်မှာ “စပါးကျီ”ဖြစ်သည်။

ထိုနောက် ဖားဘန့် (HPA BANT) ဟုခေါ်တွင်သော အကြီးအကဲ ခေတ်၌ ကရင်နီနယ်ဒေသ၏ အရှေ့ပိုင်း နယ်မြေဒေသကို စောလဖွေ (SAW LA PHAW) အား အုပ်ချုပ်စေရန် ခွဲဝေပေးလိုက်သည်။ HPA BAUT သို့မ ဟုတ် HPAW BANT ဟု လည်း ခေါ်ဝေါ်ပြီး HPAW သို့မဟုတ် “ဖွ” သို့မဟုတ် “ဖွေ”၏ အဓိပ္ပါယ်မှာလည်း “စပါးကျီ” ဖြစ်ပါသည်။

အနောက်ပိုင်းနယ်မြေဒေကိုမူ ဘောလခဲ (BAWLKEH, ALSO CALLED BOOT-TA-KHT) ကြယ်ဘိုးကြီး (KE-PO-GEE)၊ နောက်ပုလဲ (NAUNG-PA-LE)၊ နာမ်ခုံ (NAM-ME-KON) ဟု ဒေသငယ်များဖြင့်ခွဲခြား လိုက်သည်။

စောလဖေါသည် မင်းတုန်မင်းနှင့် သီပေါဘုရင်များထံတွင် လေးစားစွာသစ္စာခံယူသည်။ ဗြိတိသျှကိုလိုနီနယ်ချဲ့ တပ်များကို တွန်းလှန် တိုက်ခိုက်ခဲ့ သည်။ သို့သော် အရေးနိမ့်သဖြင့် ၄င်း၏ လက်အောက် စောလဝီ (SAW LA WE) (ကယားဘာသာအားဖြင့် ဝီရဲ WEE-REH ဟုခေါ်သည်) အား ၄င်း၏အကြီးအကဲရာထူးကို လွှဲပြောင်းပေးလိုက်သည်။

ဗြိတိသျှကိုလိုနီနယ်ချဲ့တို့ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး နောက်၌ မြန်မာနှင့် ကိုလိုနီနယ်ချဲ့ အာဏာပိုင်များတို့က ကရင်နီနယ်မြေ ဒေသကို သက်ဆိုင်ရာအကြီးအကဲများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာ များပေးကာ အုပ်ချုပ်စေရန် သဘောတူညီခဲ့ကြသည်။

ဗြိတိသျှကိုလိုနီနယ်ချဲ့ခေတ်၌ နာမ်မဲခုံနှင့် နောက်ပုလဲဒေသများကို ဘောလခဲနှင့် ပူးပေါင်းပြီး၊ ဘောလခဲ အကြီးအကဲ၏ အုပ်ချုပ်မှု အောက်သို့ လွှဲပေးလိုက်သည်။ သို့နှင့် မြောက်ပိုင်းဘောလခဲဒေသသည် ကြယ်ဘိုးကြီး ဒေသမြောက်ဖက်တွင် ရှိလာသည်။ (ဤနေရာတွင် မှတ်ချက်ပြုရန်လိုအပ်ပါသည်။ ကရင်နီဒေသတွင် အဓိကအားဖြင့် ကန္တာရဝတီဒေသ (အရှေ့ပိုင်း ကရင်နီဒေသေ)နှင့် ဘောလခဲဒေသ (အနောက်ပိုင်း)တို့ ပါဝင်သည်။ သို့သော် ဘောလခဲဒေသတွင် အလယ်၌ ကြယ်ဘိုးကြီးဒေသကို ဖွဲ့စည်းလိုက်သော ကြောင့် မြောက်ဘောလခဲ၊ တောင်ဘောလခဲဟုဖြစ်လာသည်။ တောင်နှင့် မြောက် ဘောလခဲဒေသကို အကြီးအကဲတဦးကသာ အုပ်ချုပ်သည်။ သို့ဖြင့် ကရင်နီနယ်မြေဒေသတွင် ကန္တာရဝတီ၊ ဘောလခဲနှင့် ကြယ်ဘိုးကြီးနယ်မြေ ဒေသများ ပါဝင်သည်။ နယ်မြေဒေသတခုစီကို စောဖြာဒူး (SAO-HPYA-DU) ဟုခေါ်သည့် အကြီးအကဲတဦးစီက ဗြိတိသျှလက်ထောက်နိုင်ငံခြားရေး အရာရှိတဦး၏ အကြံဉာဏ်ကို ရယူပြီး အုပ်ချုပ်ကွပ်ကဲရသည်။

(ဤနေရာတွင် ဖါးကန့်အကြောင်းအရာ၊ နာမ်မဲခုံနှင့်နောက်ပုလဲ နယ်မြေဒေသများအား ဘောလခဲနှင့် ပူးပေါင်းသည့် အကြောင်းများနှင့် ပတ်သက်၍ ဤသို့ မှတ်ချက်ရေးသားထားသည်။ ဖါးကန့်နာမည်သည် ဖေါဘန့်ဖြစ်နိုင်သည်။ “ဖေါ” အဓိပ္ပါယ်က “ကျီ-စပါးကျီ”ဖြစ်သည်။ လမ်း ပမ်းဆက်သွယ်မှု တောတောင်ထူထပ်မှု ကြမ်းတမ်းမှုများကြောင့် အုပ်ချုပ်သူ ဖါးဘန့်ကခွဲဝေသွားပုံဖြစ်ဟန်တူသည်။ တနည်းအားဖြင့် ဖယ်ဒရယ်သဘော ပုံအသွင်တူသည်။ အင်္ဂလိပ်ခေတ်က နာမ်မဲ့ခုန်နှင့် နောက်ပုလဲတို့တွင် ရိုးရာ ဓလေ့အရ အုပ်ချုပ်ရေးအမွေဆက်ခံမည်လူ မရှိသဖြင့် အများနယ်သူနယ်သားဆန္ဒ မေးမြန်းပြီး၊ ဘောလခဲစော်ဘွား လက်အောက်ခံ ဖြစ်ခဲ့ခြင်းသည် ဒီမိုကရေစီ စတင်ပေါက်ဖွားလာသည်ဟု ခေါ်နိုင်လောက်သည်။)

ကရင်နီဒေသတွင် သယံဇာတပေါကြွယ်ဝသည်။ ရာသီဥတုနှင့်ဘူမိ ဗေဒအခြေအနေများအရ အရည်အသွေးကောင်းသည့် ဓာတ်သတ္တုများနှင့် အနက်စင်းရှိသည့် ကျွန်းသစ်များ လာရောက်ထုတ်ယူ ဝယ်ယူကြသဖြင့် ဘောလခဲနှင့် ကန္တာရဝတီ နယ်မြေဒေသများမှ အကြီးအကဲများသည် အခွန် အကောက်များ ရရှိကြသည်။

ကရင်နီနယ်မြေဒေသကို လန်ဒန်ရှိ ပြည်ထဲရေးဝန်ကြီးဌာနမှတိုက် ရိုက်အုပ်ချုပ်သည်ဆိုပါသော်လည်း ပြည်နယ်ငွေစာရင်းများကို ရှမ်းပြည်၊ တောင်ကြီးရှိ ဗြိတိသျှအရေးပိုင် (RESIDENT) က ထိန်းသိမ်းထားသည်။ ထို့ကြောင့် ကရင်နီနယ်သည် ဗြိတိသျှ အုပ်ချုပ်မှုခေတ်တွင် ကာကွယ်စောင့်ရှောက်ခံ (PROTECTORATE STATE) နယ်မြေဒေသဖြစ်သည်။

ဂျပန်အုပ်ချုပ်ရေးခေတ်သို့ ပြောင်းလဲရောက်ရှိလာသည့်အခါ ကရင်နီနယ်မြေဒေသ၏ နိုင်ငံရေးနှင့် စီးပွားရေးကိစ္စများကို ရန်ကုန်ရှိ ဂျပန် အုပ်ချုပ်ရေးဗဟိုအဖွဲ့က တိုက်ရိုက်ကိုင်တွယ်စီမံသည်။ ဤနေရာတွင် ဖော်ပြလိုသည်မှာ (၁၉၄၅)ခုနှစ် ဂျပန်စစ်တပ်များ ဆုတ်ခွာကြသည့်အခါ ကယန်း၊ ပဒေါင်းများနှင့် ကယန်း၊ ဃငန်းတို့က မောင်းပိုင် သို့မဟုတ် မုန်းပိုင် သို့မဟုတ် မိုးဗြဲနယ်မြေဒေသနှင့် ဘောလခဲ မြောက်ပိုင်းဒေသတို့ရှိ ဗြိတိသျှ ပြောက်ကြားတပ်အဖွဲ့အမှတ် (၁၃၆)နှင့်ပူးတွဲ၍ ဂျပန်တပ်များကို တော်လှန် တိုက်ခိုက်ခဲ့သောကြောင့် ဂျပန်များ မြောက်များစွာသေကြေ၊ ဒဏ်ရာရ ထိခိုက်ခြင်းခံကြရသည်။ တော်လှန်ရေးခေါင်းဆောင်မှာ ပဒေါင်အမျိုးသား သိုင်းဘဟန်ဖြစ်သည်။ ဤပုဂ္ဂိုလ်၏ဇာတိဌာနမှာ မုန်းပိုင်း(မိုးဗြဲ) (ထိုအခါက ရှမ်းပြည်နယ်တွင်ပါဝင်နေခဲ့သည်) ဖြစ်သည်။ (မှတ်ချက်။ ။ မုန်းပိုင် (MONG PAI) ကို ရှမ်းဘာသာဖြင့် မုန်းဖိုင်းဟု ခေါ်ဝေါ်ပြီး မိုးဗြဲဟုအများသိကြသည်။ မိုးဗြဲကို ရှမ်းစော်ဘွားက အုပ်ချုပ်ခဲ့သည်။ လူဦးရေ (၉ဝ) ရာခိုင်နှုန်းခန့်မှာ ကယန်းလူမျိုးများဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ပဒေါင်သိုင်းဘဟန်၏ မျိုးချစ်စိတ်နှင့် တော်လှန်ရေးစိတ်ဓာတ်ကို ကြားသိရသောအခါ ၄င်းပုဂ္ဂိုလ်ကြီးအား ပြည်ထောင်စုမြန်မာနိုင်ငံတော်ထဲသို့ ကရင်နီနယ်မြေဒေသ ပါဝင်လာစေရေးအတွက် စည်းရုံးရန် တာဝန်ပေးအပ်ခဲ့ပါသည်။ မူလ ကရင်နီခေါင်းဆောင် အချို့က ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ပူးပေါင်းရန် ဆန္ဒမရှိ။ တုံ့ဆိုင်းနှေးကွေး နေကြသည်။ စိတ်ပါလက်ပါ မရှိကြပေ။ (မူလ ကရင်နီခေါင်းဆောင်များဖြစ်သည့် ဦးစောသိန်း၊ ဦးဘီ၊ ဦးကိလဘာရာဆူတို့သည် ကရင်နီဒေသ၏ ကိုယ်စားလှယ်များ ဖြစ်ကြသည်။ နောက်ပိုင်းတွင် ကရင်နီခေါင်းဆောင်များမှာ ဦးအေမြလေး၊ ဦးစိန်၊ စော်ဘွားစောရွှေ၊ မြို့အုပ် ဦးလွီးဖီ တို့ဖြစ်ကြပြီး၊ ပြည်ထောင်စုနှင့် ပူးပေါင်းကြသည်။) ပင်လုံညီလာခံသို့လည်း တက်ရောက်ခြင်း မရှိသည့်ပြင် ပင်လုံစာချုပ်တွင်လည်း လက်မှတ် ရေးထိုးခဲ့ခြင်းမရှိခဲ့ပေ။ သို့ သော် အခြားတဖက်တွင် သိုင်းဘဟန်သည် အခြားကရင်နီခေါင်းဆောင်များအား မြန်မာနိုင်ငံနှင့် ပူးပေါင်းရန် စည်းရုံးကြိုးပမ်းမှုကို (၁၉၄၈)ခုနှစ်၊ လွတ်လပ်ရေးမရရှိသေးမီ အချိန်ကလေးမှာပင် အောင်မြင်မှုရရှိလိုက်သည်။ ကယန်း၊ ပဒေါင် မျိုးချစ်ကြီးဖြစ်သူ သိုင်းဘဟန်(နာမည်ရင်း ဦးဂျူးလီးယပ်(စ်) သိုင်းဘဟန်)အား ဗြိတိသျှတို့က အမ်ဘီအီး ဘွဲ့ကိုပေးသော်လည်း လက်မခံခဲ့ပေ။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းက ၄င်းအား ရဲဘော်တဦးတယောက်အဖြစ် ချီးကျူးဂုဏ်ပြုသော စာကိုမူ ဝမ်းမြောက် ဝမ်းသာ လက်ခံသိမ်းဆည်းထားသည်ဟု သိရသည်။

မြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိပြီးသောအခါ သိုင်းဘဟန်၏ မိုးဗြဲ (မုန်းပိုင်း-မုန်းဖိုင်း)ဒေသကို ကရင်နီနယ်မြေဒေသတွင်းသို့ ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေအရပူးပေါင်းလိုက်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး နောက်တွင် ကရင်နီနယ်မြေဒေသ၌ ဖဆပလအစိုးရအဖွဲ့ပိုင်းနှင့်ကေအင်ဒီအို အဖွဲ့ပိုင်းတို့ ပဋိပက္ခဖြစ်ခဲ့ကြသည်။ နောင်တွင် ဤပဋိပက္ခသည် မြန်မာနိုင်ငံအတွင်းသို့ ပြန့်နှံ့သွားသည်။

မြန်မာနိုင်ငံအခြေအနေကောင်းမွန်လာပြီး တည်ငြိမ်လာသည့်အခါ ကရင်နီရေးရာဝန်ကြီးဌာနကို ကရင်နီပြည်နယ်ဟု သတ်မှတ်လိုက်ပြီး၊ ကရင်နီ ဟူသောဝေါဟာရမှ “ကယား”အမည်သို့ ပြောင်းလဲခေါ်တွင်သည်။ ဤ နေရာတွင် ဖေါ်ပြလိုသည်မှာ သိုင်းဘဟန်သည် အချိန်မရောက်မီကွယ်လွန် သွားပြီးနောက် ၄င်း၏ ဇာတိနယ်မြေဒေသဖြစ်သည့် မုန်းပိုင်(မိုးဗြဲ) ဒေသကို ကယားပြည်နယ်မှ ရှမ်းပြည်နယ်သို့ ထည့်သွင်းပေးလိုက်သည်။ သိုင်းဘဟန် သည် ကိုယ်ရောစိတ်ပါ မိမိ၏နယ်မြေဒေသ အကျိုးအတွက် အထူးတလည် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

နိုင်ငံရေးကိစ္စများကို နိုင်ငံရေးနည်းလမ်းအရ လူပ်ရှားမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ နည်းဗျူဟာများသည် နှေးကွေးခြင်းမှ မြန်ဆန်သော အပြောင်းအလဲများ၊ စိတ်ဓာတ်ကျဆင်းစရာမှ ချမ်းသာပျော်ရွှင်မှုများ၊ သံသယများမှ ယုံကြည်မှုများ၊ ခွင့်လွှတ်မှု၊ ချစ်ကြည်လေးစားမှု များကို ဖေါ်ထုတ်နိုင်မည်ဖြစ်သည်။ ၄င်းပြင် တဦးနှင့်တဦး ယုံကြည်စွာ နားလည်မှုတည်ဆောက်ကြကာ ငြိမ်းချမ်းစွာ ကြိုးပမ်း ဆောင်ရွက်မှုများဖြင့် (တိုင်းပြည်)စည်ပင်သာယာဝပြောမည်။

ကရင်နီများ တွေ့ကြုံဖြတ်သန်းခဲ့ရသော အဖြစ်အပျက်များမှ သို့ မဟုတ် သမိုင်းသင်ခန်းစာရယူမိသည်မှာ လက်နက်ကိုင်စွဲခြင်းအားဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်၍ မရရှိနိုင်။ တဦးနှင့်တဦး ခွင့်လွှတ်ပြီး အတူတကွ နားလည် ချစ်ကြည်မှု တည်ဆောက်ကြမှသာ စည်လုံးညီညွတ်မှုကို ရရှိကာ ကောင်းမွန်သော လူ့ဘဝကိုရရှိပြီး အနာဂတ်အတွက် အကျိုးဖြစ်ထွန်းစေမည်သာဖြစ်သည်။ ။

ကယားအမျိုးသားတဦး

Read More...

ကရင်နှင့်ပြည်ထောင်စုစိတ်ဓာတ်၊ စောကညော်။

CRPP ၏ (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများစာအုပ် ကောက်နုတ်စာ။

ကရင်နှင့်ပြည်ထောင်စုစိတ်ဓာတ်၊ စောကညော်။

လူမျိုးအမည်
“ကရင်”ဟူသောအမည်ကို မြန်မာတို့က တိုင်းရင်းသားလူမျိုးများ ကိုòခံ၍ခေါ်သောအမည်ဖြစ်ပေသည်။ ရှေးအခါက မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ ကြသော- ပျူ၊ ကမ်းယံ၊ သက်ဟူသည့် လူမျိုး သုံးမျိုးအနက် ကမ်းယံ ဟု ခေါ်သောလူမျိုးအမည်မှ ကရင်ဟူသော အမည်သို့ ပြောင်းလဲခေါ်ဆိုလာသော အမည်ဖြစ်သည်ဟု ဆာအာသာဖယ်ယာ (Sir Arthur Phayre) က တင်ပြခဲ့သည်။

မွန်လူမျိုးတို့က တိုင်းရင်းသား ကရင်လူမျိုးတို့အား အရိရန် (အရောင်) ဟု ခေါ်ဆိုကြသည်။ ရှမ်းလူမျိုးတို့ကမူ ကရင်လူမျိုးများအား (ယန်) ဟု ခေါ်ဆိုကြကာ၊ ပအို့ဝ်(တောင်သူ)တို့ကမူ (ဂျော့က်)ဟု ခေါ်ဆို ကြသည်။ မြန်မာကရင်- စဝှော်(စကော) ကရင် တို့သည် မိမိတို့ကိုယ်ကို (ပွာကညော) ဟုခေါ်ဆိုကြသည်။ (ပွာကညော)ဟူသော ဝေါဟာရမှာ မြန်မာဘာသာဖြင့် (လူ)ဟူသော အနက်ကိုဆောင်သည်။ မွန်ကရင်-ရှို (ပိုး) ကရင်တို့သည်မိမိကိုယ်ကို (ဖံ္လု)ဟုခေါ်ကြသည်။ (ဖ္လု)ဟူသော ရှို(ပိုး) ကရင် ဝေါဟာရမှာ (လူ)ဟူသော မြန်မာဘာသာအနက်ကိုပင် ဆောင်ပေသည်။

အင်္ဂလိပ်နှင့် နိုင်ငံတကာတို့ကမူ ကရင် (KARIN) ဟူသော အသံထွက်ကို KAREN ဟု ရေးသားခေါ်ဆို အသိအမှတ်ပြုကြသည်။ လက်ရှိစစ် အစိုးရကမူ ကရင်အမည်ကို R မှ Y သို့ပြောင်း၍ KARIN ကို KAYIN ဟူ၍ ပြောင်းလဲထားသည်။ ကရင်ဟူသော စားလုံးပေါင်းကို “ကယင်” ဟူ သော စာလုံးပေါင်းသို့ ထပ်မံ၍ ပြောင်းလဲခြင်းမပြုရန် အထူးသတိပြုကြရမည်။ ကရင်လူမျိုးအမည်ကို KAREN ဟူ၍စာလုံးပေါင်းကို ကရင်တမျိုးသား လုံးကလက်ခံ၍ ကမ္ဘာ့နိုင်ငံများကလည်းအသုံးပြုနေသည်ကိုတွေ့ရှိရပါသည်။
(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ထုတ်ဝေသော တိုင်းရင်းသား(ကရင်)စာအုပ်မှ)

လူမျိုးအစနှင့်မျိုးနွယ်ဆက်သွယ်ပုံ
ကရင်လူမျိုးများကို တိုင်းတပါးသားများက “ဟေဗြဲ”အမျိုးအနွယ် ဟူ၍လည်းကောင်း၊ ဗြဟ္မာပုထရန် စကားအုပ်စုဝင်များ အဖြစ်လည်းကောင်း၊ တိတ် (သို့မဟုတ်)တုတ်တို့မှဆင်းသက်လာသည်ဟူ၍လည်းကောင်း၊ ကော်ကေးရှပ်ဒေသမှ ဆင်းသက်လာသည် ဟူ၍လည်းကောင်း၊ မူလတိုင်းရင်း သားများဖြစ်သည်ဟူ၍လည်းကောင်း၊ ထိုင်းတရုတ်အနွယ်မှ ဆင်းသက်လာ သည်ဟူ၍လည်းကောင်း အဆိုပြုကြသည်။ (၁၉၁၆)ခုနှစ် မြန်မာနိုင်ငံရှေးဟောင်း ကဗျည်းကျောက်စာသုတေသနအစီရင်ခံစာတွင်မူ ကရင်လူမျိုးများအား မြန်မာ့သမိုင်းများ၌ ဖော်ပြခဲ့သော ကမ်းယံလူမျိုးများနှင့်လည်းကောင်း၊ ယူနန်နယ်ရှိ “ယောဝ်” နှင့် “မြောင်”လူမျိုးများနှင့်လည်းကောင်း မျိုးနွယ် ဆက်သွယ်ကြောင်း ဖော်ပြပါရှိပါသည်။

ကရင်လူမျိုးတို့၏ ထားစိပ ခေါ် ရှေးဗျာဒိတ်လင်္ကာများနှင့် ပုံပြင်များတွင်မူ အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်။
ထီးလဲခလယ်ဆဲ့လမြဲ့ယွါး
မေပထီနော်ပကေါ်သာ့
ထီးလဲခလယ်ဆဲ့လမြဲ့တော
မေ့ပထီးတောပကော်တော
ထီးလဲခလယ်ဆဲ့လမြဲ့ယွါး
မေ့ကညောထီးကော်နော်သာ့
ထီးလဲခလယ်ဆဲ့လမြဲ့ဘော
ပွာကညောထီးတောကော်တော
ထီးဆဲ့မဲ့ယွားကော်အတော
အိုလဲဆာကဆောတခွေ
ထီးဆမြဲ့ဘောကော်မုလား
အိုလဲဆာဆောတကပါး
နမေလယ်ဆူးဆာကဆော
နကတူထီးဆဲ့မဲ့ဘော
မေတူဆာကဆောဖွေလာ့
ဖဲနေမေထီးဆဲ့မဲ့ယွား
(စောအောင်လှ၏ ကရင်ရာဇဝင်စာအုပ်မှ)

အထက်ပါ ထားစိပတွင် ဖေါ်ပြချက်အရ၊ ကရင်တို့၏ မူရင်းဒေသ သည် သဲကိုရေထိုး၍ ရေးထိုးသဲစီးဒေသဖြစ်ပြီး ထိုဒေသသည် ခုနစ်စဉ်ကြယ် အောက်တွင် ရှိကြောင်း ဖေါ်ပြချက်ဖြစ်သည်။

ကရင်လူမျိုးတို့၏ မူရင်းဒေသမှာ အာရှတိုက်အလယ်ပိုင်း တရုတ် ပြည်၏ အနောက်ဘက်ရှိ မြင့်မားသော တောင်တန်းကြီးများ ခြံရံသည့် ကုန်းပြင်မြင့်မားသော တောင်တန်းကြီးများခြံရံသည့် ကုန်းပြင်မြင့်ကြီးဟု ယူဆကြသည်။ ထိုကုန်းပြင်မြင့်ကြီးအရှေ့ပိုင်းတွင် မြစ်ဖျားခံသော မဲခေါင်မြစ် နှင့် သံလွင်မြစ်နှစ်သွယ်ကြားမှာ ခရစ်နှစ်အစပိုင်းလောက်မှစတင်၍ တရွေ့ ရွေ့ဆင်းသက်နေထိုင်ခဲ့ကြသည်။

သို့ဖြစ်ပါ၍ ကရင်တို့သည် ထီးဆဲ့မဲ့ယားဟူသော မူရင်းဒေသမှ မဲခေါင်မြစ်နှင့် သံလွင်မြစ်ကြောင်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ ဆင်းသက်လာပြီး၊ အေဒီ-ခုနှစ်ရာစုနှင့် ရှစ်ရာစုခန့်တွင်ဝင်ရောက်လာသည့် မွန်ဂိုလူမျိုးအနွယ်ဖြစ်ကြောင်းသမိုင်း မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။ ကရင်လူမျိုးများအနေနှင့် မိမိတို့ဝင်ရောက်အခြေချသည့် နှစ်ကို ဘီစီ (၇၃၉) ဟူ၍ အတည်မှတ်ယူကြသဖြင့် ယခုခရစ်နှစ် (၂ဝဝဝ) (AD 2000) သည် ကရင်နှစ် (၂ဝဝဝ - ၇၃၉) = ၂၇၃၉ (KE 2739) ဖြစ်၍ ကရင်နှစ်(၂၇၃၉)နှစ်၏ နှစ်သစ်မင်္ဂလာပွဲတော်ကို ပျော်ရွှင်သိုက်မြိုက်စွာကျင်းပ ပြုလုပ်ကြသည်။

ကရင်အမျိုးသားတို့၏ လူနေမှုဘဝအတွက်ရုန်းကန်မှု
ကရင်တို့သည် အုပ်စုနှစ်စုခွဲ၍ ဤနိုင်ငံအတွင်းသို့ ဝင်ရောက် အခြေချပြီး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုသာ အသက် မွေးဝမ်းကြောင်း ပြု၍ ရိုးသားစွာဖြင့် လုပ်ကိုင်စားသောက်ကြသည်။ ထိုသို့ဖြစ်၍လည်း သမိုင်း မှတ်တမ်းများတွင် မတွေ့ရှိရပဲ၊ ခရီးအရောက်အပေါက် နည်းပါးခက်ခဲသော တောင်တန်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသရှိ တောတောင် ðခံနွယ်များ ထူထပ်သောဒေသများတွင် အခြေချ နေထိုင်ကြသည်။

(၁၈၈ဝ)ပြည့်နှစ် ပတ်ဝန်းကျင်မှစတင်ခဲ့သော ကိုလိုနီခေတ်သို့ ရောက်ရှိသောအခါ သာသနာပြုများ ထူထောင်ပေးသည့် ကျောင်းများတွင် ရိုးသားသောကရင်လူငယ်များ ပညာသင်ကြားခွင့်ရရှိကြသဖြင့် နိုင်ငံအကျိုး ပြုလုပ်ငန်းများတွင် ပါဝင်နိုင်ခဲ့ကြသည်။ (၁၈၈၁)ခုနှစ်သို့ ရောက်ရှိသောအခါ “ဒေါကလု”ခေါ် ကရင်အမျိုးသားအသင်းကြီး (Karen National Association) ကို ကရင်အမျိုးသား ခေါင်ဆောင်ကြီး ဒေါက်တာထီသံပြာက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး၊ ကရင်အမျိုးသားတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ လူမှုရေး စသည့်တို့ ကြီးပွားတိုးတက်လာအောင် ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်ပေးခဲ့သည်။ အထူးသဖြင့် ကရင်အမျိုးသားများအတွက် တက်သစ်စနေဝန်း ပါရှိသော ကရင်အမျိုးသားအလံတော်နှင့် ကရင်အမျိုးသားနေ့ (ကရင် နှစ်သစ်ကူးနေ့)နှင့် ကရင်ယဉ်ကျေးမှုရေးရာများကို အကောင်အထည်ဖေါ် ပေးခဲ့သည်။

ကရင်အမျိုးသားတို့သည် ဖြောင့်မတ်ခြင်း၊ တာဝန်ကျေပွန်စွာ ဆောင်ရွက်လေ့ရှိခြင်း၊ နာခံတတ်ခြင်း၊ မိတ်ဆွေသင်္ဂဟများကို ချစ်ခင်ဖေါ်ရွေ ခြင်းစသော ဂုဏ်များကြောင့် ကိုလိုနီခေတ်တွင် သစ္စာရှိကရင်များအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ အထူးသဖြင့် နိုင်ငံအကျိုးပြုလုပ်ငန်းများဖြစ်သော တပ်မတော်၊ ရဲ၊ သူနာပြု၊ ကျောင်းဆရာ၊ အလုပ်အကိုင်များတွင် အများအပြား ဝင်ရောက် လုပ်ကိုင်ကြသည်။

ကရင်အမျိုးသားများနိုးကြားလာမှု
“ဒေါကလု”အသင်းကြီးသည် ကရင်လူထုအတွက် လုပ်ငန်းအများ အပြားဆောင်ရွက်ခဲ့သည့်ကာလတွင် ခေါင်းဆောင်များအနေနှင့် ဒေါက်တာ ထီသံပြာ၊ ဆာဒေါက်တာစံစီဖိုး၊ သရာဒိုစံဘော်တို့သည်အထူးထင်ရှားကျော် ကြားသောပုဂ္ဂိုလ်များဖြစ်ခဲ့ကြသည်။
သို့ရာတွင်”ဒေါကလု”အသင်းကြီး၏ နောက်ဆုံးဥက္ကဋ္ဌဖြစ်သူ ဝတ်လုံတော်ရ စောဘမောင်လက်ထက်သို့ ရောက်ရှိသောအခါ ဖက်ဆစ်တို့ဝင်ရောက်လာပြီး တိုင်းရင်းသားအချင်းချင်း အရေး အခင်းများဖြစ်ပေါ်ခြင်း၊ဒုတိယကမ္ဘာစစ်ကြီးဝင်ရောက်လာခြင်း၊ ဥက္ကဋ္ဌဖြစ်သူ ဝတ်လုံတော်ရစောဘမောင်ကွယ်လွန်ခြင်း ကရင်ခေါင်းဆောင်ကြီးများလည်း အသက်အရွယ်ကြီးရင့်ကုန်ခြင်းတို့ကြောင့် အသင်းကြီး၏ လုပ်ငန်းအရပ်ရပ်လည်း ရပ်ဆိုင်းသွားလေတော့သည်။

(၁၉၄၂-၄၅)အထိ ဂျပန်ခေတ်တွင် မြန်မာနိုင်ငံအခြေအနေသည် အလွန်ဆိုးဝါးလျက် နိုင်ငံသူနိုင်ငံသားများ အတိဒုက္ခ ရောက်ခဲ့ကြရသည်။ ဂျပန်တို့ခန့်အပ်သော ဒေါက်တာဘမော်အဓိပတိအဖြစ် တာဝန်ထမ်းဆောင်သည့်ကာလအတွင်းတွင် တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေးအတွက် ကရင်လူကြီးများကို ဖိတ်ကြားပြီး၊ ကော်မတီတရပ်ဖွဲ့စည်းပေးခဲ့သည်။ ထို ကော်မတီ (၁၅)ဦးအဖွဲ့တွင် ထင်ရှားသောသူများမှာ ဆာဒေါက်တာစံစီဖိုး၊ စောဘဦးကြီး၊ သရာသာထို၊ မန်းဘခင်၊ ဆရာစောသာဒင်၊ စောဖိုးချစ်၊ စောပါဒွဲ၊ စောဆဒ္ဓဲနီလူနီ အစရှိသော ကရင်ခေါင်းဆောင်များ ပါဝင်ပြီး အမြဲတမ်းကိုယ်စားလှယ်အဖြစ် သရာသာထိုက ဆောင်ရွက်ခဲ့သည်။

ဖက်ဆစ်တို့၏ စော်ကားရမ်းကားမှုကို ခံနေရသော ပြည်သူလူထု လွတ်မြောက်ရေးအတွက် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့်တပ်များနှင့် မဟာမိတ်တို့ပူးပေါင်းပြီး၊ ဖက်ဆစ်တို့ကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်။ မဟာမိတ်တပ်များတွင် ကရင်လက်နက်ကိုင်အမြောက်အမြား ပြန်လည်ပါဝင်ရောက်ရှိလာကြသည်။ အထူးတပ်ရင်း(၁ဝ၁)တွင် ကရင်အမျိုးသား အများအပြားပါဝင်၍ အလွန်ထင်ပေါ်ခဲ့သည်။

(၁၉၄၆)ခုနှစ်သို့ရောက်ရှိ၍ အုပ်ချုပ်ရေးစံနစ်ပြန်လည်ဖေါ်ဆောင် ရာတွင် အင်္ဂလိပ်တို့က ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် အစိုးရ အဖွဲ့ကို ဖွဲ့စည်းထားပေးခဲ့ရာ ဝတ်လုံတော်ရစောဘဦးကြီးသည် ပြန်ကြားရေးဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၄င်းနောက် မန်းဘခိုင်သည်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ အစိုးရအဖွဲ့တွင် ဝန်ကြီးတဦးအဖြစ်ပါဝင်ခွင့်ရရှိခဲ့သည်။ ဖဆပလအဖွဲ့ကြီး၏ ဗဟိုကော်မတီတွင် ကရင်အမျိုးသားခေါင်းဆောင် ကြီးများဖြစ်သော ဝတ်လုံတော်ရစောဘဦးကြီး၊ သရာသာထိုနှင့် မန်းဘခိုင် တို့ သုံးဦးတို့သည်လည်း ဖဆပလဗဟိုကော်မတီအဖြစ်ထည့်သွင်း ဖွဲ့စည်းခဲ့ကြသည်။

သရာသာထို (B.A.,B.L.) မူကား ကရင်အမျိုးသားရေးကိုဇောက်ချ ဆောင်ရွက်ပြီး၊ “ဒေါကလူ”ခေါ် ကရင်အမျိုးသားအသင်းကြီး ပြန်လည်ဖွဲ့ စည်းထူထောင်နိုင်ရေးကို အထူးစိတ်ဝင်စား၍ အကြိမ်ကြိမ်ညှိနှိုင်းကြသည်။ သို့ရာတွင် “ဒေါကလူ”အသင်းကြီး၏ လုပ်ငန်းများနှင့် ဦးဆောင်သူများသည် ခရစ်ယန်ဘာသာဝင်များဖြစ်၍ ခရစ်ယန်အဖွဲ့ကြီးအသွင်ဆောင်နေခြင်းကြောင့် ကရင်အမျိုးသား ဘာသာပေါင်းစုံ ပါဝင်နိုင်ရေးအတွက် ကေ-စီ-အို (ခေါ်) ကရင်ဗဟိုအဖွဲ့ချုပ် (Karen Central Organization) ကို (၁၉၄၆)ခုနှစ် တွင်ဖွဲ့စည်းနိုင်ခဲ့သည်။ ကေ၊ စီ၊ အိုအဖွဲ့တွင် ထင်ရှားသောပုဂ္ဂိုလ်များမှာ ဆရာစောသာဒင်(ဥက္ကဋ္ဌ)၊ ဝတ်လုံတော်ရစောဘဦးကြီး(ဒု-ဥက္ကဋ္ဌ)သရာ သာထို (အထွေထွေအတွင်းရေးမှူး)၊ မန်းဘခင်(ဘဏ္ဍာရေးမှူး) စသည်တို့ ပါဝင်သည်။

ကေစီအိုအဖွဲ့တွင်လူကြီးများသာပါဝင်သဖြင့်ယင်းကရင်လူကြီးများ ကိုကူညီရန်အတွက် ဗိုလ်စောထွန်းစိန် ဦးဆောင်သော ကရင်လူငယ်များအား ကေဝိုင်အို(ခေါ်)ကရင်လူငယ်များအဖွဲ့ (Karen Youth Organization) ကို ဖွဲ့စည်းကြသည်။ ကရင်လူငယ်အဖွဲ့တွင် ထင်ရှားသော ပုဂ္ဂိုလ်များမှာ ဗိုလ်စောထွန်းစိန်၊ စောဟံတာသာမွှေး၊ မန်းဘဇံ၊ စောဝေသော၊ မန်းဝင်းမောင်၊ စသည်တို့ဖြစ်သည်။ ကေစီအိုနှင့် ကေဝိုင်အိုတို့ အတူတကွ လက်တွဲ ဆောင်ရွက်နေချိန်တွင် ကရင်လူထုအတွင်း အမျိုးသားရေးနိုးကြားမှု ထွန်းကား တိုးတက်လာသည်။

ကေအင်ယူ ကရင်အမျိုးသားအစည်းအရုံး
ယင်းကဲ့သို့သော ကေစီအိုနှင့် ကေဝိုင်အိုတို့ လက်တွဲဆောင်ရွက် နေကြစဉ် ကေစီအိုက သုဝÀတိုင်းသတင်းစာကို ထူထောင်၍ ကေဝိုင်အိုတို့ က တိုင်းရင်းသားဂျာနယ်ကို ထူထောင်ကြသည်။

ထိုနှစ်ဖွဲ့တို့အကြားအရေးအသားသဘောထားကွဲမှုများမသိမသာ ပေါ်ပေါက်လာသဖြင့် ကရင်လူထု ကိုယ်စားလှယ် အစည်းအဝေး တရပ်ကို ရန်ကုန်မြို့၊ အလုံကရင်အမျိုးသားရပ်ကွက်ရှိ ဗင်တန်ခန်းမတွင် ကေစီအိုနှင့် ကေဝိုင်အိုတို့ကို တစုတည်းပေါင်း၍ ကေအင်ယူ (ခေါ်) ကရင်အမျိုးသားအ စည်းအရုံး (Karen National Union) ကို ဖွဲ့စည်းလိုက်ရာ ဥက္ကဋ္ဌအဖြစ် ပဒို စောစံဖိုသင်အားလည်းကောင်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် သရာ သာထို အားလည်းကောင်း ရွေးချယ်တင်မြှောက်ကြသည်။

ထိုအစည်းအဝေးသို့ ဆရာစောသာဒင်နှင့် စောဘဦးကြီးတို့တက် ရောက်နိုင်ခြင်းမရှိကြောင်း၊ လေ့လာရရှိသည်။ ဤ (၁၉၄၇)ခုနှစ်အတွင်း မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် ကြိုးပမ်းသည့်ကာလဖြစ်၍ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ကရင်အမျိုး သားခေါင်းဆောင်ကြီးစောဘဦးလည်း ကန္ဒီအစည်းအဝေးသို့ လိုက်ပါတက် ရောက်ခဲ့သည်။

ကေအင်ယူ ကရင်အမျိုးသားအစည်းအရုံးအနေနှင့် အစည်းအဝေး ဆုံးဖြတ်ချက်များချမှတ်ကာတောင်းဆိုချက်များပြုလုပ်ခဲ့ရာ အောင်မြင်မှု မရှိသဖြင့် စောဘဦးကြီးအား အစိုးရအဖွဲ့မှ နှုတ်ထွက်စေပြီး၊ ကေအင်ယူ ဥက္ကဋ္ဌအဖြစ်တင်မြှောက်ကြသည်။ ထိုအခါ လစ်လပ်သော ဝန်ကြီးနေရာသို့ စောစံဖိုးသင် ဝင်ရောက်ထမ်းဆောင်သည်။ ကေအင်န်ယူအနေနှင့် အခွင့်အရေး တောင်းဆိုသည့် ဆန္ဒပြပွဲများ အမြို့မြို့အရွာရွာတွင် ပြုလုပ်၍ ခေါင်းဆောင်ကြီးငါးဦးပါဝင်သောအဖွဲ့ကို အင်္ဂလန်သို့စေလွှတ်ရန် ရွေးချယ်ခဲ့သည်။

အဖွဲ့ဝင်တဦးဖြစ်သူ သရာသာထိုကမူ ရုံးလုပ်ငန်းများကြီးကြပ် ဆောင်ရွက်ရန်အတွက်နေခဲ့သည်။ အင်္ဂလန်သို့ သွားရောက်သည့် ကရင် ကိုယ်စားလှယ်အဖွဲ့သည် ကရင်အမျိုးသားတို့၏ အခွင့်အရေးကို တင်ပြတောင်းဆိုကြသည်။ သို့ရာတွင် အောင်မြင်မှု လုံးဝမရရှိခဲ့ချေ။

ထို့အပြင် ယင်း(၁၉၄၇)ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် မသမာသူတို့၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဝန်ကြီးမန်းဘခိုင်လည်း ကျဆုံးသွားခဲ့သည်။ ဝန်ကြီးစောဘဦးကြီးနေရာသို့ဝင်ရောက်သူ ဝန်ကြီး စောစံဖိုးသင်ကမူ အသက်ဘေးမှ လွတ်မြောက်လျက် ဝန်ကြီးအဖွဲ့တွင်ဆက်လက်၍ ပါဝင်နိုင်ခဲ့သည်။

ကရင်နှင့် ပင်လုံအစည်းအဝေး
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် တပ်မတော်နှင့် မဟာမိတ်တို့ ပူးပေါင်းတိုက်ခိုက်သဖြင့် ဖက်ဆစ်တို့ မြန်မာနိုင်ငံမှ ထွက်ခွာ သွားခဲ့ရပြီးနောက်၊ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အောင်ဆန်း-အက်တလီစာချုပ် ကို ချုပ်ဆိုနိုင်ခဲ့သည်။ နောက်ဆုံးတွင် တနိုင်ငံလုံးအတွက် တောင်တန်းဒေသ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဆွေးနွေးကြရသည်။ နောက်ဆုံးတွင် ပင်လုံမြို့တွင် ပြုလုပ်သောညီလာခံ၌ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြသည်။

ပင်လုံစာချုပ်ကို ကရင်တို့ မထောက်ခံ၊ မပါဝင်ကြောင်း၊ ရေးသား ချက်များ အကြိမ်ကြိမ်ဖတ်ရှုခဲ့ရသည်။ ထို့အပြင် ကရင်တို့သည် အင်္ဂလိပ် နယ်ချဲ့တို့၏ နောက်လိုက်များအဖြစ် စွပ်စွဲမှုများကိုပင်ခံခဲ့ရပြီး၊ အင်္ဂလိပ်တို့ မြှောက်ပေးသဖြင့် လက်နက်ကိုင် သောင်းကျန်းမှု ပြုခဲ့သည်အထိ မဟုတ်မမှန် စွပ်စွဲခြင်းခံခဲ့ရသည်။ အမှန်အားဖြင့် အင်္ဂလိပ်တို့သည် ကရင်တို့အားသွေးခွဲခြင်း၊ တပည့်မွေးခြင်းများ ပြုလုပ်ခြင်းမရှိပဲ၊ ကရင်တို့၏ရိုးသားမှုအပေါ် အခြေပြု၍ အခိုင်းအစေများအဖြစ်ပြုမူကြသည်။ ဤသည်မှာ ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီးနှင့် အဖွဲ့သွားရောက်တောင်းဆိုမှုအား လိုက်လျောခြင်း လုံးဝမပြုခြင်းက သက်သေထူနေသည်။ ကရင်ခေါင်းဆောင်ကြီးများသည် နိုင်ငံရေးနည်းကိုသာ လက်ကိုင်ထား၍ တောင်းဆိုခဲ့ခြင်းသာဖြစ်သည်။ ယင်းပင်လုံညီလာခံနှင့်မူ ပတ်သက်မှုရှိနေကြောင်းကိုမူကား ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းမှ ဦးစီးဆောင်ရွက်ခဲ့ရာ နောက်ဆုံးတွင် တနိုင်ငံလုံး လွတ်လပ်ရေးအတွက် တောင်တန်းဒေသမှတိုင်းရင်းသားခေါင်းဆောင်များနှင့်သွားရောက်ညှိနှိုင်းကြ ရသည်။ ထိုသို့ဆွေးနွေးရာ၌ ကရင်တို့မပါဝင်ခြင်းကြောင့် ဤသည်ကို သွေးကွဲစေသည့် အရေးအသားများဖြင့် အပြစ်ပုံ၍ချကြသည်။ အမှန်အား ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးခဲ့ကြစဉ်က ကရင်တို့သည် တောင်တန်းဒေသနှင့် သက်ဆိုင်မှုမရှိသည်ကတကြောင်း၊ အစည်းအဝေးတက်ရောက်ရန် ဖိတ်စာလည်း မရရှိခြင်းကတကြောင်း၊ စသည်တို့ကြောင့် မတက်ရောက်ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က အမြော်အမြင်ကြီးမားသော ကရင်အမျိုးသားခေါင်းဆောင်ကြီးသရာသာထို (ကေအင်န်ယူ အထွေထွေအတွင်းရေးမှူး)သည်ကေအင်န်ယူ ကိုယ်စားလှယ်အဖြစ် ဗိုလ်စောစံကေးနှင့် ဆရာစောဝီရီကျော်တို့ကို စေလွှတ်ခဲ့သည်။ ထို ပုဂ္ဂိုလ်နှစ်ဦးအပြင် ထိုအချိန်က ကရင်အမျိုးသားခေါင်းဆောင်အဖြစ် ကျော်ကြားခဲ့သောစောချစ်မောင်(ကျမ်းစာကျောင်းအုပ်ကြီးဒေါက်တာ ချစ်မောင်)ကလည်း လမ်းကြုံသဖြင့် လိုက်ပါသွားခဲ့ရသည်။ ထိုအချိန်တွင် အင်္ဂလန်မှအတိုက်အခံ မစ္စတာဘော့တွန်မလီလည်း ပင်လုံညီလာခံ အစည်း အဝေးသို့ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ကရင်အမျိုးသားခေါင်းဆောင် ကြီးသုံးဦး စီးနင်းလိုက်ပါသော ဂျစ်ကားသည် အင်္ဂလိပ်အမျိုးသားတဦး၏ မော်တော်ယာဉ်နောက်မှ လိုက်ပါသွားသည်။ အဆိုပါ ပုဂ္ဂိုလ် စီးနင်းလိုက်ပါ သောကားသည် လမ်းခရီးတွင် ခဏခဏပျက်သဖြင့် ပင်လုံသို့ ရောက်ရှိချိန်တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးသည့် အခမ်းအနား ပြီးဆုံးနေပြီဖြစ်သည်။ ညစာထမင်းစားပွဲတွင်ဝန်ကြီးဟောင်းစောလှဖေ(ပအို့ဝ်) ဦးလှဖေ သည် မိန့်ခွန်းပြောကြားခဲ့သည်။ ဖါပွန်တောင်တန်းဒေသ (Schedule II Area) မှ ကရင်အမျိုးသားခေါင်းဆောင် စောဒီဂေးအယ်လည်း မိမိအစီ အစဉ် ဖြင့်တက်ရောက်ခဲ့သည်။ ဆရာစောချစ်မောင်(ဒေါက်တာချစ်မောင်) သည် မိမိခရီးစဉ်အတိုင်း လွိုင်ကော်မြို့သို့ ခရီးဆက်ပြီး ဘုရားရှိခိုးကျောင်း အနုမောဓနာပြု အခမ်းအနားသို့ တက်ရောက်ရန် ထွက်ခွာသွားသည်။

သို့ဖြစ်၍ ကရင်အမျိုးသားခေါင်းဆောင်ကြီးများသည် ဖိတ်ကြားမှု၊ ပတ်သက်မှုမရှိစေကာမူ ပင်လုံအစည်းအဝေးသို့ ရောက်ရှိသွားသည်အထိ ကြိုးပမ်း၍ တက်ရောက်ခဲ့သည်။ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခွင့် မရရှိသော်လည်း ပြည်ထောင်စု စိတ်ဓာတ်ပြည့်ဝမှုကို ထင်ပေါ်စေသည်။

(၁၉၄၇)ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ကော်သူလေး
ကေအင်န်ယူသည် (၁၉၄၇)ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော် ရွေး ကောက်ပွဲကိုသပိတ်မှောက်ခဲ့သည်။ သို့ရာတွင် အမြော်အမြင် ကြီးမားသော ကေအင်န်ယူအထွေထွေအတွင်းရေးမှူး သရာထာထိုက ဆရာစောဝီရီကျော် အား ဖါပွန်မှယှဉ်ပြိုင်အရွေးခံရန် ခွင့်ပြုသည်။ ဆရာစောဝီရီကျော် အရွေးခံရ ပြီး (၁၉၄၇)ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရာတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော နိုင်ငံတော်ဖွဲ့စည်းရေး၊ ဆပ်ကော်မတီတွင် ပါဝင်ခဲ့သည်။ ကရင်ပြည်နယ်ပေါ်ပေါက်လာရေးအတွက် သံလွင်ခရိုင်ကို “ကော်သူးလေ” ဟူသောအမည်ဖြင့်ကို ရှေးကရင် ထားစီပ ခေါ် ရှေးဗျာဒိတ် လင်္ကာများရရှိခြင်းပင်ဖြစ်ရာ ထိုထားစီပတွင် အောက်ပါအတိုင်းတွေ့ရှိရသည်။
ပတရဲအို ပွါထီးတဂေး
ပတရဲအို ပွါးကော်တဂေး
ပွါကော်ဂေး ပွါထီးဘာပေါး
ပွါကော်ဂေး ပွါးကော်ဘာပေါး
ကကော်ထော်ကေး ကော်သူးလေး
ပွါသို့အော်မေး ပအော်မေး

အထက်ပါ ထားစိပ(ခေါ်)ဗျာဒိတ်လင်္ကာတွင် “ကော်သူးလေ” ဟူသော ကရင်တို့၏ဒေသအမည်ကို ဖော်ပြထားပြီး၊ တိုင်းတပါးကို မလိုလား နှင့် မိမိတို့၏ ကော်သူးလေကို ပြန်လည်ထူထောင်ပါဟူသော အဓိပ္ပါယ်ဖြစ်သည်။ “ကော်သူးလေ”၏အဓိပ္ပါယ်မှာ မကောင်းသော အမဲစက်များ ကင်းစင်ရာဒေသဟု အဓိပ္ပါယ်ရရှိသည်။

အခြေခံဥပဒေ ရေးဆွဲခြင်း မှုပီးဆုံးမီ သရာစောဝီရီကျော်သည် သထုံမြို့သို့ ပြန်လည်ထွက်ခွာအခြေချနေထိုင်ပြီး လွှတ်တော်သို့ တက်ရောက်ခြင်းမပြုတော့ချေ။ လစ်လပ်သွားသော နေရာသို့ ပဒိုစောစံဖိုးသင်က အစားဝင်၍ ပါဝင်ရေးဆွဲခဲ့သည်။ သို့ရာတွင် လွှတ်တော်အတွင်းရှိ ကရင်အမတ်များအနေနှင့် “ကော်သူးလေ”၏ အဓိပ္ပါယ်ကို ထုတ်ဖေါ်ရန် အခက်အခဲများရှိနေသည်။ ထိုအခါ ပဒိုစောစံဖိုးသင်က ကော်သူးလေ၏ အဓိပ္ပါယ် ကို မဖေါ်နိုင်လျှင် ”ကော်သူလေး”ဟူ၍ အမည်ပေးခဲ့သဖြင့် (၁၉၄၇)ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် “ကော်သူလေး” (Kaw Thu Lay) ဟူ၍တွေ့ရှိရသည်။ “ကော်သူလေး”အဓိပ္ပါယ်မှာ ”ကျောက်ဆောင်ပေါ်တွင် တည်ဆောက်ထားသောနိုင်ငံ” ဟူ၍ အဓိပ္ပါယ်ရှိသည်။

ကေအင်န်ယူ စောဘဦးကြီး၏ မူဝါဒ
ဝတ်လုံတော်ရစောဘဦးကြီးဦးဆောင်သည့် ကေအင်န်ယူအနေနှင့် “ကရင်တကျပ်သား ဗမာတကျပ်သား”ဟူသော တန်းတူညီမျှမှုကို ကြွေး ကြော်ချမှတ်ခဲ့ပြီး၊ ကိုယ့်ကြမ္မာကိုယ်ဖန်းတီးခွင့်ကို ဦးတည်ခဲ့သည်။ ကရင် လူထုအနေနှင့်လည်း ဥက္ကဋ္ဌစောဘဦးကြီး၏ မူကို ထောက်ခံလျက် အမျိုးသားရေးစိတ်ဓာတ်ဖြင့် တဆင့်ပြီးတဆင့် တိုးတက်တောင်းဆိုခဲ့ကြသည်။ ဝန်ကြီးချုပ်ဦးနုဦးဆောင်သည့် ဖဆပလ အစိုးရထံမှကျေနပ်ဖွယ်ရာတုန့်ပြန်မှုကို မရရှိခြင်းနှင့် အင်္ဂလိပ်အစိုးရထံမှလည်း လစ်လျူရှုခြင်းခံရသည်။ သို့ကြောင့် မိမိတို့သည် အမျိုးသားရေး လိုအပ်ချက်ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့ကြသည်။ ကရင်လက်နက်ကိုင်တပ်သားများသည် ရရာလက်နက်များဖြင့် နေရပ်ဒေသသို့ပြန်လည်ရောက်ရှိ၍ မိမိတို့ဘဝလုံခြုံရေးအတွက် ကာကွယ်ရေးအဖွဲ့အစည်းများဖွဲ့စည်းရာ ကေအင်န်ဒီအို (ခေါ်) ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (Karen National Defence Organization)ကို ဖွဲ့စည်း၍ မိမိတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ခဲ့ကြသည်။ သို့ဖြစ်၍ ကေအင်န်ယူသည် ကရင်အမျိုးသားနိုင်ငံရေးကို ဦးဆောင်၍ ကေအင်န်ဒီအို သည် ကရင်အမျိုးသားတို့၏ဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ ကေဝိုင်အို ခေါ် ကရင်အမျိုးသား လူငယ်အဖွဲ့အစည်းကို ဖျက်သိမ်းပြီး ကေအင်န်ယူ အဖြစ်သို့ ပေါင်းစည်းဖွဲ့စည်းလိုက်သည့် အချိန်မှစ၍ ယင်းအဖွဲ့ ခေါင်းဆောင်များသည် ယူကေအယ်လ် (ခေါ်) ကရင်အဖွဲ့ချုပ် (Union Karen League) ကို ဖွဲ့စည်းပြီး ဖဆပလအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ကြလေသည်။

ကေအင်န်ယူသည် ကရင်အမျိုးသားအခွင့်အရေးများကို တောင်းဆိုရာမှ ကရင်တို့အနေနှင့် နိုင်ငံရေးဆောင်ရွက်ချက်များ အရှိန်တိုးမြင့်ခဲ့ရာ နောက်ဆုံးတွင် သီးခြားပြည်နယ်အဆင့်သို့ပင် ဆိုက်ရောက်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး စောစမစ်ဒွန်းသည် တပ်မတော် တဖွဲ့လုံးအတွက် တာဝန်ရှိသည့်အားလျော်စွာ ကရင်လက်နက်ကိုင်တပ်များ လည်း ၄င်းလက်အောက်ခံ ဖြစ်လာသည်။ (၁၉၄၈)ခုနှစ် ဇန်နဝါရီလ (၄)ရက် နေ့ လွတ်လပ်ရေးအခမ်းအနားများတွင် ကရင်စစ်မှုထမ်းများက တာဝန် အပြည့်အဝ ယူဆောင်ရွက်ပေးနိုင်ခဲ့သည်။ လွတ်လပ်ရေးပွဲ အစမ်းလေ့ကျင့် သည့် အခမ်းအနားများတွင် ဗိုလ်မှူးစောအယ်ဒီဂျင်းသည် ယာယီသမတ၏ နေရာတွင်ပါဝင်ခြင်း၊ နိုင်ငံတော်သမတ စဝ်ရွှေသိုက်နှင့် အင်္ဂလိပ်ဘုရင်ခံတို့ နောက်ဆုံး အလံတင်ချ အခမ်းအနားတွင် ဗိုလ်မှူးစောအော်ဗီးဖိုးက ပြည် ထောင်စုမြန်မာနိုင်ငံတော်အလံတော်ကို ဆွဲတင်ခြင်း၊ ပြည်သူ့လွှတ်တော် အဆောက်အဦတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို လွှင့်တင်သူမှာ ဗိုလ်ကြီးစောချစ်စိန်(ရေ)တို့ဖြစ်သည်။ ထို့အပြင် သမတအား အလေးပြု အခမ်းအနားတွင် လေတပ်မှ ကရင်အမျိုးသားစစ်တီးဝိုင်းမှ စစ်ချီသီချင်များ တီးမှုတ်ခြင်းဖြင့် ထူးခြားသော လွတ်လပ်ရေး အခမ်းအနားကြီးကို တွေ့ရှိရသည်။

အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း အင်္ဂလိပ်တို့ထံ တင်ပြတောင်း ဆိုချက်များအပေါ် တုန့်ပြန်မှုမရှိခဲ့သည်တကြောင်း၊ ဦးနုအစိုးရ ဦးဆောင်သည့် ဖဆပလအစိုးရထံမှ ကျေနပ်ဖွယ်သော တုန့်ပြန်ချက်များမရ မရှိခြင်း ကြောင့်လည်းကောင်း၊ မူလနိုင်ငံရေးနည်းဖြင့် ဆောင်ရွက်ချက်များသည် လက်နက်ကိုင်လမ်းစဉ်သို့ ရောက်ကြရသည်။ ထိုသို့လက်နက်ကိုင်လမ်းစဉ် သို့ ပြောင်းလဲသွားရခြင်းကို ပြန်လည်ဆန်းစစ်သောအခါ အင်္ဂလိပ်၏ ထိရောက်သော သွေးထိုးမှုကိုလည်း မတွေ့ရှိရပေ။ ထိုအချိန်က တပ်မတော် ခေါင်းဆောင်ကြီးများဖြစ်ကြသော ဒုဗိုလ်ချုပ်ကြီးစောစမစ်ဒွန်း(ကာကွယ်ရေး ဦးစီးချုပ်) ဗိုလ်မှူးချုပ်စောကြာဒိုး၊ ဗိုလ်မှူးကြီး စောဆင်မြူရယ်ရှီးရှို (လေတပ် ဦးစီးချုပ်)တို့ကလည်း စွက်ဖက်ပတ်သက်မှု မရှိခဲ့ခြင်းတို့က သက်သေခံလျက်ရှိသည်။

ဤကဲ့သို့သော အခြေအနေမျိုးရှိနေစဉ်တွင် (၂၈၊ ၁၊ ၄၉)ရက်နေ့ ညတွင် အလုံစမ်းချောင်းရှိ ကရင်ရပ်ကွက်တွင် တင်းမာ စိုးရိမ်ဖွယ်ရာသော အခြေအနေများဖြစ်ပေါ်သဖြင့် ကေအင်န်ယူအထွေထွေအတွင်းရေးမှူးဖြစ်သူ သရာသာထိုသည် ဝန်ကြီးချုပ် ဦးနုထံ တယ်လီဖုံးဖြင့် ဆက်သွယ်၍ အခြေ အနေကို ထိန်းသိမ်းပေးပါရန်တင်ပြရာ ဦးနုက ထိုအစီအစဉ်ကို ဗိုလ်နေဝင်း က ဆောင်ရွက်ခြင်း ဖြစ်ကြောင်းပြောပြီး၊ ဗိုလ်နေဝင်းထံတိုက်ရိုက်စကားပြော စေခဲ့ပါသည်။ ဗိုလ်နေဝင်းကလည်း ကရင်အမျိုးသားတို့၏ အကျိုးအတွက် ဆောင်ရွက်ခြင်းဖြစ်၍ မိမိအစီအစဉ်ကို ယုံကြည်ရန်ပြောသည်။ သရာသာထိုအား လုံခြုံရေးအတွက် သင့်လျော်သောနေရာတခုတွင် အထူး အခွင့်အရေးများပေး၍ထားရှိသည်။ သို့သော် စမ်းချောင်း၊ သမိုင်း၊ ခဝဲခြံနှင့် အင်းစိန်တို့တွင် မလိုလားအပ်သည့် အနိဋ္ဌာရုံများ ပေါ်ပေါက်ခဲ့လေသည်။

ဥက္က့စောဘဦးကြီး၏ ငြိမ်းချမ်းရေးစိတ်ဓာတ်
ဤကဲ့သို့ ရန်ကုန်၊ သမိုင်း၊ အင်းစိန်တို့တွင် စတင်ခဲ့သော မီးပွား ကြောင့်ကေအင်န်ယူ၊ ကေအင်န်ဒီအိုနှင့် ကရင်လက်နက်ကိုင်တပ်ရင်း သုံးရင်းသည် တူညီသောခံယူချက်များ သို့ရောက်ရှိကြလေသည်။ သို့ဖြစ်၍ ဗိုလ် မှူးကြီးစောမင်းမောင်ဦးစီးသော ကရင်သေနတ်ကိုင်တပ်ရင်း(၁)ဗိုလ်မှူးကြီး စောမြမောင်ဦးစီးသော ကရင်သေနတ်ကိုင်တပ်ရင်း(၂)၊ ကရင်အမျိုးသား ဗိုလ်မှူးကြီးတဦး ဦးစီးသော ကရင်သေနတ်ကိုင်တပ်ရင်း (၃)တို့ သည်လည်း ယင်းတို့ ဒေသရှိမြို့များကို သိမ်းဆည်းခဲ့သည့်အပြင် ရန်ကုန်မြို့တော်ကို သိမ်းဆည်းရန် အဆင့်အထိသို့ပင် ကျဆင်းသွားသည်။ ထို့အပြင် ကွန်မြူနစ်တောခိုတပ်များ၊ အမ်အန်ဒီအို (ခေါ်) မွန်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့များ (Mon National Defence Organization) တို့နှင့်လည်းပေါင်းစည်း မိကြလေသည်။

သို့ရာတွင် ထိုအချိန်အခါက အမြော်အမြင်ကြီးမားသည့် ကရင်အမျိုးသားခေါင်းဆောင်ကြီးစောဘဦးကြီးသည် အကျိုးဆောင်များ၏ ကြား ဝင်စေ့စပ်မှုကြောင့် ငြိမ်းချမ်းရေးရရှိရန်အတွက် ကေအင်န်ယူတွဲဖက်အတွင်း ရေးမှူး ဆရာမန်းဂျိမ်းထွန်းအောင်နှင့်အတူ အင်းစိန်မှ ရန်ကုန်သို့လာရောက် ဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးကို ရယူနိုင်ခဲ့သည်။ ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးရန် အဆင့်သို့ ပင်ရောက်ရှိအောင်ဆောင်ရွက်ခဲ့သည်။ သို့သော်ငြိမ်းချမ်းရေး အောင်မြင်မှုမရရှိခဲ့ချေ။ ဒေါက်တာမောင်မောင် ၏ (Burma and the Constitution) စာအုပ်တွင် စောဟံတာသာမွှေးနှင့် ဗိုလ်မှူးစောအောင်စိန်တို့အပေါ် အပြစ်ပုံချခဲ့သည်။ ယင်းပုဂ္ဂိုလ် နှစ်ဦးကမူ ငြိမ်းချမ်းရေး သဘောတူစာချုပ်အပေါ် ပြောရန်အကြောင်းမရှိသော်လည်း ငြိမ်းချမ်းရေးစာချုပ်နှင့် ပူးတွဲထားသော အစီအစဉ်တွင် ဝန်ကြီးချုပ်ဦးနု ဦးဆောင်သော ဝန်ကြီးများအဖွဲ့သည် အင်းစိန်သို့ သွားရောက်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းရေး အစီအစဉ်သည် အောင်မြင်ခြင်းမရှိခဲ့ပါ။

ကရင်နှင့် ကရင်ပြည်နယ်
(၁၉၄၇)ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအ ခြေခံဥပဒေအရသံလွင်ခရိုင်ကို ကော်သူလေး (Kawthulay) အမည်ဖြင့် ကရင် တို့အတွက် ဒေသတခုပေါ်ထွန်းလာခဲ့သည်။

(၁၉၅၁)ခုနှစ်တွင် ပြဌာန်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက် အက်ဥပဒေအမှတ်-(၆၂)အရ၊ ကရင် လူမျိုးအများစု၍နေထိုင်ကြသော သံလွင်ခရိုင် (ဝါ) ကော်သူလေးဒေသနှင့် ဆက်စပ်ရာဒေသများကို မြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုအဖြစ်ဖြင့် ဖွဲ့စည်းခဲ့သည်။ “ကရင်ပြည်နယ်”ဟုခေါ်တွင်စေခဲ့ပြီး၊ ကရင်ပြည်နယ်၏ မြို့များမှာ ဖါပွန်၊ သံတောင်၊ ဘားအံ၊ ကြာအင်း ဆိပ်ကြီး၊ ကော့ကရိတ်နှင့် မြဝတီတို့ဖြစ်ကြသည်။

ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် မြန်မာနိုင်ငံတော်လှန်ရေးကောင်စီ နှင့်မုဆိုးကော်ကဆာ စောဟံတာသာမွှေး ဦးဆောင်သည့် ကရင်တော်လှန်ရေးကောင်စီတို့ ပြည်တွင်းငြိမ်းချမ်းရေးသဘောတူလက်မှတ်ရေးထိုးကြပြီးနောက် (၁၉၆၄)ခုနှစ်၊ ဧပြီလ(၃)ရက်နေ့မှစ၍ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေး ကောင်စီအစိုးရသည် ကရင်ပြည်နယ်ကို “ကော်သူးလေ” (Kawthoolei) ဟု ခေါ်တွင်စေခဲ့သည်။

သို့ရာတွင် များမကြာမီကာလတွင် ကေအာရ်စီခေါ် ကရင်တော် လှန်ရေးကောင်စီ၏တပ်မဟာ(၅)မှ တပ်မင်းစောလင်းထင် လုပ်ကြံသတ်ဖြတ်ခြင်းခံရပြီးနောက် အခြေအနေများလည်း ပြောင်းလဲသွားသည်။ ကေအာရ်စီ ခေါင်းဆောင်များ မြို့ပေါ်သို့ ရောက်ရှိ၍ ဗိုလ်စောလင်းထင်တပ်မဟာမှ စစ်ဗိုလ် အချို့  (၉)နှစ်ကျော်မျှ အကျဉ်းချခံရပြီး၊ သာမန်တပ်သားများကမူ တောတွင်းသို့ ပြန်လည် ရောက်ရှိကုန်ကြသည်။

(၁၉၇၄)ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမတ မြန်မာနိုင်ငံ တော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ”ကော်သူလေး” ဟူသောအမည်ကို “ကရင်ပြည်နယ်”ဟူ၍ ပြန်လည်ပြဌာန်း လိုက်သည်ကို တွေ့ရှိရသည်။

ကရင်လူမျိုးတို့၏ လက်ရှိအခြေအနေ
ကရင်တိုင်းရင်းသားလူမျိုးတို့သည် ယဉ်ကျေးမှုရိုးရာဓလေ့နှင့် ဘာ သာစကား၊ စာပေအရေးအသား၊ ဝတ်စားဆင်ယင်မှု၊ အမျိုးသားအလံတော်နှင့် အမျိုးသားသီချင်း၊ ရိုးရာပြက္ခဒိန်၊ ပြည်နယ်နှင့် ပြည်နယ် အလံ တော်အစရှိသော လူမျိုးတမျိုးတွင် ရှိအပ်သောဂုဏ်အင်္ဂါများဖြင့် ပြည့်စုံလျက်ရှိသည်။ ဘာသာစကားနှင့် စပ်လျဉ်း၍ Language and the right to communicate စာအုပ် စာမျက်နှာ(၃)ရှိ What fate awaits the World’s language ဆောင်းပါးတွင် Tove Skutnabb-Kangas သုတေသနဖေါ်ပြချက် Table I ရှိ “208 languages with more than 1 million native users” တွင် Burmese, Karen, Shan ဟူ၍ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုသုံးမျိုး၏အမည်ကို တွေ့ရှိရပါသည်။ ကရင်လူမျိုးသည် မြန်မာနိုင်ငံ၏ ဒုတိယလူဦးရေ အများဆုံး လူမျိုးဟူ၍ မှတ်တမ်းတင်ထားပြီး၊ တနိုင်ငံလုံး၏ (၉)ရာခိုင်နှုန်း ကျော်ရှိကြောင်း၊ (၁၉၂၁)ခုနှစ် သန်းခေါင်စာရင်း အရတွေ့ရှိရသည်။ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း ကရင်လူမျိုးသည် မြန်မာနိုင်ငံလူဦးရေ၏ အဖျင်းဆုံးဆယ်ပုံတပုံရှိပြီး၊ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နေသူရိန် အစည်းအဝေး မိန့်ခွန်း၌ မြွက်ကြားခဲ့သည်ကိုတွေ့ရသည်။

မြန်မာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လည်းကောင်း၊ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး သည်လည်းကောင်း၊ လွတ်လပ်ရေးကြိုးပမ်းသည့်ကာလတွင် အတူတကွလက်တွဲ ဆောင်ရွက်ခဲ့ကြသည့် ခေါင်းဆောင်ကြီးများ ဖြစ်ကြသည်။ သို့ရာတွင် လွတ်လပ်ရေးမရမီ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားရပြီး၊ လွတ်လပ်ရေးရပြီးနောက် မကြာမီတွင် စောဘဦးကြီး ကျဆုံးသွားခဲ့ရသည်။ ဇူလိုင်လ (၁၉)ရက် နေ့ရောက်လျှင် စောဘဦးကြီးနှင့် ဗိုလ်ချုပ်စောစံကေးတို့ကို အောက်မေ့ သတိရနေကြသည်။

တည်တံ့ခိုင်မြဲ၍ စစ်မှန်သောပြည်ထောင်စုကြီးသို့
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကြောင့် (၁၉၄၇)ခုနှစ်ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထွက်ပေါ်ခဲ့ပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးသည် (၁၉၄၈)ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် လွတ်လပ်ရေးကို ရရှိခဲ့သည်။ တပ်မတော်၏ အလိုအတိုင်းရေးဆွဲခဲ့သော (၁၉၇၄)ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ်သမတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းနိုင်ခဲ့သော်လည်း (၁၉၈၈)ခုနှစ်တွင် တပ်မတော်မှ အာဏာသိမ်း၍ ဖျက်သိမ်းလိုက်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတွင် ပေါ်ထွန်းခဲ့သည့် အခြေခံဥပဒေ (၂)ရပ်စလုံး ဖျက်သိမ်း၊ ရပ်စဲခြင်းခံခဲ့ရပါသည်။ (၁၉၈၈)ခုနှစ်မှစ၍ ယနေ့တိုင် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမရှိသည့် အခြေသို့ ရောက်ရှိနေသည်မှာ (၁၁)နှစ်ကျော်မျှပင် ရှိနေပြီဖြစ်ပေသည်။

လက်ရှိပြည်နယ်(၇)ပြည်နယ်နှင့်တိုင်း(၇)တိုင်းတို့ဖြင့် ဖွဲ့စည်းတည် ထောင်ထားသည့် ပြည်နယ်နှင့် တိုင်းပေါင်းစု ပြည်ထောင်စုအဆင့်မှ တန်း တူရည်တူကိုအခြေခံလျက် ခေတ်မီတိုးတက်ဖွံ့ဖြိုးအေးချမ်းယာယာ၍ စစ်မှန်သော ပြည်ထောင်စုကြီးအဖြစ်သို့ အလျင်အမြန် ဖွဲ့စည်းနိုင်ရန် လိုအပ်နေပါသည်။ ပြည်ထောာင်စုမြန်မာနိုင်ငံ တိုင်းရင်းသားအားလုံး၏ အကျိုးကိုရှေးရှုလျက်-
၁) အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များဦးဆောင်သည့် အင်အယ်လ်ဒီ(ခေါ်) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊
၂) နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှပုဂ္ဂိုလ်များ၊
၃) တိုင်းရင်းသားလူမျိုးများကိုကိုယ်စားပြုသည့်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်း ဆောင်ရွက်ကြလျှင် တည်တံ့ခိုင်မြဲ၍ စစ်မှန်သော ပြည်ထောင်စုကြီး မလွဲမသွေတည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂကြီးနှင့်လည်း ထိုကဲ့သို့ပင် သုံးပွင့်ဆိုင် ညှိနှိုင်း ဆွေးနွေးရေးကို ချမှတ်လျက် နိုင်ငံတကာမှလည်း အကောင်အထည်ဖေါ်ရန် တောင်းဆိုနေကြပြီဖြစ်သည်။ ထိုသို့ ဆောင်ရွက်မှသာလျင် လွတ်လပ်ရေး ဗိသုကာနှင့်တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သော နိုင်ငံ တော်သစ်ကြီးဆီသို့ ရောက်ရှိမည်ဟူ၍လည်း ယုံကြည်ပါသည်။ ကရင်တို့သည် နိုင်ငံထူထောင်ရာတွင် တန်းတူရည်တူ ထမ်းဆောင်နိုင်သော အရည်အချင်းများရှိနေသည်ဖြစ်ရာ ပါဝင်ခွင့်ရလျှင် တမူထူးခြားစွာ ဆောင်ရွက်နိုင်မည်ဟူ၍လည်း ယုံကြည်ပါသည်။

ယခုသက္ကရာဇ် (၂ဝဝဝ)ပြည့်နှစ် ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့မှ စတင်၍ တန်းတူရည် တူဖြင့် စစ်မှန်သော ဒီမိုကရေစီပြည်ထောာင်စု မြန်မာနိုင်ငံကြီး ပေါ်ထွန်းရေးကို သံန္နိဋ္ဌာန်ချမှတ် တည်ဆောက်ကြပါစို့ဟူ၍ ဆန္ဒပြုမေတ္တာရပ်ခံလိုက်ပါသည်။ ။

စောကညော်

Read More...